Top News

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ခုနစ်ခုတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော လုပ်ငန်းများအနက် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအား ဆောင်ရွက်ထားခြင်း မရှိ
24htopnews | November 22, 2024 4:12 AM CST

ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် ခုနစ်ခုတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံ ငွေဖြင့်ဆောင်ရွက်သော လုပ်ငန်းများအနက် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအား ဆောင်ရွက်ထားခြင်းမရှိကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံ ငွေစာရင်းများနှင့်စပ်လျဉ်းသည့် စစ်ဆေး တွေ့ရှိချက်အစီရင်ခံစာကို နေပြည်တော်၌ ဖေဖော်ဝါရီ ၆ ရက်ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ပြီး အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘော ထားမှတ်ချက်အစီရင်ခံစာ (၃/၂၀၁၉) ကို တင်ပြခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ နောက်ဆက်တွဲ (က) တွင် ဖော်ပြထားသော ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော လုပ်ငန်းအမျိုးအစား၊ အရေအတွက်နှင့်လုပ်ငန်းတန်ဖိုး အ သေးစိတ်ဇယားတွင် ကချင်ပြည်နယ် ၁၈ မြို့ နယ်၊ ကယားပြည်နယ် ခုနစ်မြို့နယ်၊ ကရင်ပြည်နယ် ခုနစ်မြို့နယ်နှင့် တနင်္သာရီတိုင်း ၁၀ မြို့နယ်တို့သည် မီးလင်းရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင် ဆောင်ရွက်ထားခြင်း မရှိကြောင်းနှင့် ပဲခူးတိုင်း ၂၈ မြို့နယ်၊ ရန်ကုန်တိုင်း ၄၅ မြို့နယ်နှင့် ဧရာဝတီတိုင်း ၂၆ မြို့နယ်တို့သည် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ အား ဆောင်ရွက်ထားခြင်းမရှိကြောင်း ဖော်ပြထားသည်။

အဆိုပါ အသေးစိတ်ဇယားတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုနှင့် ပြည်ထောင်စုနယ်မြေတို့၏ ရေရရှိရေး၊ လမ်း/တံတား၊ မီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ အခြားနှင့် စီမံခန့်ခွဲရေးနှင့် အထွေထွေစရိတ်များကို ဖော်ပြထားပြီး ကဏ္ဍစုံကို ချင်းပြည်နယ် ကိုး  မြို့နယ်၊ မကွေးတိုင်း ၂၅ မြို့နယ်၊ မန္တလေးတိုင်း ၂၈ မြို့နယ်နှင့် မွန်ပြည်နယ် ၁၀ မြို့နယ် တို့က ဆောင်ရွက်ထားကြောင်း ပါရှိသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ၃၇ မြို့နယ်သည် မီးလင်းရေး၊ ရခိုင်ပြည်နယ် ၁၇ မြို့နယ်သည် မီးလင်းရေးနှင့် ကျန်းမာရေး၊ ရှမ်းပြည်နယ် ၅၀ မြို့နယ်သည် ကျန်းမာရေး၊  ပြည်ထောင်စုနယ်မြေ ရှစ်မြို့နယ်သည် မီးလင်းရေးနှင့် ကျန်းမာရေးတို့အား ဆောင်ရွက်ထားခြင်း မရှိကြောင်းနှင့် ကယားပြည်နယ် ခုနစ်မြို့နယ်သည် မီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီမံခန့်ခွဲရေးနှင့် အထွေထွေ စရိတ်အတွက်ပါ ဆောင်ရွက်ထားခြင်းမရှိကြောင်း အသေးစိတ်ဇယားတွင် ဖော်ပြထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းပေါင်း ၁၂၀၅၇ ခုအတွက် ကျပ် ၃၂၄၃၁ ဒသမ ၅၈၃ သန်း ကျခံဆောင်ရွက်ခဲ့ပြီး ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းပေါင်း ၁၁၃၀၉ ခုအတွက် ကျပ် ၃၂၄၆၉ ဒသမ ၁၀၆ သန်း ကျခံဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ ဘဏ္ဍာရေးနှစ် နှစ်နှစ်လုံးတွင် ကျေးလက်လမ်းများ၊ တံတားများပြုပြင်ခြင်းနှင့် တည်ဆောက်ခြင်း လုပ်ငန်းများအတွက် ရန်ပုံငွေအများဆုံးသုံးစွဲ၍ လုပ်ငန်းအများဆုံး ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် သောက်သုံးရေနှင့် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်မှုသည် ယခင်နှစ်ထက် လုပ်ငန်း အရေအတွက်/တန်ဖိုး လျော့နည်းခဲ့ပြီး ကျေးလက်လမ်းများ၊ တံတားများပြုပြင်ခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်းများတွင် ယခင်နှစ်ထက် လုပ်ငန်းအရေအတွက်တန်ဖိုး တိုးတက်လာကြောင်း တွေ့ရှိရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆက်လက်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သော မြို့နယ် ၃၂၃ မြို့နယ်အတွက် လုပ်ငန်းဆောင်ရွက်ချက်များအပေါ် သုံးသပ်တွေ့ရှိချက်များတွင် ဖွံ့ဖြိုးရေးရန်ပုံငွေများ၊ ထောက်ပံ့ပေးမှုမှာ မြို့ နယ်တစ်ခုလျှင် ကျပ်သန်း ၁၀၀ နှုန်းဖြင့် ပုံသေထောက်ပံ့ပေးမှုဖြစ်ခြင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သော လုပ်ငန်းများတွင် ကျေးလက်လမ်းများ၊ တံတားများပြုပြင်ခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်းများအတွက် အများဆုံးသုံးစွဲခဲ့ပြီး စုစုပေါင်းအသုံးစရိတ်၏ ၇၀ ဒသမ ၄၂ ရာခိုင်နှုန်း ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရခြင်း၊ ကျေးလက်လမ်းများ၊ တံတားများပြုပြင်ခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် ၉၁ ဒသမ ၁၃ ရာ ခိုင်နှုန်း အများဆုံးခွဲဝေသုံးစွဲ၍ သုံးစွဲမှုရာခိုင်နှုန်း အနည်းဆုံးမှာ ချင်းပြည်နယ်ဖြစ်၍ ၃၀ ဒသမ ၂၉ ရာခိုင်နှုန်း တွေ့ရှိရခြင်း၊ သောက်သုံးရေနှင့် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်သည် ၂၆ ဒသမ ၉၀ ရာခိုင်နှုန်း အများဆုံးသုံးစွဲ၍ ဧရာဝတီတိုင်းဒေသကြီးတွင် ၂ ဒသမ ၉၈ ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီးတွင် ၃ ဒသမ ၆၅ ရာခိုင် နှုန်းခန့်သာ တွေ့ရှိရခြင်းနှင့် အခြားလုပ်ငန်းများဖြစ်သည့် ပညာရေးလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်းနှင့် လျှပ်စစ်လုပ်ငန်းများသည် ချင်းပြည်နယ်တွင် ၄၈ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် အများဆုံး အကောင်အထည်ဖော်ထားပြီး ကရင်ပြည်နယ်တွင် ၂ ဒသမ ၆၈ ရာခိုင်နှုန်း သာ သုံးစွဲထားခြင်းများကို ငွေစာရင်းပူးပေါင်းကော်မတီက အစီရင်ခံစာတွင် ပြောကြားထားသည်။


READ NEXT
Cancel OK