တနသာင်္ရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား ဒေသခံများက တိုင်ကြားထားမှုနှင့် ပတ်သက်ပြီး NLD ပါတီ က ခေါ်ယူမေးမြန်းခဲ့ကြောင်း တိုင်ကြားထားသူများက ပြောကြားသည်။
တနသာင်္ရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား စစ်ဆေး အရေးယူပေးရန် ဇန်နဝါရီ ၂၃ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)သို့ တိုင်ကြားစာ ပေးပို့ထားခြင်းဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက်တွင် ဒေသခံအချို့အား ပါတီရုံးချုပ်သို့ ခေါ်ယူ၍ စတင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
NLD ပါတီ (ဗဟို) မှ ဒေါက်တာ မျိုးညွန့်၊ ဦးကျော်ဟိုးနှင့် ဦးတိုးလွင်တို့က တိုင်ကြားသည့် ဒေသခံအချို့အား ခေါ်ယူမေးမြန်းခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ မေးမြန်းရာတွင် စာသက်သေ၊ ဓာတ်ပုံသက်သေ အထောက်အထားများသာမက လူသက်သေပါ ထပ်မံ တောင်းခံခဲ့ကြောင်း တိုင်ကြားထားသူများက ပြောကြားသည်။
“သူတို့က လူသက်သေ တောင်းတယ်။ ဓာတ်ပုံသက်သေ အထောက်အထား စာချုပ်သက်သေ အားလုံးရှိနေတာတောင် လူသက်သေ ထပ်တောင်းတယ်။ ဒီလို လူသက်သေတောင်းတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အတွက်တော့ အခက်အခဲ ဖြစ်တာပေါ့။ လူသက်သေက တကယ်လို့ သူတို့ခေါ်စစ်တဲ့အချိန် သွားမစစ်ခံနိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ သူတို့ လာစစ်ရမယ့်ဟာကို အဝေးကနေပြီးတော့ လုပ်ထုံးလုပ်နည်းဆိုတာပဲ လုပ်နေတယ်။ လူသက်သေ ခေါ်စစ်မယ်ဆိုလည်း စစ်လို့ရအောင် နာမည်တော့ ပေးခဲ့တယ်။ ဒါပေမဲ့ အခုအခြေအနေက ဘယ်လိုမျိုးလဲဆိုတော့ လူသက်သေ ခေါ်ခိုင်းတာက တိုင်တဲ့သူတွေကို ထောင်ခြောက်ဆင်တာနဲ့ တူနေသလို ဖြစ်နေတယ်”ဟု အစစ်ခံခဲ့ရသည့် တိုင်ကြားစာပေးပို့ရာတွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။
ဒေသခံ ၄၀ ကျော် လက်မှတ်ရေးထိုးထားသည့် တိုင်ကြားစာတွင် ပါဝင်သည့် အဓိကအချက်များမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက်အရ အစိုးရအဖွဲ့ဝင်များ၏ ဇနီး၊ ခင်ပွန်း၊ ဆွေမျိုးစပ်များကို ဌာနဆိုင်ရာ အဖွဲ့အစည်းများတွင် ကိုယ်ရေးအရာရှိ ရာထူးတာဝန်များ ခန့်အပ်ခြင်း မပြုရဟု စာထုတ်ထားသော်လည်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၏ ကိုယ်ရေးအရာရှိအဖြစ် ၎င်း၏ ခဲအိုတော်စပ်သူ NLD ပါတီ တိုင်းဥက္ကဋ္ဌ ဦးအောင်စိုး (NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်) ၏ သမီးအား စည်ပင်ဝန်ထမ်းအဖြစ် အယောင်ပြကာ ခန့်ထားခြင်းနှင့် စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းကလည်း ၎င်း၏ ညီကို ကိုယ်ရေးအရာရှိအဖြစ် ခန့်ထားခြင်း၊ ဦးအောင်စိုး၏ သမီးကို NLD ထားဝယ်ခရိုင် အမျိုးသမီးတာဝန်ခံအဖြစ် ခန့်ထားပြီး ၎င်း၏ခင်ပွန်းမှာ အစိုးရအား ဂက်စ်ဖိုးငွေ အကြွေး ကျပ် ရှစ်ဘီလျံကျော် ပေးဆပ်ရန် ကျန်နေသော ထားဝယ်ခရိုင် လျှပ်စစ်လုပ်ငန်းလုပ်ကိုင်နေသည့် GGS ကုမ္ပဏီ၌ တာဝန်ခံရာထူး ရယူထားခြင်း၊ ဝန်ကြီးချုပ်၏သားမှာ ဝန်ကြီးချုပ်၏ မဲဆန္ဒနယ်ဖြစ်သည့် သရက်ချောင်းမြို့နယ်ရှိ အစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်သော ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ တင်ဒါအောင် ကုမ္ပဏီများနှင့် ရှယ်ယာဝင် လုပ်ကိုင်ခြင်းအပြင် ဒေသခံများ ကျောက်ထုတ်ခွင့်လိုင်စင်ရရန် ခက်ခဲကြန့်ကြာသော်လည်း ၎င်းမှာ လိုင်စင်အလွယ်တကူ ရရှိ၍ ကိုယ်ပိုင်ကျောက်မိုင်းနှင့် ကျောက်ထုတ်လုပ်သည့် လုပ်ငန်းများ လုပ်ကိုင်နေပြီး ကျောက်လုပ်ငန်း တင်ဒါများ၌ ပြိုင်ဘက်မရှိ တင်ဒါအောင်မြင်ခြင်း၊ သရက်ချောင်းမြို့နယ်အတွင်း ကွန်ကရစ်လမ်း သုံးမိုင်အား ခွင့်ပြုငွေ ကျပ် သန်း ၉၀၀ ကျော်ဖြင့် တင်ဒါအောင်သည့် ကုမ္ပဏီ၌ အဓမ္မရှယ်ယာဝင်ခဲ့ခြင်း၊ ထားဝယ်ခရိုင် လျှပ်စစ်လုပ်ငန်း လုပ်ကိုင်နေသည့် GGS ကုမ္ပဏီနှင့် အစိုးရအကြား ချုပ်ဆိုသည့်စာချုပ်၌ ကွက်လပ်များဖြင့် ချုပ်ဆို လက်မှတ်ရေးထိုးထားခြင်းနှင့် ၎င်းကုမ္ပဏီက အကောင်အထည်ဖော်မည့် သရက်ချောင်း ငါးလေလံစျေးနှင့် ပတ်သက်၍ စျေးကွက်ဖော်ဆောင်ရန် မသင့်လျော်သည့်နေရာ၌ ဝန်ကြီးချုပ်တစ်ဦး၏ လုပ်ပိုင်ခွင့်အာဏာကို အလွန်အကျွံအသုံးပြု၍ လုပ်ဆောင်ခဲ့ခြင်း၊ ထားဝယ်လေယာဉ်ကွင်း ချုံရှင်းသည့်ကိစ္စတွင် ဘတ်ဂျက်ငွေ ကျပ်သိန်း ၄၀၀၀ သုံးစွဲခဲ့သည့်ဖြစ်ရပ်၌ လုပ်ကိုင်ခွင့်ရရှိသည့် F-22 Sunny ကုမ္ပဏီတွင် ဝန်ကြီးချုပ်၏သားမှ ရှယ်ယာဝင် လုပ်ကိုင်ခဲ့ခြင်း၊ ထားဝယ်မြို့ ဆေးရုံလမ်းရှိ ကျပ်သိန်း ၃၀၀၀ တန် မြေကွက်အား ဝယ်ယူပြီး ပုဂ္ဂလိကဆေးရုံ ဆောက်လုပ်ရန် စီစဉ်နေခြင်း စသည့်ကိစ္စများ ရေးသားဖော်ပြထားသည်။
ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ပါတီအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် မြေပြင်သို့ လာရောက်ကာ စစ်ဆေးစေလိုပြီး လိုအပ်သည့် သက်သေ အထောက်အထားများကို ထပ်မံပေးအပ်နိုင်မည် ဖြစ်ကြောင်း၊ လာရောက် စစ်ဆေးခံသူများမှာ ရန်ကုန်သို့ လာရောက်စဉ် စီးနင်းလာသည့် အဝေးပြေးယာဉ်လိုင်းမှာ လမ်းတွင် ယာဉ်မတော်တဆမှုနှင့် ကြုံတွေ့ခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
“အခု ကျွန်တော်တို့တောင် အသက်အန္တရာယ်နဲ့ လုပြီး ကိုယ့်စားရိတ်နဲ့ ကိုယ်လာရတာ။ လူသက်သေ အစစ်မခံနိုင်ရင် တိုင်ထားတဲ့ကိစ္စတွေက ပျောက်သွားမှာလားပေါ့။ အခုတိုင်စာနဲ့ ပတ်သက်ပြီး စာချုပ်ရှိတယ်လို့ပြရင် ဒီစာချုပ်က ဘယ်ကရလာလဲ။ ပေးတဲ့သူက ဘယ်သူလဲ။ နင်က ဘယ်လိုသိလဲဆိုတာမျိုး မေးတယ်။ ဆိုတော့ ဖိအားတွေနဲ့ မေးသလို ခံစားရတယ်။ အချက်အလက်ဆိုတာ ဘယ်ကပဲ ရလာရလာ။ မှန်မမှန်စစ်ရမှာ သူတို့အပိုင်း။ အဓိက ကအချက်အလက်တွေ ဘယ်ကရလာတယ် ဆိုတာထက် ဒီအချက်အလက်တွေ အထောက်အထားတွေ အမှန်တကယ် ဖြစ်နေလားဆိုတာ မြေပြင်မှာ ဆင်းစစ်သင့်တာ။ ဒါဆို သူတို့လိုချင်တဲ့ သက်သေအကုန်ရမယ်”ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားသည်။
တိုင်ကြားစာအပေါ် စစ်ဆေးမှုနှင့် ပတ်သက်၍ စစ်ဆေးရာတွင် ပါဝင်သည့် NLD ပါတီ (ဗဟို)မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်အား ဇန်နဝါရီ ၃၁ ရက် ညပိုင်းအထိ ဖုန်းဖြင့် ၁၀ ကြိမ်ထက်မနည်း ဆက်သွယ်သော်လည်း ဖြေကြားခဲ့ခြင်း မရှိပေ။
တိုင်ကြားစာအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံသို့သာမက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ သမ္မတရုံးထံသို့လည်း ပေးပို့ထားကြောင်း သိရသည်။
-
ပရီးမီးယားလိဂ်ပွဲစဉ် (၁၂) ပွဲြကြိုသုံးသပ်ချက်
-
လာမည့်တစ်ပတ် အန်ဖီးလ်ကွင်း၌ ရှုံးနိမ့်ပါက ချန်ပီယံမျှော်လင့်ချက်အဆုံးသတ်နိုင်ဟု ဂွါဒီယိုလာ ဝန်ခံ
-
ဟာလန်း၏စံချိန်ကိုချိုးဖျက်၍ ဘွန်ဒစ်လီဂါဂိုး ၅၀ အမြန်ဆုံးပြည့်မြောက်သည့် ကစားသမားအဖြစ် ဟာရီကိန်း စံချိန်တင်
-
အင်တာမိုင်ယာမီအသင်း နည်းပြရာထူးမှ နုတ်ထွက်ခဲ့သည့် မာတီနို နေရာတွင် နည်းပြသစ်အဖြစ် မာရှေရာနိုကို ခန့်အပ်မည်
-
ပင်လယ်အော်တောင်ပိုင်း၌ ဖြစ်ပေါ်မည့် မုန်တိုင်းငယ် အိန္ဒိယနှင့် သီရိလင်္ကာသို့ ရောက်ရှိမည်ဟု မိုးဇလ ခန့်မှန်း