Top News

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး ဒုတိယနာယကအား  ဥက္ကဋ္ဌအဖြစ် တာဝန်ပေး၍ နိုင်ငံရေးပါတီ အသီးသီးနှင့် တပ်မတော်သား ကိုယ်စားလှယ်အရေအတွက် အချိုးကျ ပါဝင်ဖွဲ့စည်းမည်
24htopnews | November 22, 2024 4:12 AM CST

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီး ဒုတိယနာယကအား ဥက္ကဋ္ဌအဖြစ်တာဝန်ပေး၍ နိုင်ငံရေးပါတီ အသီးသီးနှင့် တပ်မတော်သားကိုယ်စားလှယ်အရေအတွက် အချိုးကျပါဝင်ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။

NLD ပါတီမှ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်း သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့်ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့တိုက်တွန်းကြောင်း အရေးကြီးအဆိုကို နေပြည်တော်၌ ဖေဖော်ဝါရီ ၆ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်အဆုံးအဖြတ် ရယူကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။

“အဆိုအတည်ဖြစ်တဲ့အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို ပြည်သူလွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်ဦးရေ တူညီမျှတစွာ သင့်လျော်သော အရေအတွက်ဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဆိုပါပူးပေါင်းကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် ဒုတိယနာယကကို တာဝန်ပေးအပ်သွားမှာဖြစ်ပြီး လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီအသီးသီးနဲ့ တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များအစုအဖွဲ့တို့မှ ကိုယ်စားလှယ်အရေအတွက် အချိုးကျပါဝင်ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့် နာယကအနေနဲ့ နိုင်ငံရေးပါတီအသီးသီးနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ ကိုယ်စားပြုတာဝန်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို သင့်လျော်တဲ့နေ့ရက်တွင် ဖိတ်ခေါ်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များရဲ့ ပါဝင်မှုကိုလည်း အဆိုပါအစည်းအဝေးမှာ ညှိနှိုင်းသတ်မှတ်သွားဖို့ဖြစ်ပါတယ်။ ဖွဲ့စည်းဆောင်ရွက်မယ့် ပူးပေါင်းကော်မတီရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နဲ့ သက်တမ်းတို့ကိုလည်း သတ်မှတ်ပေးသွားမှာ ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြအပ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားသည်။

ယင်းနေ့အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန် အရေးကြီးအဆိုနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြန်လည်ရှင်းလင်းဆွေးနွေးကာ အဆိုရှင် ဦးအောင်ကြည်ညွန့်ကလည်း အဆိုကို အ တည်ပြုနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို ခံယူလိုကြောင်း သဘောထားမှတ်ချက်ပေးခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန်ကိစ္စနှင့်ပတ်သက်ပြီး ထောက်ခံ၊ ကန့်ကွက်၊ အကြံပြု အစရှိသ ဖြင့် အမျိုးမျိုးရှိသောကြောင့် အဆိုအား စက်ခလုတ်အသုံးပြု၍ ဆန္ဒမဲပေးသောနည်းဖြင့် လွှတ်တော် အဆုံးအဖြတ်ရယူခဲ့ရာ ဆန္ဒမဲပေးခွင့်ရှိသူ ၆၂၁ မဲတွင် အဆိုအား ထောက်ခံမဲ ၄၁၄ မဲ၊ ကန့်ကွက်မဲ ၁၉၁ မဲနှင့် ကြားနေမဲ ခြောက်မဲဖြစ်၍ အဆိုအား အတည်ပြုခဲ့ခြင်း ဖြစ်သည်။

“ပါဝင်မူက အချိုးကျလို့ပြောတယ်။ ဘယ်လိုပါဝင်မယ်ဆိုတာ မသိရသေးဘူး။ အချိုးကျဆိုတာ ဘယ်နှဦးလဲ၊ ဘာလဲဆိုတာ သိမှပဲ ကိုယ့်ရဲ့ပါဝင်မှုကို မျှတမှု ရှိ မရှိ ဒါတွေလည်း ကြည့်ရမှာပေါ့။ ဒီအဆို အတည်ဖြစ်သွားပြီ ဆိုတော့ ကော်မတီဖွဲ့မယ်။ ကော်မတီဖွဲ့ဖို့လည်း ပြန်ဆွေးနွေးမယ်လို့ ပြောထားတာလေ။ ဆွေးနွေးတဲ့အခါကျမှ ဘယ်နှယောက်နဲ့ ဘယ်လိုဖွဲ့မလဲဆိုတာ ဝိုင်းဝန်းပြီးတော့ ဆွေးနွေးတဲ့အခါမှ ဘယ်သူတွေပါကြမလဲ၊ ဘယ်နှယောက် ပါကြမယ်၊ နောက်ကော်မတီရဲ့လုပ်ပိုင်ခွင့်တွေ ဘာတွေဆုံးဖြတ်မယ်။ အဲဒီအခါကျမှပဲ ကျွန်တော်တို့ သိရမှာပေါ့။ အခုတော့လည်း ဘာမှမပြောနိုင်သေးဘူး။ ကျွန်တော်တို့က ဒီအဆိုကို သဘောမတူလို့ မဲပေးတာ။ ဒီအဆိုက ဥပဒေနဲ့မညီလို့ ကန့်ကွက်တယ်။ အခုကျတော့ ဒီအဆိုကို သဘောတူလား မတူ လားမေးတော့ သဘောမတူလို့ မဲပေးတာ။ မတူဘူးဆိုတဲ့အကြောင်းပေးတာ ကန့်ကွက်မဲပေးတာ” ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာဆောင် ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန်ကိစ္စကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဇန်နဝါရီ ၂၉ ရက်ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ (က) ပြင်ဆင်ရေး ဆွေးနွေး မှုများကို ၂၀၁၅ ခုနှစ် ဇွန် ၂၃ မှ ၂၅ ရက်အထိ သုံးရက်ကြာ ပြုလုပ်ခဲ့သည်။

၂၀၁၅ ခုနှစ် ဇွန် ၂၅ ရက်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉ (ဃ)၊ ပုဒ်မ ၅၉ (စ)၊ ပုဒ်မ ၆၀ (ဂ)၊ ပုဒ်မ၄၁၈ (ခ)၊ ပုဒ်မ ၄၃၆ (က)နှင့် ပုဒ်မ ၄၃၆ (ခ)တို့ကို မဲခွဲဆုံးဖြတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မဲခွဲဆုံးဖြတ်မှုပြုလုပ်ရာတွင် မဲစာရွက်အသုံးပြု၍ လျှို့ဝှက် ဆန္ဒမဲ ပေးခြင်းနည်းလမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ မဲစာရွက်တွင် မဲခွဲဆုံးဖြတ်မည့် ပုဒ်မများ ပါဝင်ပြီး ယင်းပုဒ်မဘေးတွင် ထောက်ခံပါက အမှန်ခြစ်ရမည်ဖြစ်ကာ မထောက်ခံပါက ကြက်ခြေခတ်သည့်ပုံစံဖြင့် မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ ၅၉ (စ)နှင့် လွှတ်တော်တွင် တပ်မတော်၏အခန်းကဏ္ဍကို အရေးပါစေသည့် ပုဒ်မ ၄၃၆ တို့ကိုလည်း ပြည်ထောင်စုလွှတ် တော်၌ မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့သည်။ ဆန္ဒမဲလက်မှတ်အသုံးပြုပြီး လျှို့ဝှက်မဲခွဲဆုံးဖြတ်ရာတွင် ပုဒ်မ ၅၉ (ဃ) သည် ထောက်ခံမဲ ၅၆၆ မဲ၊ ပုဒ်မ ၅၉ (စ) သည် ထောက်ခံမဲ ၃၇၁ မဲ၊ ပုဒ်မ ၆၀ (ဂ) သည် ထောက်ခံမဲ ၃၈၆ မဲ၊ ပုဒ်မ ၄၁၈ (ခ) သည် ထောက်ခံမဲ ၃၈၆ မဲ၊ ပုဒ်မ ၄၃၆ (က)သည် ထောက်ခံမဲ ၃၈၈ မဲ၊ ပုဒ်မ ၄၃၆ (ခ) သည် ၃၈၈ မဲ အသီသီးရရှိခဲ့သည်။ ထို့ ကြောင့် ပုဒ်မ ၅၉ (ဃ) တစ်ခုတည်းသာ ထောက် ခံမဲ ၅၆၆ မဲရရှိသဖြင့် ၇၅ ရာခိုင်နှုန်းကျော်သောကြောင့် ပြင်ဆင်နိုင်ခဲ့သည်။

 


READ NEXT
Cancel OK