Top News

ဆော်ဒီသို့ လက်နက်များပို့ရန် စီစဉ်နေမှုအတွက် ပြင်သစ် ထပ်မံဝေဖန်ခံနေရ
24htopnews | November 22, 2024 6:12 AM CST

လက်နက်များ တင်ဆောင်ရန်အတွက် ဆော်ဒီအာရေဗျမှ ကုန်တင်သင်္ဘောတစ်စင်းသည် ပြင်သစ်တောင်ပိုင်းရှိ ဆိပ်ကမ်းတစ်ခုတွင် မေ ၂၈ ရက်၌ ဆိုက်ကပ်ခဲ့ကြောင်း စုံစမ်းဖော်ထုတ်သည့် သတင်းဝက်ဘ်ဆိုက်တစ်ခုက ဖော်ပြခဲ့ရာ ဆိုးရွားသော ယီမင်လက်နက်ကိုင်ပဋိပက္ခတွင် အသုံးပြုနေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြခဲ့ကြသော လက်နက်များအား ဆော်ဒီသို့တင်ပို့မှု အတွက် ပြင်သစ်သည် ထပ်မံဝေဖန် ခံခဲ့ရသည်။

ပြင်သစ်လက်နက်များအား အလားတူ ပို့ဆောင်ရန် စီစဉ်နေကြောင်း ယခုလအစောပိုင်းတွင် Disclose ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ရာ ဆော်ဒီသည် ထိုလက်နက်များအား သင်္ဘောပေါ်တင်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။ ယခုသင်္ဘောတွင်မူ ပြင်သစ်၏ Caesar အမြောက်များအတွက် အသုံးပြုသည့် ခဲယမ်းမီးကျောက်များ တင်ရန်ဖြစ်ပြီး မာဆေးလ်မြို့အနီး မြေထဲပင်လယ်ဆိပ်ကမ်း Fos-sur-Mer တွင် တင်ဆောင်ရန် စီစဉ်ထားကြောင်း Disclose က ဖော်ပြခဲ့သည်။

ထိုကိစ္စအား စုံစမ်းစစ်ဆေးနေကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဖလောရင့်ပါလီက ပါလီမန်တွင် ပြောကြားခဲ့သည်။ ဆော်ဒီသို့ လက်နက်များ ရောင်းချရန်ခွင့်ပြုမှုအတွက် ပြင်သစ်ပါလီမန်က အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ယင်းကဲ့သို့ လက်နက်များ တင်ဆောင်နေခြင်းသည် အမှန်ဖြစ်ပါကလည်း အံ့သြစရာ မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြင်သစ်သည် ဆော်ဒီနှင့် သဘောတူညီချက် ရထား၍ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

ဆော်ဒီ ရေကြောင်းပို့ဆောင်ရေး ကုမ္ပဏီအတွက် ပြင်သစ်မှ ကိုယ်စားလှယ်တစ်ဦးက ၎င်းတို့သည် လက်နက်များ တင်ပို့သည့် မည်သည့်အစီအစဉ်တွင်မျှ မပါကြောင်း၊ ယခုသင်္ဘောသည် အရပ်ဘက်သုံးအတွက် ဂျာမနီ၏ Seimens ကုမ္ပဏီမှ လျှပ်စစ်ထုတ်လုပ်ရေး ကိရိယာများအား တင်ဆောင်ရန် အတွက်သာဖြစ်ကြောင်း၊ လက်နက်များ သို့မဟုတ် ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်မည်ဆိုသော သတင်းများသည် လုံးဝမှားယွင်းနေကြောင်း ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ယီမင်ပဋိပက္ခ၌ စစ်ရေးဝင်စွက်ဖက်ခဲ့ပြီးနောက်ပိုင်း ဆော်ဒီသည် ယီမင်အရပ်သားများအား တိုက်ခိုက်ရာတွင် ပြင်သစ်လက်နက်များကို အသုံးချနေကြောင်း လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲထားကြသည်။ ဆော်ဒီဂျာနယ်လစ် ဂျမယ်ခါရှိုဂီ အသတ်ခံရမှုကြောင့် ဂျာမနီက ပြီးခဲ့သော အောက်တိုဘာတွင် ဆော်ဒီသို့ လက်နက်များ ရောင်းချမှုအား ဆိုင်းငံ့ခဲ့မှုအတိုင်း ပြင်သစ်အစိုးရကလည်း ဆော်ဒီသို့ လက်နက်များ ရောင်းချမှုအား ဆိုင်းငံ့ထားရန် ပြင်သစ်ဥပဒေပြု အမတ်များက တိုက်တွန်းခဲ့သည်။

ဆော်ဒီသို့ တင်ပို့ခဲ့သော လက်နက်များသည် ကာကွယ်ရေး ရည်ရွယ်ချက်များသက်သက် အတွက်သာ အသုံးပြုကြောင်း ပြင်သစ်တာဝန်ရှိသူများက ကာကွယ်ခဲ့သည်။

သို့သော် Disclose ဝက်ဘ်ဆိုက်က ပြီးခဲ့သောလတွင် ပြင်သစ်လျှို့ဝှက်စစ်ဘက် မှတ်တမ်းတစ်ခုမှ တွေ့ရှိချက်များကို ကိုးကားဖော်ပြမှု၌ ပြင်သစ်လက်နက်များအား ယီမင်စစ်ပွဲတွင် အသုံးပြုခဲ့ကြောင်း ဖော်ပြခဲ့ရာ အစိုးရ၏ ထုတ်ပြန်ချက်နှင့် ကွဲလွဲနေခဲ့သည်။ ယင်းဖော်ပြမှုကြောင့် Disclose မှ သတင်းထောက် သုံးဦးသည် ပြင်သစ်ပြည်တွင်း ထောက်လှမ်းရေး အေဂျင်စီ၏ ဆက်တိုက်စစ်ဆေး မေးမြန်းခံခဲ့ရရာ မီဒီယာလွတ်လပ်ခွင့် တက်ကြွလှုပ်ရှားသူများ၏ ကန့်ကွက်မှုများ ကြုံတွေ့ခဲ့ရသည်။               

Ref : AFP


READ NEXT
Cancel OK