Top News

ဒီဇင်ဘာ ၈ ရက်တွင် စတင်ကျင်းပမည့် ၂၀၂၄ Asean Cup ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း နိုဝင်ဘာ ၂၅ ရက်တွင် ပြန်လည်လေ့ကျင့်မည်
24htopnews | November 24, 2024 8:12 PM CST

 

မြန်မာ့လက်ရွေးစင်အသင်းသည် ဒီဇင်ဘာ ၈ ရက်တွင် စတင်ကျင်းပမည့် ၂၀၂၄ Asean Cup ပြိုင်ပွဲအတွက် နိုဝင်ဘာ ၂၅ ရက်တွင် ပြန်လည်လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၁၉ ရက်တွင် လက်ဘနွန်အသင်းနှင့် ခြေစမ်းပွဲကစားပြီးနောက် ကစားသမားများအား သက်ဆိုင်ရာကလပ်များသို့ ပြန်လည်စေလွှတ်လိုက်ပြီဖြစ်ပြီး ပြည်တွင်းလိဂ်ပြိုင်ပွဲ ဖြစ်သည့် MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၄) အပြီး နိုဝင်ဘာ ၂၅ ရက်တွင် လေ့ကျင့်ရန် စီစဉ်ထားခြင်းဖြစ်သည်။ မြန်မာ့ လက်ရွေးစင်အသင်းသည် ပဏာမကစားသမား ၃၀ မှ ၄၀ ကြား ရွေးချယ်ရန် စီစဉ်ထားကာ စတင်လေ့ကျင့်ချိန်တွင် ပြည်တွင်းကလပ်များ၌ ကစားနေသူများသာ လာရောက်ပူးပေါင်းနိုင်မည်ဖြစ်ပြီး ပြည်ပကလပ်များတွင် ကစားနေသူများမှာမူ သက်ဆိုင်ရာကလပ်အသင်းများက ပြန်လည်စေလွှတ်မှသာ ပူးပေါင်းနိုင်မည်ဖြစ်သည်။

မြန်မာကစားသမားများ သွားရောက်ကစားနေသည့် ပြည်ပလိဂ်များအနက် ထိုင်း နှင့် မလေးရှားလိဂ်ပြိုင်ပွဲများကို Asean Cup ပြိုင်ပွဲကျင်းပနေသည့်ကာလအတွင်း ရပ်နားမည်မဟုတ်ရာ မြန်မာကစားသမားများအနေဖြင့် သက်ဆိုင်ရာကလပ်များက စေလွှတ်မှသာ လက်ရွေးစင်အသင်းအတွက် ကစားခွင့်ရမည်ဖြစ်သည်။ ကမ္ဘောဒီးယားလိဂ်ပြိုင်ပွဲကိုမူ ယင်းကာလအတွင်း ရပ်နားမည်ဖြစ်သောကြောင့် သီဟဇော်နှင့် စိုးမိုးကျော်တို့ ပါဝင်ကစားခွင့်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၂၅ ရက်တွင် လေ့ကျင့်မည်ဖြစ်သောကြောင့် Asean Cup ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် နှစ်ပတ်နီးပါးရရှိမည်ဖြစ်သော်လည်း ကစားသမားအစုံအလင် လေ့ကျင့်ခွင့်ရမည့်ရက်မှာမူ အနည်းငယ်သာရဖွယ်ရှိနေသည်။ နိုဝင်ဘာ နိုင်ငံတကာရက်သတ္တပတ်တွင် မြန်မာ့လက်ရွေးစင်အသင်းသည် ကစားသမားမစုံလင်ဘဲ နိုင်ငံတကာခြေစမ်းပွဲများ ကစားခဲ့ရပြီး စင်ကာပူလက်ရွေးစင်အသင်း နှင့် လက်ဘနွန်လက်ရွေးစင်အသင်းတို့ကို (၃-၂) ဂိုးရလဒ်များဖြင့် နှစ်ပွဲစလုံး အရေးနိမ့် ခဲ့သည်။ 

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်း တာဝန်ယူပြီးနောက် နိုင်ငံတကာခြေစမ်းပွဲများအဖြစ် သီရိလင်္ကာ၊ စင်ကာပူ၊ လက်ဘနွန်အသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် Asean Cup ပြိုင်ပွဲ အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အောက်တိုဘာနှင့် နိုဝင်ဘာ နိုင်ငံတကာရက်သတ္တပတ်များတွင် နိုင်ငံတကာခြေစမ်းပွဲ ကစားခဲ့ပြီး အောက်တိုဘာတွင် သီရိလင်္ကာအသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲကစားရာ တစ်ပွဲ နိုင်၊ တစ်ပွဲသရေကျခဲ့သလို နိုဝင်ဘာတွင် စင်ကာပူအသင်းနှင့် လက်ဘနွန်အသင်းတို့ကို ရှုံးနိမ့်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၄ Asean Cup ပြိုင်ပွဲတွင် အုပ်စု (B)၌ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ လာအို အသင်းတို့နှင့် ကျရောက်နေပြီး အုပ်စု (A) တွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီး ယားနှင့် တီမောအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် ဒီဇင်ဘာ ၉ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် အိမ်ကွင်းစတင်ကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုကျပ်အတွင်း ကျရောက်နေသောကြောင့် နောက်တစ်ဆင့် တက်ရောက်နိုင်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။ 


READ NEXT
Cancel OK