တရားရုံးများတွင် အမှုပွဲစားများ ကျက်စားလေ့ရှိခြင်းကြောင့် တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းမှု မရှိစေအောင် ဖော်ထုတ်အရေးယူရန် လိုအပ်လျက်ရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးနိုင်က ပြောကြားသည်။
နေပြည်တော်၌ ဇန်နဝါရီ ၃၀ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ အစီအစဉ်တွင် ကော့သောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ဇော် မေးမြန်းသော တရားရုံးများတွင် အမှုပွဲစားများ ပပျောက်ရေးကို မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို တရားသူကြီးက ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တရားရုံးများမှာ အမှုပွဲစားများ ကျက်စားလေ့ ရှိခြင်းကြောင့် တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းမှု မရှိစေရန်အလို့ငှာ ယင်းတို့၏ မမှန်ကန်သော လုပ်ရပ်များကို ဖော်ထုတ်အရေးယူရန် လိုအပ်လျက် ရှိပါတယ်။ သို့ဖြစ်ပါ၍ တရားရုံးများမှာ ကျင်လည် ကျက်စားနေသော အမှုပွဲစားများ၊ နယ်စားရှေ့နေများကိစ္စ ဖော်ထုတ်အရေးယူရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ယခင်ကတည်းက ညွှန်ကြားချက်၊ ကြေညာချက်များ ထုတ်ပြန်ထားပြီး ဖြစ်ကြောင်းနဲ့ အကြောင်းအမျိုးမျိုးဖြင့် တရားရုံးသို့ ဆက်နွှယ် ရောက်ရှိလာကြသူကလည်း အမှုပွဲစား၊ နယ်စားရှေ့နေဆိုသူများနဲ့ စပ်လျဉ်း၍ တရားရုံးသို့ ဖော်ထုတ်တင်ပြ တိုင်ကြားနိုင်ကြောင်း၊ တရားရုံးက လက်ခံကျေနပ်ဖွယ်ရာ သက်သေ ထင်ရှားရှိကြောင်း စုံစမ်းတွေ့ရှိပါက အဆိုပါ သူရဲ့အမည်ကို အမှုပွဲစား အမည်စာရင်း ထည့်သွင်းခြင်းနဲ့ ထုတ်ပြန်ကြေညာခြင်း ပြုလုပ်နိုင်ကြောင်း ဖြေကြားအပ်ပါတယ်” ဟု တရားသူကြီး ဦးစိုးနိုင်က ပြောကြားသည်။
ရှေ့နေလိုက်ပါသူများ အက်ဥပဒေပုဒ်မ ၃ တွင် “အမှုပွဲစား” ဆိုသည်မှာ (က) ရှေ့နေ တစ်ဦးဦးထံမှ အခကြေးငွေ၊ အဖိုးစားနားရရှိရန် ရှေ့နေ၏ တရားဥပဒေရေးရာ လုပ်ငန်းအတွက် အမှုရှာပေးသူ သို့တည်းမဟုတ် အခြားပုဂ္ဂိုလ် တစ်ဦးဦးထံမှ အခကြေးငွေ၊ အဖိုးစားနား ရယူ၍ အမှုရှာပေးရန် ရှေ့နေကို ဖြစ်စေ၊ ရှေ့နေလုပ်ငန်းအတွက် အမှုရရှိရန် စိတ်ဝင်စားသူကို ဖြစ်စေ ကမ်းလှမ်းအဆိုပြုသူ၊ သို့တည်းမဟုတ် (ခ) တရားမ သို့မဟုတ် ရာဇဝတ် တရားရုံး အနီးအနားတွင် ဖြစ်စေ၊ အခွန်ရုံး အနီးအနားတွင် ဖြစ်စေ အမှုရရှိရေးအတွက် မကြာခဏ လှုပ်ရှားသွားလာနေခြင်း၊ ဘူတာရုံ၊ သင်္ဘောဆိပ်၊ တည်းခိုခန်းနှင့် အများပြည်သူ အပန်းဖြေသည့် နေရာများတွင် အမှုရရှိရေးအတွက် မကြာခဏ သွားလာနေခြင်း ပြုသူတို့ကို ဆိုလိုကြောင်း အဓိပ္ပာယ် ဖွင့်ဆိုထားကြောင်း ၎င်းက ပြောကြားသည်။
ဆက်လက်ပြီး တရားရုံးများတွင် အမှုပွဲစားအဖြစ် ဆောင်ရွက်နေသူများသည် တရားရုံး အသီးသီးသို့ တရားစွဲ တင်ပို့လာသော ရာဇဝတ်ကြောင်းဆိုင်ရာ အမှုများ၊ တရားမကြောင်းအရ စွဲဆိုသော အမှုများတွင် အမှုအစမှ အဆုံးအထိ အဆင်ပြေစွာ ဆောင်ရွက်ပေးရေးနှင့် အမှုအနိုင်ရရှိရေးအတွက် တရားသူကြီးနှင့် နီးစပ်မှုရယူ၍ ၎င်းတို့ပွဲစားအဖြစ် ဆောင်ရွက်နေသည့် အမှုများကို တရားရုံးက ဦးစားပေး ဆောင်ရွက်စေခြင်း၊ အနိုင်ရအောင် ဆောင်ရွက်ပေးစေခြင်း၊ ရှုံးနိမ့်ခြေရှိလာလျှင် နည်းမျိုးစုံဖြင့် အမှုကြန့်ကြာစေရန် ဆောင်ရွက်ခြင်း၊ မမှန်မကန် တိုင်ကြားစေခြင်း စသည့် နည်းလမ်းများသုံး၍ ဆောင်ရွက်နေကြကြောင်း သိရှိရသည်ဟု တရားသူကြီးက ပြောကြားသည်။
ယင်းသို့ အမှုပွဲစားများက မမှန်မကန် ဆောင်ရွက်မှုများတွင် တရားသူကြီးများနှင့် တရားရုံးဝန်ထမ်းများသည် ပူးပေါင်းပါဝင်မှု၊ အားပေးကူညီမှု လုံးဝ (လုံးဝ) မရှိစေရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တိုင်းဒေသကြီး၊ ပြည်နယ် တရားလွှတ်တော်နှင့် ခရိုင်၊ မြို့နယ် တရားရုံး အားလုံးသို့ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် နေ့စွဲပါ စာအမှတ် ၁၀၁၃/စု-၁၂/၅၂/၂၀၀၄ ဖြင့် အသိပေးထားပြီး ဖြစ်ကြောင်း၊ အမှုပွဲစားများအား ဖော်ထုတ် အရေးယူရန်ကိစ္စကို အများပြည်သူ သိရှိစေရန် ကြေညာချက်ထုတ်ပြန်၍ တရားရုံးတိုင်းရှိ ကြော်ငြာသင်ပုန်းတွင် မြင်သာထင်သာအောင် ကပ်ထားရန်၊ ယင်းကြော်ငြာချက်အရ မမှန်မကန် လုပ်ဆောင်မှုမျိုးကို ဖော်ထုတ်တွေ့ရှိလျှင် တရားသူကြီးများက ထိုသူကို ထိရောက်စွာ အရေးယူရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေဖြင့် ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့စွဲပါ စာတွင် ထပ်လောင်း ညွှန်ကြားထားပြီး ဖြစ်သည်။
-
ပရီးမီးယားလိဂ်ပွဲစဉ် (၁၂) ပွဲြကြိုသုံးသပ်ချက်
-
လာမည့်တစ်ပတ် အန်ဖီးလ်ကွင်း၌ ရှုံးနိမ့်ပါက ချန်ပီယံမျှော်လင့်ချက်အဆုံးသတ်နိုင်ဟု ဂွါဒီယိုလာ ဝန်ခံ
-
ဟာလန်း၏စံချိန်ကိုချိုးဖျက်၍ ဘွန်ဒစ်လီဂါဂိုး ၅၀ အမြန်ဆုံးပြည့်မြောက်သည့် ကစားသမားအဖြစ် ဟာရီကိန်း စံချိန်တင်
-
အင်တာမိုင်ယာမီအသင်း နည်းပြရာထူးမှ နုတ်ထွက်ခဲ့သည့် မာတီနို နေရာတွင် နည်းပြသစ်အဖြစ် မာရှေရာနိုကို ခန့်အပ်မည်
-
ပင်လယ်အော်တောင်ပိုင်း၌ ဖြစ်ပေါ်မည့် မုန်တိုင်းငယ် အိန္ဒိယနှင့် သီရိလင်္ကာသို့ ရောက်ရှိမည်ဟု မိုးဇလ ခန့်မှန်း