Top News

အအေးဒဏ်၏ရိုက်ခတ်မှုအောက်၌ အာဖဂန်ပြည်သူ သန်းချီကို ကယ်တင်နိုင်ရန် အကူအညီပေးရေးဝန်ထမ်းများ ကြိုးပမ်း
24htopnews | November 23, 2024 12:12 AM CST

အာဖဂန်နစ္စတန်နိုင်ငံတွင် ဂယ်နက်ဇ် အမည်ရှိအမျိုးသမီးသည် ကဘူးလ်မြို့တော်သို့သွားရာ အေးခဲလွန်းသည့် အဝေးပြေးလမ်းမပေါ်တွင် ၎င်း၏အလွန်အေးခဲနေသော စောင်ကိုခြုံထားပေးသည့် အသက် ၁၈ လအရွယ်သားဖြစ်သူကို နွေးထွေးစေရန်အတွက်အပူပေးရန်မှာ စက္ကူ၊ အဝတ်စုတ်များနှင့် အနီးအနားရှိ သစ်ရွက်သစ်ခတ်များကိုသာ အမှီပြု၍ မီးဖိုခဲ့သည်။

၄၅ မိုင် အကွာအဝေးရှိ အဝေးပြေးလမ်းတွင်နှင်းများဖုံးလွှမ်းလျက် ရှိသည်။ ရံဖန်ရံခါ၌ ယာဉ်မောင်းတစ်ဦးသည် ၎င်း၏ကားကိုအရှိန်လျှော့ကာ အသက် ၂၈ နှစ်အရွယ် ဂယ်နက်ဇ်ရဲ့လက်ထဲကိုငွေစက္ကူအချို့ ပေးခဲ့သည်။ ဂယ်နက်ဇ်သည် ၎င်း၏ ညီမဖြစ်သူ အသက် ၁၆ နှစ်အရွယ် ခါလီဒါနှင့်အတူ အဝေးပြေးလမ်းမတစ်နေရာတွင် နာရီပေါင်းများစွာ ထိုင်၍ ကားများမှ ငွေကြေးများ ပေးကမ်းစွန့်ကြဲမှုကို ရယူနေသည်။

ဂယ်နက်ဇ်သည်နေ့အလိုက် အာဖဂန်ငွေကြေး ၃၀၀ (၂.၈၅ ဒေါ်လာ)ကို ရရှိသော်လည်း ယင်းငွေကြေးထက်လျော့၍ ရရှိသည့်နေ့က ပိုများနေသည်။

သြဂုတ်လက တာလီဘန်တို့သည် အာဖဂန်၏အာဏာကို ထိန်းချုပ်ခဲ့ပြီးနောက် ဒေါ်လာဘီလျံနှင့်ချီသည့် နိုင်ငံတကာထောက်ပံ့မှုများ ရပ်ဆိုင်းသွားခဲ့ပြီး စစ်ပွဲ၊ မိုးခေါင်ရေရှားမှုနှင့် ရေကြီးမှုတို့ကြောင့် ဆင်းရဲတွင်းနက်နေသည့် အာဖဂန်သည် လူသားချင်းစာနာထောက်ထားမှု ကပ်ဘေးသို့ ကျရောက်ခဲ့သည်။

သို့သော် မကြာသေးမီသီတင်း ပတ်များအတွင်း ဆောင်းရာသီအလွန်အေးခဲသည့် အခြေအနေမှာ ဒုက္ခရောက်နေသော လူအများစုအား အခြေအနေပိုမိုဆိုးရွားလာစေသည့်အတွက် အစားအစာနှင့် လောင်စာ မရှိသောကြောင့် အငတ်ဘေးနှင့် ချမ်းအေးမှုဒဏ်မှသန်းနှင့်ချီသော လူများကို ကယ်တင်နိုင်ရန် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များက အပူတပြင်း ကြိုးပမ်းလုပ်ဆောင်နေသည်။

ဆင်းရဲချို့တဲ့သူများအတွက် ဟင်းချက်နိုင်ရန်အတွက် မီးအပူ ရရှိရန် လိုအပ်သော ကျောက်မီးသွေး သို့မဟုတ် ထင်းကို နှင်းခဲနေသည့် လမ်းများမှ သွားရောက်ရယူရခြင်း သို့မဟုတ် အကူအညီပေးရေးအဖွဲ့များထံမှ ရရှိနိုင်သည်။

“လက်ရှိမှာ အာဖဂန်နစ္စတန် ပြည်သူတွေအတွက်ပြဿနာက သေရေးရှင်ရေးတမျှ ဖြစ်နေပါတယ်။ ကျွန်တော်တို့တွေ အချိန်နဲ့အမျှ ကြိုးပမ်းနေပါတယ်။ ကျွန်တော်တို့တွေ ဝေးကွာလွန်းတဲ့ဒေသတွေက အလွန်ခက်ခဲနေတဲ့မိသားစုတွေဆီ အကူအညီတွေရောက်ရှိနိုင်ဖို့ လိုနေပါတယ်။ အခုဆောင်းရာသီပါ။ နှင်းတွေ အရမ်းကျပြီး အေးခဲနေပါတယ်” ဟု အာဖဂန်နစ္စတန်ရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ ပြောရေးဆိုခွင့်ရှိသူ ရှယ်လေ သက်ရယ်က ပြောကြားခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှု ကုန်ကျစရိတ်မှာ ယိမ်းယိုင်နေပြီး ယခုနှစ်အတွင်း WFP တစ်ခုတည်းမှ ဒေါ်လာ ၂.၆ ဘီလျံလိုအပ်လိမ့်မည်ဟု သက်ရယ်က ဆိုသည်။

သန်းနှင့်ချီသည့် အာဖဂန်နိုင်ငံသားများကဲ့သို့ ကဘူးလ်မြို့တော်မှ ၃၈ ကီလိုမီတာအကွာ လိုဂါပြည်နယ်ရှိ ဆာဒါရတ်နှင့် ၎င်း၏ကလေးငါးဦးသည် ၎င်းတို့၏ကျေးလက်နေအိမ်တွင် ဆင်းရဲချို့တဲ့မှုဒဏ်ကို ခံစားနေရသည်။

နောက်ထပ် ရီဇာ ဂေါလ်အမည်ရှိ အမျိုးသမီးကလည်း ၎င်းတွင် ကလေး ၁၀ ဦးရှိပြီး ၎င်း၏ခင်ပွန်းမှာလည်း အလုပ်ကြမ်းအလုပ်ရရှိသည့် နေ့တိုင်းတစ်နေ့လျှင် တစ်ဒေါ်လာအောက်သာ ရရှိသည်။

“ကျွန်မတို့ဘာလုပ်နိုင်မှာလဲ။ ကျွန်မတို့ ဘယ်သွားနိုင်မှာလဲ”ဟု ၎င်းက ညည်းညူပြောကြားခဲ့သည်။

လိုဂါပြည်နယ်ရှိ တာလီဘန်အုပ်ချုပ်ရေးသမားများသည် WFP ၏အကူအညီပေးရေး အလုပ်များကို ကြားဝင်စွက်ဖက်ခြင်းမရှိဘဲ အကူအညီဖြန့်ချိသည့်နေရာများသို့ လုံခြုံရေး စီစဉ်ထောက်ပံ့ပေးခဲ့သည်ဟု အကူအညီပေးရေးပစ္စည်းများဖြန့်ချိမှုတွင် စီမံခန့်ခွဲနေသည့် ဟက်စ်စိန် အန်ဒီရှာက ပြောကြားခဲ့သည်။

အကူအညီပေးရေးအဖွဲ့များနှင့် နိုင်ငံတကာအသိုက်အဝန်းက အာဖဂန်၏တာလီဘန် အုပ်ချုပ်သူများနှင့် တိုက်ရိုက်သဘောတူညီချက် မရှိဘဲ ကမ္ဘာ့အဆိုးဆုံး လူသားချင်း စာနာထောက်ထားမှုကပ်ဘေးများမှ တစ်ခုကို ဖြေရှင်းနိုင်ရန် ရုန်းကန်နေကြသည့်တိုင် အလှူရှင်များ၏ လှူဒါန်းမှုများသည် လိုအပ်နေသူများထံ တိုက်ရိုက်ရောက်ရှိသည်ဟု WFP ပြောရေးဆိုခွင့်ရှိသူ သက်ရယ်က ပြောကြားခဲ့သည်။

“ပြည်သူတွေကပထမပါ။ ဒီလူသားချင်းစာနာမှုအကျပ်အတည်းအတွက်ဒီအချက်က အမှတ်ရစေဖို့ အရေးကြီးပါတယ်။ ကျွန်မတို့တွေ အာဖဂန်အုပ်ချုပ်သူတွေနဲ့ သဘောတူညီချက်တစ်ခုမှ မရှိဘဲ လွတ်လပ်စွာ လုပ်ကိုင်နေတဲ့အတွက်အလှူပစ္စည်း မှန်သမျှ လူတွေဆီတိုက်ရိုက်ရောက်ရှိမယ်ဆိုတာ အာမခံနိုင်ပါတယ်” ဟု သက်ရယ်က ပြောကြားခဲ့သည်။


READ NEXT
Cancel OK