Top News

■ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရရှိလိုသည်ဟု အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာ ပြောကြား
24htopnews | November 27, 2024 2:12 PM CST

အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာက ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်ခွင့် ရရှိလိုသည်ဟု ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် လက်ရှိအချိန်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အဆင့် (၁၂)နေရာသို့ ရောက်ရှိနေသည်။

ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အမှတ်ပေးဇယား ထိပ်ဆုံး (၈)နေရာ၌ ရပ်တည်နိုင်သည့်အသင်းများသာ ရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး အဆင့် (၉)နေရာမှ အဆင့် (၂၄)နေရာအတွင်း ရရှိသည့်အသင်းများမှာ  ပွဲစဉ်များ ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။

ထို့ကြောင့် အာဆင်နယ်အသင်းအနေဖြင့် လက်ကျန် (၄)ပွဲတွင် ရလဒ်ကောင်းရယူနိုင်ရန် လိုအပ်နေပြီး ယခုတစ်ပတ် ယှဉ်ပြိုင်ကစားရမည့် စပို့တင်းလစ္စဘွန်းနှင့်ပွဲမှာ အရေးပါသော ပွဲတစ်ပွဲဖြစ်နေသည်။

စပို့တင်းလစ္စဘွန်းအသင်းသည် လက်ရှိအချိ်န်၌ (၃)ပွဲနိုုင်၊ (၁)ပွဲသရေရလဒ်ဖြင့် အမှတ်ပေးဇယားဒုတိယနေရာတွင် ရပ်တည်နေသည့်အသင်းဖြစ်ပြီး ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီးကို ဂိုးပြတ်အနိုင်ယူထားခဲ့သည်။

ထို့ကြောင့် အာဆင်နယ်အသင်းအနေဖြင့် အဝေးကွင်းတွင် ရုန်းကန်ရဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ယင်းအခြေအနေတွင် ဒေးဗစ်ရာယာက ''ကျွန်တော် ဒီရာသီမတိုင်ခင်မှာ ချန်ပီယံလိဂ်ကို တစ်ရာသီပဲ ကစားဖူးပါတယ်။ ဒီရာသီကတော့ ခြားနားသွားပါတယ်။ (၃)မှတ်ရဖို့က ပွဲတိုင်းမှာ အရေးကြီးပါတယ်။ ကျွန်တော်တို့ လိုချင်တာကတော့ နောက်တစ်ဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရဖို့ပါ။ ချန်ပီယံလိဂ်က အကောင်းဆုံးပြိုင်ပွဲတစ်ခုဖြစ်တာကြောင့် ယှဉ်ပြိုင်ခွင့်ရတာကို ကျွန်တော်တို့ တကယ်ပျော်ပါတယ်''ဟု ပြောကြားခဲ့သည်။

စပို့တင်းလစ္စဘွန်းအသင်းသည် နည်းပြ အာမိုရင်မ် မန်ယူအသင်းထံ ပြောင်းရွှေ့သွားသည့်အတွက် အာဆင်နယ်နှင့်ပွဲတွင် နည်းပြသစ် ဂျော်အိုပယ်ရေရာက ကိုင်တွယ်မည်ဖြစ်သည်။

၎င်းက ''ပြိုင်ဘက်ကို လေးစားပေမဲ့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကိုပဲ အာရုံစိုက်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ပုံစံကောင်းကို ဆက်ပြီးပြသသွားချင်ပါတယ်။ အာဆင်နယ်က အရမ်းတောင့်တင်းတဲ့အသင်းဖြစ်ပေမဲ့ ကျွန်တော်တို့ ယုံကြည် မှုအပြည့်ရှိပါတယ်''ဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK