Top News

ပြီးခဲ့သည့်တစ်ပတ်အတွင်း အိန္ဒိယ၊ ပြင်သစ်နှင့် ဘရာဇီးနိုင်ငံတွင် COVID-19 ဖြစ်ပွားမှု ရာခိုင်နှုန်းအသီးသီး မြင့်တက်ခဲ့ပြီး အမေရိကန်နိုင်ငံ၌ ဖြစ်ပွားနှုန်းလျော့ကျခဲ့
24htopnews | November 23, 2024 12:12 AM CST

ပြီးခဲ့သည့် တစ်ပတ်အတွင်း အိန္ဒိယ၊ ပြင်သစ်နှင့် ဘရာဇီးနိုင်ငံတို့တွင် COVID-19 ဖြစ်ပွားမှု ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ပြီး အမေရိကန်နိုင်ငံတွင် ဖြစ်ပွားနှုန်း လျော့ကျခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ဆိုင်ရာ အပတ်စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအစီရင်ခံစာအရ COVID-19 ဖြစ်ပွားမှုအနေဖြင့် အီတလီနိုင်ငံတွင် ယခင်တစ်ပတ် နည်းတူဖြစ်ပွားခဲ့ပြီး ပြင်သစ်နိုင်ငံတွင် ၂၁ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံတွင် ၃၃ ရာခိုင်နှုန်း၊ ဘရာဇီးနိုင်ငံတွင် ၇၃ ရာခိုင်နှုန်း အသီးသီးမြင့်တက်ကာ အမေရိကန်နိုင်ငံတွင် ၂၄ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သိရသည်။

ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ် အားဖြည့်ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကြောင့် ရောဂါပြင်းထန်မှုနှင့် ဆေးရုံတက် ကုသရမှုများကို အောင်မြင်စွာ လျှော့ချနိုင်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၇ ရက်တွင် မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ရန် အပါအဝင် ကန့်သတ်ပိတ်ပင်မှုအများစုကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဗြိတိန်အစိုးရက ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၇ ရက်မှစ၍ အင်္ဂလန်ရှိ မည်သည့်နေရာတွင်မဆို မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ရန် လိုအပ်တော့မည် မဟုတ်ကြောင်းနှင့် နိုက်ကလပ်များနှင့် အခြားသော လူအများ သွားရောက်ရာ နေရာများသို့ ဝင်ရောက်ရာတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံထားသည့် အထောက်အထားများနှင့် ဆေးစစ်ချက် ရလဒ်များကို ပြသရန်လိုအပ်မှုကိုလည်း ရုပ်သိမ်းပေးလိုက်ပြီဖြစ်သည်။

လူများကို နေအိမ်မှအလုပ်လုပ်ကြရန် ညွှန်ကြားခြင်းနှင့် စာသင်ခန်းများတွင် နှာခေါင်းစည်း တပ်ဆင်ရန် ညွှန်ကြားချက်များကိုလည်း ဗြိတိန်အစိုးရက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြန်ရုပ်သိမ်းပေးခဲ့သည်။

အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ် လျင်မြန်စွာ ကူးစက်ပျံ့နှံ့လာမှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ ဝန်ပိလာခြင်းကို တားဆီးရန်နှင့် လူထုအား ကိုရိုနာဗိုင်းရပ်စ်အား ဖြည့်ကာကွယ်ဆေးထိုးနှံပေးရာတွင် အချိန်ပိုမိုရရှိနိုင်ရန်အတွက် “Plan B” ဟု ခေါ်ဆိုသော အစီအမံများကို အာဏာပိုင်များက ချမှတ်ခဲ့ခြင်းဖြစ်သည်။

အစိုးရ၏ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်၊ ဆေးစစ်မှုနှင့် ဗိုင်းရပ်စ် ကုသနည်းများကို တီထွင်ကြံဆမှုတို့ ပေါင်းဆုံမှုကြောင့် ဥရောပ၏အခိုင်အမာဆုံး ကပ်ရောဂါကာကွယ်မှု အချို့ကို ဖန်တီးနိုင်ကာ ပုံမှန်အခြေအနေသို့ သတိဖြင့်ပြန်လာနိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဆာဂျစ်ဂျာဗစ်က ပြောကြားခဲ့သည်။

သို့ရာတွင် မိမိတို့အနေဖြင့် COVID-19 ရောဂါနှင့်အတူ ရှင်သန်နိုင်ရန် လိုအပ်မည်ဖြစ်ကာ ၎င်းဗိုင်းရပ်စ်ပိုးသည် ပျောက်ကွယ်သွားဦးမည်မဟုတ်ကြောင်းကို ရှင်းရှင်းလင်းလင်းသိမြင်ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ လက်ရှိတွင် ကူးစက်မှုများ ဆက်လက်ကျဆင်းနေသည့်တိုင် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်မှာ နိုင်ငံအနှံ့ရှိ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအကြားတွင် ပျံ့နှံ့နေဦးမည်ဖြစ်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။

အလားတူ အစ္စရေး၌ အသက် ၁၈ နှစ်အထက် ရောဂါဒဏ်ခံနိုင်ရည် မရှိသူအားလုံးကို စတုတ္ထအကြိမ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း အစိုးရက ဇန်နဝါရီ ၂၆ ရက်တွင် ကြေညာခဲ့သည်။ အစ္စရေးအစိုးရအနေဖြင့် နောက်ဆက်တွဲ ကာကွယ်ဆေးများ ထိုးနှံခြင်းဖြင့် ဗိုင်းရပ်စ် ကူးစက်မှုလှိုင်းများကို တိုက်ဖျက်ရန် အရှိန်အဟုန်မပြတ်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။

အစ္စရေးသည် လူအများအပြားအား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အစောဆုံး ထိုးနှံပေးနိုင်ခဲ့သည့် နိုင်ငံများထဲတွင် ပါဝင်နေသည်။ ပြီးခဲ့သည့် နွေရာသီတွင်လည်း အာဏာပိုင်များက အားဖြည့်ကာကွယ်ဆေးထိုးနှံပေးမှုများကို စတင်ခဲ့ပြီး ထို့နောက်တွင် သက်ကြီးရွယ်အိုများနှင့် ရောဂါကူးစက်မှုဒဏ်ခံနိုင်ရည် မရှိသူများကို စတုတ္ထအကြိမ်ကာကွယ်ဆေး ထိုးနှံပေးရန် ခွင့်ပြုခဲ့သည်။

ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်၏ ကဏ္ဍသစ်ကို စတင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး နက်ချ်မန်းအက်ရှ်က ဇန်နဝါရီ၂၆ ရက်တွင် ကြေညာခဲ့ပြီး ရောဂါပိုးကို ခုခံနိုင်စွမ်းမရှိသူအားလုံးနှင့် ရောဂါတိုက်ဖျက်ရေးတွင် ရှေ့တန်းမှ ပါဝင်နေသည့် အသက် ၁၈ နှစ် အထက်ဝန်ထမ်းများကို စတုတ္ထအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

Pfizer ကာကွယ်ဆေးအား စတုတ္ထအကြိမ် ထိုးနှံခြင်းဖြင့် ကာကွယ်ဆေး ထိုးနှံထားသူတွင် ပဋိပစ္စည်းပမာဏ သုံးဆမှ ငါးဆအထိ တိုးလာမည်ဖြစ်ကြောင်း သုတေသန လေ့လာမှုတစ်ရပ်ကို ကိုးကား၍ ၎င်းက ပြောကြားခဲ့သည်။ လူဦးရေ ၉ ဒသမ ၄ သန်းကျော်ရှိသည့် အစ္စရေးတွင်လူပေါင်းခြောက်သိန်းကျော်ကို စတုတ္ထအကြိမ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံထားပြီး ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်ကိန်းဂဏန်းများအရ သိရသည်။


READ NEXT
Cancel OK