Top News

မြောက်ကိုရီးယားက ၂၀၁၇ ခုနှစ်နောက်ပိုင်း အင်အားအပြင်းဆုံး ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်
24htopnews | November 23, 2024 12:12 AM CST

မြောက်ကိုရီးယားနိုင်ငံသည် ၂၀၁၇ ခု နှစ်နောက်ပိုင်း အင်အားအပြင်းဆုံးဒုံးကျည် တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ယင်းသည် တစ်လအတွင်း ခုနစ်ကြိမ်မြောက်ဒုံးကျည် စမ်းသပ်မှုအဖြစ် စံချိန်တင်ခဲ့သည်။

မြောက်ကိုရီးယားအစိုးရသည် ယခင်က တစ်လအတွင်း ယခုကဲ့သို့ ဒုံးကျည်အများအပြား စမ်းသပ်ခဲ့ဖူးခြင်းမရှိခဲ့ဘဲ ငါးနှစ်နီးပါးကြာ စမ်းသပ်မှုဆိုင်းငံ့ခဲ့သည့် တာဝေးပစ်ဒုံးကျည်များနှင့် နျူကလီးယားလက်နက်များကို ပြန်လည်စမ်းသပ်သွားမည်ဟု ပြီးခဲ့သည့် သီတင်းပတ်တွင်ပြောကြားခဲ့သည်။

အမေရိကန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရပ်တန့်နေမှုနှင့်အတူ မြောက်ကိုရီးယားသည် နိုင်ငံတကာ ပိတ်ဆို့မှုများချမှတ်ခံထားရသည့်တိုင် ၎င်း၏ စစ်အင်အားကို ပြသခဲ့ပြီး  စစ်တပ်ကို အဆင့်မြှင့်တင်မည်ဟု ခေါင်းဆောင် ကင်ဂျုံအွန်၏ ပြောကြားချက်အတိုင်း စစ်အင်အားကို တိုးချဲ့ခဲ့သည်။

တောင်ကိုရီးယား၏ ပြောကြားချက်အရ မြောက်ကိုရီးယားသည် ကိုရီးယားကျွန်းဆွယ်ပေါ်တွင် တင်းမာမှုမြင့်တက်ခဲ့သည့် ၂၀၁၇ ခုနှစ်ကကဲ့သို့ လက်နက်စမ်းသပ်မှုများပြုလုပ်နေခြင်း ဖြစ်နိုင်ပြီး မြောက်ကိုရီးယားသည် နျူကလီးယားနှင့် တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုများကို မကြာမီတွင် ပြန်လည်စတင် လုပ်ဆောင်နိုင်သည်ဟု သတိပေးခဲ့သည်။

မြောက်ကိုရီးယားသည် လက်နက်စမ်းသပ်မှုများကို တရားဝင်ဆိုင်းငံ့ထားကြောင်း ကြေညာခဲ့သည့် ကြေညာချက်ကို ချိုးဖောက်ရန် နီးစပ်ခဲ့သည်ဟု တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက အမျိုးသားလုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝးအပြီးတွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားစစ်တပ်ကလည်း အရှေ့ပင်လယ်ကို ဦးတည်ပစ်လွှတ်သည့် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု ဇန်နဝါရီ ၃၀ ရက် ပြောကြားခဲ့သည်။

ဇန်နဝါရီ ၃၀ ရက်က စမ်းသပ်ခဲ့သည့် ယင်းပဲ့ထိန်းဒုံးကျည်သည် ကီလိုမီတာ ၂၀၀၀ အမြင့်မှပျံသန်းနိုင်ပြီး မိနစ်သုံးဆယ်အတွင်း ကီလိုမီတာ ၈၀၀ အကွာအဝေးအထိ ပျံသန်းရောက်ရှိနိုင်သည်ဟု တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့က ပြောကြားခဲ့သည်။

ယင်းအချက်အလက်အရ မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးဌာနမှ ကျွမ်းကျင်သူ ဂျိုးဆက် ဒမ့်ပ်ဆေးက Twitter တွင်ရေးသားခဲ့သည်။

မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ်ကလည်း အလားတူ ဒုံးကျည်စမ်းသပ်မှုပြုလုပ်ခဲ့ပြီး ယင်းဒုံးကျည်သည် Hwasong-12 ဒုံးကျည်အမျိုးအစားဖြစ်ကာ ၂၁၁၁ ကီလိုမီတာ အမြင့်မှပျံသန်းပြီး ၇၈၇ ကီလိုမီတာအကွာ အဝေးအထိ ပျံသန်းရောက်ရှိခဲ့သည်။

ယခုစမ်းသပ်ခဲ့သည့် ဒုံးကျည်ကိုပျံသန်းမှုလမ်းကြောင်း ချိန်ညှိပြီး အဝေးဆုံး အကွာအဝေးအထိ ပစ်ခတ်မည်ဆိုပါက ကီလိုမီတာ ၄၅၀၀ အထိ ရောက်ရှိနိုင်မည်ဖြစ်ပြီး ယင်းအကွာအဝေးသည် အမေရိကန်၏ နယ်နိမိတ်ဖြစ်သည့် ဂူအမ်ကျွန်းအထိ ရောက်ရှိနိုင်မည် ဖြစ်သည်။

ဂျပန်၏ ထိပ်သီးအစိုးရပြောရေးဆိုခွင့်ရှိသူ ဟီရိုကာဇူ မတ်ဆူနိုကလည်း ဇန်နဝါရီ ၃၀ ရက်က ပစ်လွှတ်ခဲ့သည့် မြောက်ကိုရီးယား၏ ဒုံးကျည်သည် တာလတ်သို့မဟုတ် တာဝေးပစ်ဒုံးကျည်တစ်စင်းဖြစ်နိုင်သည်ဟု ပြော ကြားခဲ့သည်။

မြောက်ကိုရီးယားသည် အသံထက်မြန်သည့် ဟိုက်ပါဆိုးနစ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မှုအပါအဝင် ဇန်နဝါရီလအတွင်း လက်နက်စမ်းသပ်မှုခုနစ်ကြိမ်ပြုလုပ်ခဲ့ပြီး စစ်အင်အားကို တိုးမြှင့်တည်ဆောက်ရန် ကင်၏ ပြောကြားချက်ကို လိုက်နာသည့်အနေဖြင့် အမေရိကန်၏ ဆွေးနွေးပွဲကမ်းလှမ်းချက်များကို မျက်ကွယ်ပြုကာ တစ်လအတွင်း ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကင်သည် ပြီးခဲ့သည့် ဒီဇင်ဘာလက အာဏာရပါတီတွင် မိန့်ခွန်းပြောကြားခဲ့ရာ၌ စစ်တပ်ကို အဆင့်မြှင့်တင်သွားမည်ဟု ကတိပြုခဲ့ပြီးနောက် ယခုကဲ့သို့ ဒုံးကျည်စမ်းသပ်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းစမ်းသပ်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်က ပိတ်ဆို့မှုအသစ်များချမှတ်ခဲ့ပြီး ယင်းသည် မြောက်ကိုရီးယားအစိုးရကို ဒေါသထွက်စေခဲ့ကာ နှစ်နှင့်ချီပြီး ရပ်ဆိုင်းထားသည့် နျူကလီးယားနှင့် တာဝေးပစ်ဒုံး ကျည်စမ်းသပ်မှုများကို ပြုလုပ်သွားမည်ဟု အရိပ်အမြွက်ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ခရုဇ်ဒုံးကျည်ဟု ယူဆရသော အရာနှစ်ခုကို ဇန်နဝါရီ ၂၅ ရက်တွင် ပစ်လွှတ်ခဲ့ကာ ဇန်နဝါရီ ၁၄ ရက် နှင့် ၁၇ ရက်တို့တွင်လည်း ပဲ့ထိန်းဒုံးကျည်များကို ပစ်လွှတ်စမ်းသပ်ခဲ့သည်။ ဇန်နဝါရီ ၅ ရက်နှင့် ၁၁ ရက်တို့တွင်လည်း အသံလွန်ဒုံးကျည်ဟု ယူဆရသော ဒုံးကျည်များကို ပစ်လွှတ်ခဲ့ပြီး ဇန်နဝါရီ ၂၇ ရက်ကလည်း တာဝေးပစ်ခရုစ်ဒုံးကျည်နှစ်စင်းကို စမ်းသပ် ပစ်လွှတ်ခဲ့သည်။

                                                           


READ NEXT
Cancel OK