Top News

ဥရောပသမဂ္ဂ တာဝန်ရှိသူများကို ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့သည့် ရုရှား၏ ဆုံးဖြတ်ချက်အပေါ် ဥရောပသမဂ္ဂ ကန့်ကွက်ရှုတ်ချ
24htopnews | November 23, 2024 12:12 AM CST

နိုင်ငံထဲသို့ ဝင်ရောက်ခွင့် ပိတ်ပင်သည့် စာရင်းတွင် ဥရောပသမဂ္ဂ (အီးယူ) တာဝန်ရှိသူများကို ထည့်သွင်းလိုက်သည့် ရုရှားအစိုးရ၏ ဆုံးဖြတ်ချက်အပေါ် ဥရောပသမဂ္ဂက ဇန်နဝါရီ ၂၈ ရက်တွင် ပြစ်တင်ရှုတ်ချလိုက်သည်။

ယူကရိန်း အရေးနှင့်ပတ်သက်၍ ဥရောပသမဂ္ဂနှင့် ရုရှားနိုင်ငံတို့အကြား တင်းမာမှုများ မြင့်တက်နေစဉ် အပြန်အလှန် ဒဏ်ခတ်မှုဟုဆိုကာ ဥရောပသမဂ္ဂ တာဝန်ရှိသူများကို ပြည်ဝင်ခွင့် ပိတ်ပင်သည့် အစီအမံများကို ရုရှားအစိုးရက ကြေညာခဲ့ခြင်းဖြစ်သည်။

“အရေအတွက် အတိအကျ မသိရသေးတဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်တဲ့ ရုရှားအာဏာပိုင်တွေရဲ့ လုပ်ရပ်အပေါ် ဥရောပသမဂ္ဂ အ နေနဲ့ ကန့်ကွက်ရှုတ်ချလိုက်ပါတယ်” ဟု အီးယူ၏ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းဆုံးဖြတ်ချက်သည် ဥပဒေအရ ကျိုးကြောင်းဆီလျော်မှု မရှိသကဲ့သို့ ပွင့်လင်းမြင်သာမှုလည်း ကင်းမဲ့နေသည့်အတွက် ၎င်းအပေါ် သင့်လျော်သည့် တုံ့ပြန်မှုမျိုး လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ကြေ ညာချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ ပိတ်ပင်မှုသည် ကမ္ဘာ့နေရာဒေသ အသီးသီးတွင် လှုပ်ရှားနေသော ဥရောပ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ယင်းအစီအမံ သည် ဝက်ဂ်နာ ကုမ္ပဏီအပေါ် အီးယူ၏ ဒဏ်ခတ်အရေးယူမှုများနှင့် ပတ်သက်၍ လက်တုံ့ ပြန်ခဲ့ခြင်း ဖြစ်ကြောင်းလည်း အရိပ်အမြွက် ပြောကြားခဲ့သည်။

ယူကရိန်းနှင့် အာဖရိက နိုင်ငံအချို့တွင် တည်ငြိမ်မှု ပျက်ပြားအောင် လုပ်ဆောင်နေသည်ဟု စွပ်စွဲခံနေရသော လျှို့ဝှက် လုံခြုံရေး ကုမ္ပဏီတစ်ခုဖြစ်သည့် ဝက်ဂ်နာနှင့် ဆက်နွှယ်နေသူများကို ပစ်မှတ်ထား ဒဏ်ခတ်အ ရေးယူရန် အီးယူ နိုင်ငံခြားရေးဝန်ကြီးများက ပြီးခဲ့သည့် ဒီဇင်ဘာလထဲတွင် သဘောတူညီခဲ့ ကြသည်။

၎င်းအဖွဲ့သည် စစ်ပွဲပဋိပက္ခ ဖြစ်ပွားရာ နယ်မြေများတွင် ရုရှားအစိုးရကိုယ်စား ပါဝင်ပတ်သက်နေသည်ဟု အီးယူက စွပ်စွဲထားသည်။

အိမ်နီးချင်း ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မည်ဆိုပါက ပြင်းထန်သော ချိန်သားကိုက် တုံ့ပြန်မှုမျိုးနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း အနောက်နိုင်ငံများက ရုရှားကို သတိပေးထားချိန်တွင် အပြန်အလှန် ဒဏ်ခတ်အ ရေးယူမှုများ လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလမှ၍ ယူကရိန်းနှင့် နယ်စပ်တစ်လျှောက်တွင် ရုရှားက တပ်ဖွဲ့ဝင် တစ်သိန်းကျော်ကို စုရုံးဖြန့်ကြက်ခဲ့ ပြီး အကူတပ်ဖွဲ့ဝင်များ၊ စစ်လက်နက်များကိုလည်း ဖြန့်ကြက်ထားခဲ့သည်။ မကြာသေးမီက လည်း ရုရှားအနေဖြင့် ယူကရိန်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဘီလာရုစ် နိုင်ငံထဲတွင် တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ခဲ့သည်။

ဆိုဗီယက်ယူနီယံ လက်အောက်ခံ နိုင်ငံဟောင်း ယူကရိန်းကို နေတိုးအဖွဲ့ဝင်ဖြစ်ခွင့် မပေးရေး အပါအဝင် ကျယ်ပြန့်သော လုံခြုံရေးဆိုင်ရာ အာမခံချက်များကိုလည်း ရုရှား က တောင်းဆိုထားသည်။

ယင်းတောင်းဆိုချက်များသည် အကျေအလည် ဆွေးနွေးရမည့် အကြောင်းအရာများ ဖြစ်နေကာ သံခင်းတမန်ခင်းနည်းလမ်း မအောင်မြင်ဘဲ ရုရှားဘက်က ကျူးကျော် တိုက်ခိုက်မှုများ လုပ်ဆောင်လာမည်ဆိုပါက အလွန်ကျယ်ပြန့်သည့် အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း အနောက်နိုင်ငံများက သတိပေးထားသည်။       


READ NEXT
Cancel OK