Top News

နိုင်ငံပိုင်ငွေကြေး ခိုင်မာစေရန်အတွက် ပြည်တွင်း၌ ကျပ်ငွေသုံးစွဲရန် ညွှန်ကြားချက်အား လိုက်နာဆောင်ရွက်ခြင်းမရှိပါက မည်သို့အရေးယူမည်ကို ပြည်သူလူထုထံအသိပေး၍ ပညာပေးကာလတစ်ခု သတ်မှတ်ပြီး အကောင်အထည်ဖော်မည်ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောကြား
24htopnews | November 25, 2024 10:12 AM CST

 

နိုင်ငံပိုင်ငွေကြေးခိုင်မာစေရန်အတွက် ပြည်တွင်း၌ ကျပ်ငွေသုံးစွဲရန်ညွှန်ကြားချက်အား လိုက်နာဆောင်ရွက်ခြင်းမရှိပါက မည်သို့အရေးယူမည်ကို ပြည်သူလူထုထံ အသိပေး၍ ပညာပေးကာလတစ်ခု သတ်မှတ်ကာ အကောင်အထည်ဖော်မည့်အပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲရေးဥပဒေကို ခိုင်မာစေရန်အတွက် အမြန်ဆုံးပြင်ဆင်နိုင်ရန် ဆွေးနွေးထားဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောကြားသည်။

နေပြည်တော်၌ နိုဝင်ဘာ ၂၀ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ကယားပြည်နယ်မဲဆန္ဒနယ် အမှတ် (၉) မှ ဦးစိုးသိန်းက နိုင်ငံပိုင်ငွေကြေး ပိုမိုခိုင်မာလာစေရန်နှင့် တရားမဝင်ငွေကြေး သုံးစွဲမှုများကို ထိန်းချုပ်နိုင်ရန် နိုင်ငံခြားသုံးငွေအား မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပြည်တွင်း၌ ကျပ်ငွေအဖြစ် လဲလှယ်သုံးစွဲစေရန် တွန်းအားပေးမည့် အစီအမံများ ရှိ၊ မရှိ သိရှိလိုကြောင်းမေးမြန်းမှုအပေါ်တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံခြားငွေနဲ့စျေးနှုန်းသတ်မှတ်ကာ ပေါက်စျေးနှုန်းထက် ပိုမိုသောနှုန်းထားနဲ့ တွက်ချက်ရယူတဲ့ လုပ်ငန်းတွေ၊ နိုင်ငံခြားငွေနဲ့ လက်ခံရယူလျက်ရှိတဲ့ ဟိုတယ်တွေ၊ ကျောင်းတွေ၊ ကျောက်မျက်ရတနာဆိုင်တွေကို ကြပ်မတ်ကွပ်ကဲရန်မှာ တိုင်းဒေသကြီး နဲ့ ပြည်နယ်အစိုးရတွေ ပူးပေါင်းဆောင်ရွက်မှ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်း၌ ကျပ်ငွေနဲ့သာသုံးစွဲရန် ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက မည်သို့အရေးယူမည်။ အရေးယူခြင်းကို မည်သည့်ကာလမှာ စတင်မည်တို့ကို ပြည်သူလူထုသို့ အသိပေးပြီး ပညာပေးကာလတစ်ခု သတ်မှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ စီစဉ်လျက်ရှိပါတယ်”ဟု ဦးဘိုဘိုငယ်က ပြောကြားသည်။

ပြည်တွင်းသုံးကျပ်ငွေဖြင့် သုံးစွဲရေးဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အားနည်းချက်တစ်ခုမှာ ဟိုတယ်များ၊ နိုင်ငံတကာကျောင်းများ၊ လေကြောင်းလိုင်းများ၊ ကျောက်မျက်ရတနာအရောင်းဆိုင်များ စသည်တို့တွင် ငွေလဲလှယ်နှုန်းအတက်အကျကြောင့် ၎င်းတို့၏ ဝန်ဆောင်ခ၊ ပစ္စည်းစျေးနှုန်းများအား နိုင်ငံခြားငွေဖြင့် ပုံသေသတ်မှတ်ပြီး မြန်မာငွေဖြင့် လက်ခံသော်လည်း ၎င်းတို့ တွက်ချက်ရယူသည့် ငွေလဲလှယ်နှုန်းမှာ ပြင်ပပေါက်စျေးနှုန်းထက် မြင့်နေသောကြောင့် သုံးစွဲသူများအနေဖြင့် ကျပ်ငွေဖြင့် ပေးချေပါက ပိုမိုကျသင့်သည့်အတွက် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ)ကိုသာ ပေးချေသုံးစွဲလျက်ရှိသည်ကို တွေ့ရကြောင်း ဦးဘိုဘိုငယ် က ဆိုသည်။

“မကြာခင်မှာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲရေးဥပဒေကို လွန်ခဲ့တဲ့ ၂၀၁၂  ခုနှစ်က ရေးဆွဲခဲ့တာပါ။ ဖြည့်စွက်စရာအချို့အချက်တွေရှိပါတယ်။ လွှတ်တော်နဲ့လည်းတိုင်ပင်ပြီးတော့ လုပ်နေပါတယ်။ ဥပဒေပိုင်းက ခိုင်မာအောင် ပြုပြင်စရာရှိတာတွေကို ပြုပြင်ရမှာပါ။ မြန်မြန်ဆန်ဆန် ပြင်ဆင်နိုင်အောင် ကြိုတင်ဆွေးနွေးထားတာ ရှိပါတယ်။ ပြီးတော့ ဘယ်နိုင်ငံမှ မဆိုတော့ ပြည်တွင်းသုံးငွေကို ပြီးခဲ့တဲ့ အခေါက်ကဆိုရင် ပြည်တွင်းဘဏ်တွေကို နိုင်ငံခြားသုံးငွေချေခွင့်ပြုပါဆိုတဲ့ တင်ပြတာ တွေရရှိပါတယ်။ကျွန်တော်တို့ အကြောင်းပြန်ထားကတော့ ကျွန်တော်တို့နိုင်ငံအတွင်းမှာ ရောင်းဝယ်မှုတွေကို ပြည်တွင်းငွေနဲ့ပဲ ဖြစ်ရမယ်။ ဒီပြင်နိုင်ငံတွေမှာလည်း ဘယ်နိုင်ငံမှာဖြစ်ဖြစ် နိုင်ငံခြားငွေနဲ့စာရင်းဖွင့်လို့ မရပါဘူး။ ဥပမာ-စင်္ကာပူသွားတယ်ဆိုရင် အမေရိကန်ဒေါ်လာ ယူသွားတယ်ဆိုပါစို့။ အဲဒါနဲ့အကောင့်ဖွင့်လို့ မရပါဘူး။ ကျွန်တော်တို့ဆီမှာက အမေရိကန်ဒေါ်လာနဲ့ အကောင့်ဖွင့်လို့ရတယ်ဆိုတာ တော်တော်လေးကို လိုက်လျောမှုလုပ်ထားတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ ရောင်းတာဝယ်တာတွေမှာ ဒေါ်လာ သုံးတာမဖြစ်ဖို့ကတော့ ပြန်ပြီးလေ့လာနေပါတယ်။ နိုင်ငံခြားငွေ စီးဝင်စီးထွက်မှုတွေရော၊ အဓိကကတော့ နိုင်ငံခြားငွေနဲ့ ပေးချေမှုတွေမှာပေါ့။ အဓိကçကတော့ ပြည်တွင်းသုံးစွဲမှုပေါ့” ဟု ၎င်းက ပြောကြားသည်။

ယခင်က နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေမှာ ရာခိုင်နှုန်း ၁၀၀ ဖြစ်ပြီး ဗဟိုဘဏ်မှ ချေးငွေထုတ်ချေးခဲ့ရကြောင်း၊ သို့သော် ပြီးခဲ့သည့် ဧပြီမှ စက်တင်ဘာအထိ ခြောက်လဘတ်ဂျက်တွင်မူ နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေမှာ ရာခိုင်နှုန်း ၂၀ သာရှိခဲ့ကြောင်းနှင့် ဘတ်ဂျက်လိုငွေ သုညရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် အဆင့်ဆင့် လုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့အတွက် အရေးကြီးဆုံး အချက်ကတော့ နိုင်ငံတော်အနေနဲ့ လိုအပ်တဲ့အခွန်တွေရရှိအောင်။ ဒါမှ နိုင်ငံတော် အနေနဲ့ အခွန်တွေရရှိအောင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ငွေချေးတဲ့ကိစ္စက လျော့သွားမှာ ဖြစ်ပါတယ်။ အခုဆိုရင် အများကြီးလျော့လာပါပြီ။ အခုဆိုရင် ရာခိုင်နှုန်း ၂၀ ၊ ပြီးခဲ့တဲ့ ဧပြီလကနေ စက်တင်ဘာလအထိ ခြောက်လ ဘတ်ဂျက်မှာဆိုရင် ရာခိုင်နှုန်း ၂၀ ပဲရှိပါတယ်။ လိုအပ်တဲ့အစိုးရရဲ့ ဘတ်ဂျက်လိုငွေကိုပေါ့။ အရင်ကဆိုရင် ၁၀၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်က ချေးရတာဖြစ်ပါတယ်။ ၁၀၀ ရာခိုင်နှုန်းအပြည့်ချေးရတဲ့ အခါမှာ ဒါတွေဟာ ငွေအသစ်တွေဖြစ်လာပြီးတော့ ပြည်တွင်းငွေရဲ့တန်ဖိုး ကျဆင်းစေတာပေါ့။ ဒါကြောင့်မို့ ဒါတွေကို လျှော့ချလာတဲ့အခါမှာ မကြာခင်မှာလည်း လုံးဝအပြီးသတ်ပြီးတော့ သုညရောက်သွားအောင် အဆင့်ဆင့် လုပ်နေတာရှိပါတယ်။ ဒါတွေက ချက်ချင်းကြီးတော့ လုပ်လို့ရတာမဟုတ်ပါဘူး။ အချိန်တစ်ခုတော့ ယူရပါမယ်။ ကိုယ့်တိုင်းပြည်ရဲ့ ငွေကြေးတန်ဖိုးကျနေတဲ့ ကိစ္စက ကျွန်တော်တို့ပြည်သူတွေအတွက် ဒေါ်လာကိုင်ဖို့က မက်လုံးတစ်ခုဖြစ်နေတယ်။ စျေးကျတဲ့ကိစ္စက နိုင်ငံတော်ရဲ့ အခွန်ရရှိတဲ့အပေါ်မှာလည်း ဆက်စပ်နေပါတယ်။ နိုင်ငံတော်မှာလည်း ရသင့်ရထိုက်တဲ့ အခွန်မရဘူးဆိုရင် သုံးစရာရှိတာ သုံးရမှာပေါ့။ ပြည်တွင်းမှာရှိတဲ့ ကျောင်းတွေ၊ တံတားတွေ၊ ဆေးရုံတွေ ဒီဘက်တွေမှာ တရားဥပဒေစိုးမိုးရေး စတာတွေမှာ ငွေက မသုံးမဖြစ်သုံးနေရမယ်ဆိုရင် သုံးနေရတဲ့ငွေကို နိုင်ငံတော်အနေနဲ့ ဘယ်လိုရှာမလဲဆိုတာ ဖြစ်လာပါတယ်။ အခွန်မရဘူးဆိုရင်တော့ ဗဟိုဘဏ်ကနေ ချေးယူတာတွေ ဖြစ်လာပါတယ်။ အခွန်စနစ်ပြောင်းလဲဖို့ဆိုတာ ကျွန်တော်တို့အတွက် တော်တော် အရေးကြီးပါတယ်။ အခွန်ပေးတဲ့အလေ့ အထကိုလည်း ပြည်သူတွေကလိုက်နာဖို့လည်း အရေးကြီးပါတယ်။ ဒေါ်လာကို ပိတ်တာထက်စာရင် ကျပ်ငွေရဲ့တန်ဖိုး ခိုင်မာစေဖို့အတွက် လျော့နည်းစေတဲ့အကြောင်း ရင်းတွေကိုရှာပြီးတော့ တဖြည်းဖြည်းနဲ့ ပပျောက်သွားအောင် လုပ်ရမှာဖြစ်ပါတယ်။ အချိန်ယူပြီးတော့ လုပ်ရမှာဖြစ်ပါတယ်။ နိုင်ငံခြားငွေပေးချေမှုတွေကို ပြန်ပြီးတော့ လေ့လာနေတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်၊ ဆယ့် ငါးနှစ်ကဆိုရင် စာရင်းဇယားတွေမရှိဘဲနဲ့ ဒီနေ့ဆိုရင်တော့ စာရင်းဇယားတွေရှိလာပြီ ဖြစ်ပါတယ်။ လေ့လာပြီးတော့ ဘယ်နေရာမှာ ဘယ်မူဝါဒတွေပြောင်းပြီးတော့ ဘယ်လိုနည်း နဲ့ ပြည်တွင်းငွေခိုင်မာမှု အထောက်အကူဖြစ်မလဲ လေ့လာနေပါတယ်။ အဲဒီတော့ အချိန်တော့လုပ်စရာရှိတာကိုတော့ စနစ်တကျလုပ် ရမှာပေါ့။ ဘယ်အချိန်မှာ ထုတ်ပြန်မယ်ဆိုတာတော့ ထုတ်ပြန်သွားမှာပါ” ဟု ဦးဘိုဘိုငယ်က ရှင်းပြသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၆၃ ပါ ပြဋ္ဌာန်းချက်အရ လည်းကောင်း၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၈ ပါ ပြဋ္ဌာန်းချက်အရလည်းကောင်း၊ နိုင်ငံတော်အတွင်း နိုင်ငံခြားငွေဖြင့် ပေးချေခြင်း၊ လွှဲပြောင်းခြင်းကို သာမန်အားဖြင့် ဆောင်ရွက်ခွင့်မရှိကြောင်း၊ နိုင်ငံတော်အတွင်းငွေကြေးဖြင့် ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲပြောင်းခြင်းတို့ကို ကျပ်ငွေဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ပြီး မဖြစ်မနေ နိုင်ငံခြားငွေဖြင့် ပေးချေခြင်း၊ လွှဲပြောင်းခြင်းများကို ဆောင်ရွက်ရန် လိုအပ်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ကို တောင်းခံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေဖြင့် ပေးချေရန်လိုအပ်သည့် ကိစ္စရပ်များအတွက် စာရင်းပြောင်းနည်းလမ်းဖြင့် လွှဲပြောင်းခွင့်ပြုထားပြီးဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

 


READ NEXT
Cancel OK