Top News

နွေရာသီတွင် ဥရောပအနောက်တောင်ပိုင်းဒေသ၌ အပူလှိုင်းကျရောက်လျက်ရှိကာ စပိန်၌ အပူချိန်များ မြင့်တက်လျက်ရှိ
24htopnews | November 24, 2024 9:12 AM CST

အိုင်ဘာရီးယားကျွန်းဆွယ်နှင့် ပြင်သစ်နိုင်ငံတစ်ဝန်းတို့တွင် တောမီးများကို လောင်စာဖြည့်ပေးလျက်ရှိသော ခြစ်ခြစ်တောက် အပူချိန်များ ဖြစ်ပေါ်နေခြင်းနှင့်အတူ ဥရောပ အနောက်တောင်ပိုင်းဒေသ၌ ကျရောက်နေသော အပူလှိုင်းသည် ဇူလိုင် ၁၄ ရက်တွင် စပိန်နိုင်ငံ၌ အပူချိန်အမြင့်ဆုံးအနေအထားကို ဖြစ်ပေါ်စေခဲ့သည်။

ယခုနွေရာသီတွင် ဒေသ၌ ဒုတိယအကြိမ်ဖြစ်ပေါ်သော အပူလှိုင်းကျရောက်မှု ဖြစ်စဉ်သည် ယခုသီတင်းပတ် အလယ်ထိ ဆက်လက်ဖြစ်ပေါ်နေမည်ဟု ခန့်မှန်းထားပြီး စပိန်တောင်ပိုင်းသည် အပြင်းထန်ဆုံး အပူချိန်အချို့ကို ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

ဇူလိုင် ၁၄ ရက်တွင် ယခုအပူလှိုင်း၏ အပူပြင်းဆုံးနေ့ဖြစ်လာမည်ဟုလည်း စပိန်မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

အဓိကမြစ်ကြီးသုံးစင်းအနီးရှိ ချိုင့်ဝှမ်းဒေသကြီးများဖြစ်သော ဂွါဒီယားနား၊ ဂွါဒယ်ကွီဗာနှင့် တာဂက်စ်တို့သည် ၄၀ ဒီဂရီဆဲလ် စီယပ်ဝန်းကျင်ရှိသော အပူချိန်များကို ခံစားကြရမည်ဟု စပိန်မိုးလေဝသဌာန၏ ခန့်မှန်းချက်တွင် ဖော်ပြထားသည်။

ဇူလိုင် ၁၃ ရက်က စပိန်ဒေသအများစု၌ သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ ဒေသအချို့ အထူးသဖြင့် အဆိုးရွားဆုံး သက်ရောက်ရာနေရာများဖြစ်သော တောင်ပိုင်းက အန်ဒါလူစီယာ၊ အနောက်တောင်ပိုင်းက အိတ်ထရီမာဒူရာနှင့် အနောက်မြောက်ပိုင်းက ဂါလီစီယာတို့တွင် အသက်ရှူရကျပ်ခြင်းများဖြစ်ပေါ်မည်ဟု စပိန်မိုးလေဝသဌာနက ထုတ်ပြန်ခဲ့သည်။

အသက်ရှူခြင်း၊ သွေးဖိအားတို့ကဲ့သို့ ခန္ဓာကိုယ်၏ အရေးပါသော လက္ခဏာများကို ထိခိုက်မှု မရှိစေရေးအတွက် ပြည်သူများအနေဖြင့် အရည်များများသောက်ရန်၊ ပေါ့ပေါ့ပါးပါး အဝတ်အစားများဝတ်ရန်၊ လေအေးပေးစက်တပ်ထားသော အခန်းများသို့မဟုတ် အရိပ်ရသောနေရာများတွင်နေရန် စပိန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားထားသည်။

ဇူလိုင် ၁၃ ရက်က အမြင့်ဆုံးအပူချိန်ကို အန်ဒါလူစီယာဒေသရှိ မြို့ကြီးဖြစ်သော အယ်လ်မွန်တေးတွင် မှတ်တမ်းတင်ခဲ့ပြီး ညနေ ၅ နာရီခွဲတွင် အပူချိန်သည် ၄၅.၆ ဒီဂရီဆဲလ်စီယပ်အထိရှိခဲ့သည်။

ဆီဗီးလ်နှင့် ကော်ဒိုဘာတို့ကဲ့သို့သော တောင်ပိုင်းမြို့ကြီးများတွင် အပူချိန်သည် ၄၄ ဒီဂရီအထက်တွင် ရှိနေခဲ့သည်။

ပေါ်တူဂီနယ်စပ်အနီးရှိ စပိန်အနောက်ပိုင်းတွင် တောမီးများသည် အနည်းဆုံး ဟက်တာ ၃,၅၀၀ (ဧက ၈၆၀၀) လောင်ကျွမ်းနေသည်ဟု ဆိုသည်။

ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၃ ရက်အတွင်း စပိန်နိုင်ငံ၌ သစ်တောဟက်တာ ၇၀,၃၀၀ ကျော်လောင်ခဲ့သည်ဟု အစိုးရက ထုတ်ပြန်ခဲ့ပြီး အဆိုပါအကျယ်အဝန်းသည် လွန်ခဲ့သော ၁၀ နှစ်အတွင်း လောင်ခဲ့သော ပျမ်းမျှ တောမီး၏ နှစ်ဆနီးပါးရှိသည်ဟု ဆိုသည်။

ယခုသီတင်းပတ်အကုန်တွင် စပိန်၌ အပူချိန်များ ကျဆင်းသွားမည်ဟု ခန့်မှန်းရသော်လည်း အပူလှိုင်းကျရောက်မှုက ပြင်သစ်နှင့် ဗြိတိန်တို့ထံ ရွှေ့လျားနေသောကြောင့် ဥရောပ၏ အနောက်မြောက်ပိုင်းတွင် ပူပြင်းရာသီဥတု ဆက်လက်ဖြစ်ပေါ်နေမည်ဟု ဆိုသည်။

ဗြိတိန်က သတိပေးမှုအဆင့်သတ်မှတ်ချက်သုံးခုထဲက ဒုတိယအဆင့်သတိပေးချက်ကို ထုတ်ပြန်ထားသည်။

ပြင်သစ်၌လည်း အပူလှိုင်းကျရောက်မှုသည် ဇူလိုင် ၁၇ ရက်မှ ၁၉ ရက်အတွင်း ၄၀ ဒီဂရီဆဲလ်စီယပ်အထက်ကို ကျော်လွန်နိုင်ပြီး အခြေအနေသည် ပြင်းထန်လိမ့်မည်ဟု ပြင်သစ်မိုးလေဝသဌာနများက သတိပေးချက်များ ထုတ်ပြန်ထားသည်။                 


READ NEXT
Cancel OK