Top News

နိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး စိတ်ချရပါက လုံခြုံရေး အခြေအနေကို စဉ်းစားနေမည် မဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား 
24htopnews | November 22, 2024 4:12 AM CST



နိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး စိတ်ချရပါက လုံခြုံရေးအခြေအနေကို စဉ်စားနေမည်မဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 

  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျိုင်းတုံဒေသခံများ၏ တွေ့ဆုံပွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် တပ်မတော်က လုံခြုံရေးအရ ပိတ်ထားသည့် မိုင်းလား-ကျိုင်းတုံလမ်း အမြန်ဆုံးဖွင့်လှစ်နိုင်ရေးနှင့် ဆားစ်ရောဂါကြောင့် တရုတ်နိုင်ငံဘက်အခြမ်းက အချိန်ကြာမြင့်စွာ ပိတ်ထားသည့် တရုတ်နယ်စပ်လမ်းအား ပြန်လည် ဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်ပေးရန် ဒေသခံတစ်ဦးက စာဖြင့်တင်ပြထားမှုအပေါ် ရှင်းလင်းပြောကြားရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ နိုင်ငံအတွင်းမှာ ငြိမ်းချမ်းရေး ရှိရင်၊ တည်ငြိမ်းရေးဟာ စိတ်ချရတယ်ဆိုလို့ရှိရင် လုံခြုံရေးကိစ္စတွေကို တစ်ချိန်လုံး ကျွန်မတို့ စဉ်းစားနေမှာ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးမရသေးသည့်အတွက် လုံခြုံရေးပြဿနာရှိကြောင်း၊ ထို့ကြောင့် လုံခြုံရေးဘက်ကို ကြည့်ရှု၍ တစ်ခါတရံ လမ်းပိတ်ထားရမှုများရှိကြောင်း၊ ထို့အတူ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေအရ ကူးစက်ရောဂါ များနှင့်ပတ်သက်၍ မည်မျှထိန်းချုပ်နိုင်ကြောင်းကို တခြားနိုင်ငံက ကြည့်ရှုကြောင်း နှင့် ရောဂါမပြန့်စေလိုသည့်အတွက် လမ်းပိတ်ထားခြင်းသည် မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုအပေါ် ၁၀၀ ရာခိုင်နှုန်း စိတ်မချခြင်းကြောင့်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ဒီလမ်းတစ်ခု ဖွင့်တဲ့ ပိတ်တဲ့ ကိစ္စတစ်ခုတောင်မှ ကျွန်မတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ ၊ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး ရှိမှု အခြေအနေအပေါ်မှာ မူတည်တယ်ဆိုတာ အခု ကျွန်မတို့ရဲ့ ပြည်သူလူထုတွေ သဘောပေါက်လိမ့်မယ်လို့ ကျွန်မမျှော်လင့် ပါတယ်။ ကျွန်မတို့က နိုင်ငံရေးအရ တစ်ဖက် နိုင်ငံနဲ့ ဆွေးနွေးပြီးတော့ အမြန်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ့မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဆက်လက်၍ ငြိမ်းချမ်းရေးမရှိပါက ဖွံ့ဖြိုးတိုးတက်ရေးကို ရေရှည်ထိန်းသိမ်း၍ မရသကဲ့သို့ ဖွံ့ဖြိုးတိုတက်မှု မရှိပါကလည်း ငြိမ်းချမ်းရေးကို ရေရှည်ထိန်းသိမ်း၍ မရနိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ကျွန်မတို့နိုင်ငံ တိုးတက်ဖို့ဆိုတာဟာ ဖွံ့ဖြိုးတိုးတက်မှုရှိဖို့လည်း လိုတယ်။ငြိမ်းချမ်းရေး ရှိဖို့လည်း လိုတယ်။ ဒီနှစ်ခုဟာ ဆက်စပ်နေတယ်။ ဒါကိုလည်း ကျွန်မတို့ အထပ်ထပ် အခါခါ ပြောပါတယ်။ ငြိမ်းချမ်းရေး တည်တံ့ ခိုင်မြဲလို့ရှိရင် ဖွံ့ဖြိုးတိုးတက်မှုဟာလည်း လိုပါတယ်။ ဖွံ့ဖြိုးတိုးတက်ဖို့မှု တည်တံ့ခိုင်မြဲဖို့ဆိုရင် ငြိမ်းချမ်းရေးက လိုပါတယ်။ငြိမ်း ချမ်းရေး မရှိဘဲနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကျွန်မတို့ ရေရှည်မှာ ထိန်းသိမ်းထားလို့ မရပါဘူး။ ဖွံ့ဖြိုးတိုးတက်မှု မရှိဘဲနဲ့လည်း ငြိမ်းချမ်းရေးကို ကျွန်မတို့ ရေရှည်မှာ ထိန်းသိမ်းထားလို့ မရ ပါဘူး”  ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

သို့သော်လည်း တစ်ဖက်နိုင်ငံနှင့် ဆွေးနွေးခြင်းထက် ပို၍အရေးကြီးသည်မှာ နိုင်ငံအတွင်း ပြဿနာများနှင့် အချင်းချင်း ပြေလည်အောင် ဖြေရှင်းနိုင်ရေးသည် အရေးအကြီးဆုံးဖြစ်ကြောင်းနှင့် လုံခြုံရေးကိစ္စကို အခြေခံ၍ လမ်းဖွင့်ရေးပိတ်ရေးအား ဆုံး ဖြတ်ရခြင်းသည်ပင် မြန်မာနိုင်ငံ၏ လိုအပ်ချက်ကြီး တစ်ခုဖြစ်ကြောင်းကို ထောက်ပြ နေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့အပြင် ကျိုင်းတုံမြို့တွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ အဆင့်မြှင့်တင်ပေးရန် ဒေသခံတစ်ဦးက စာဖြင့်တင်ပြခဲ့ပြီး အဆိုပါကိစ္စသည် ပြည်နယ်အစိုးရအဖွဲ့က ကိုင်တွယ်ရသော ကိစ္စဖြစ်ကာ ၎င်းအနေဖြင့် ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက ပြည်နယ်အစိုးရနှင့်ပြည်သူလူထုအကြား ရှိသင့်သောဆက်သွယ်မှု မရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“အဲဒီတော့ ကျွန်မတို့ ကြုံတုန်း တိုက်တွန်းပါရစေ။ ပြည်နယ်အစိုးရကနေ ပြည်နယ်လူထုတွေနဲ့ ထိတွေ့မှုကို မြှင့်တင်ပါ။မကြာခဏ ထိတွေ့ပါ။လိုအပ်တဲ့ကိစ္စတွေကို ကိုယ်တိုင်ဖြေရှင်းပေးပါ။ ဗဟိုကလာပြီး ဖြေရှင်းရတယ်ဆိုတာ မသင့်လျော်ပါဘူး။ မြို့ တွင်းမှာရှိတဲ့ ကိစ္စတွေတောင်မှ ဗဟိုအစိုးရကနေ ဒီနေ့လာလို့ ဖြေရှင်းရမယ်ဆိုလို့ရှိရင် ဒါ မသင့်လျော်ပါဘူး”  ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်နေသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ရေးအတွက်ဆိုပါက ပြည်နယ်များသည် ၎င်းတို့၏ အခွင့်အရေးများရှိသကဲ့သို့ တာဝန်များလည်း ရှိကြောင်း၊ အခွင့် အရေးများ လိုချင်ပြီး တာဝန်များ မထမ်းဆောင်နိုင်ပါက မြန်မာနိုင်ငံအနေဖြင့် တိုးတက်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ ဖေဖော်ဝါရီ ၅ ရက်က ရောက်ရှိပြီး တာချီလိတ်နှင့် မိုင်းယောင်းမြို့နယ်များမှ ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကာ ဖေဖော်ဝါရီ ၆ ရက်တွင် ကျိုင်းတုံနှင့် မိုင်းတုံ မြို့နယ်တို့မှ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။


READ NEXT
Cancel OK