Top News

မကာအိုအသင်းနှင့် ယှဉ်ပြိုင်ရမည့် ၂၀၂၆ ကမ္ဘာ့ဖလား ပထမအဆင့်ခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း အောက်တိုဘာ ၅ တွင် လေ့ကျင့်မှု စတင်မည်
24htopnews | November 23, 2024 12:12 AM CST

မြန်မာ့လက်ရွေးစင်အသင်းသည်  မကာအိုလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ၂၀၂၆ ကမ္ဘာ့ဖလား ပထမအဆင့်ခြေစစ်ပွဲအတွက် လာမည့် အောက်တိုဘာ ၅ ရက်မှစ၍ လေ့ကျင့်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ်(AFC) သည် ၂၀၂၆ ကမ္ဘာ့ဖလားနှင့် ၂၀၂၇ အာရှဖလား ပထမအဆင့်ခြေစစ်ပွဲကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး  အောက်တိုဘာ(၁၂၊ ၁၇)ရက်တွင် ယှဉ်ပြိုင်ကစားစေမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် မဲခွဲမှုအရ  ၂၀၂၆ ကမ္ဘာ့ဖလားနှင့် ၂၀၂၇ အာရှဖလား ပထမအဆင့်ခြေစစ်ပွဲတွင် မကာအိုအသင်းနှင့် တွေ့ဆုံနေပြီး အောက်တိုဘာ ၁၂ ရက်တွင် အိမ်ကွင်း၊ အောက်တိုဘာ ၁၇ ရက်တွင် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အောက်တိုဘာ ၁၂ ရက်တွင် ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် မကာအိုလက်ရွေးစင်အသင်းတို့၏ ၂၀၂၆ ကမ္ဘာ့ဖလားနှင့် ၂၀၂၇ အာရှဖလား ပထမအဆင့်ခြေစစ်ပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်(AFC) သည် ၂၀၂၆ ကမ္ဘာ့ဖလားနှင့် ၂၀၂၇ အာရှဖလား ပထမအဆင့်ခြေစစ်ပွဲကို အသင်း ၂၀ ဖြင့် ကျင်းပမည်ဖြစ်ပြီး မဲခွဲမှုအရ မြန်မာအသင်းနှင့် မကာအိုအသင်း၊ အာဖဂန်နစ္စတန်အသင်းနှင့် မွန်ဂိုလီးယားအသင်း၊ မော်လ်ဒိုက်အသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်း၊ စင်ကာပူအသင်းနှင့် ဂူအမ်အသင်း၊ ယီမင်အသင်းနှင့် သီရိလင်္ကာအသင်း၊ ကမ္ဘောဒီးယားအသင်းနှင့် ပါကစ္စတန်အသင်း၊ တရုတ်တိုင်ပေအသင်းနှင့် တီမောအသင်း၊ အင်ဒိုနီးရှားအသင်းနှင့် ဘရူနိုင်းအသင်း၊ ဟောင်ကောင်အသင်းနှင့် ဘူတန်အသင်း၊ နီပေါအသင်းနှင့် လာအိုအသင်းတို့ တွေ့ဆုံနေကြလျက်ရှိသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ပထမအဆင့်ခြေစစ်ပွဲတွင် မကာအိုလက်ရွေးစင်အသင်းကို ကျော်ဖြတ်နိုင်မှသာ ဒုတိယအဆင့်ခြေစစ်ပွဲ တက်ရောက်ကစားခွင့်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် မကာအိုလက်ရွေးစင်အသင်းတို့သည် ပြီးခဲ့သည့်ဇွန်လက FIFA  အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲအဖြစ် တရုတ်နိုင်ငံတွင် ယှဉ်ပြိုင်ကစားရာ မြန်မာ့လက်ရွေးစင်အသင်းက (၂-၀) ဂိုးဖြင့် အနိုင်ရထား သည်။

ထို့ကြောင့် မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် နောက်တစ်ဆင့် တက်ရောက်နိုင်ရန် အခွင့်အရေးရှိနေကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နောက်တစ်ဆင့်တက်ရောက်နိုင်ပါက ဒုတိယအဆင့်တွင် အုပ်စု (B)၌  ဂျပန်၊ ဆီးရီးယား၊ မြောက်ကိုရီးယားအသင်းတို့နှင့် ကျရောက်မည်ဖြစ်သည်။

ဒုတိယအဆင့်ခြေစစ်ပွဲကို (၄)သင်း (၉)အုပ်စုခွဲ၍ ပြုလုပ်မည်ဖြစ်သည်။

ဒုတိယအဆင့်ခြေစစ်ပွဲကို တိုက်ရိုက်ကစားခွင့်ရ (၂၆)သင်း၊ ပထမအဆင့်ခြေစစ်ပွဲမှ တက်ရောက်လာမည့် (၁၀)သင်း၊ ပေါင်း (၃၆)သင်းဖြင့် ဆက်လက်ကျင်းပမည်ဖြစ်သည်။ 


READ NEXT
Cancel OK