Top News

၇၂ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား ကျင်းပ
24htopnews | November 22, 2024 4:12 AM CST

၇၂ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး၊ မိန့်ခွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

၇၂ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို တောင်ကြီးမြို့၊ အဝေရာ ကုန်းသာယာ မီးပုံးပျံကွင်းတွင် ဖေဖော်ဝါရီ (၇) မနက် ၈ နာရီအချိန်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတော်အဆင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ၇၂ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် ပြခန်းပေါင်း (၃၀) ရှိပြီး၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ပြခန်းများ (၁၂) ခန်း နှင့် ဌာနဆိုင်ရာများ (၁၈) ခန်း ပါဝင်ပြီး၊ အဝေရာ ကုန်းသာယာ မီးပုံးပျံကွင်း ပတ်ပတ်လည်တွင် ဆိုင်ခန်းများ ဖွင့်လှစ်၍ သက်ဆိုင်ရာ တိုင်းရင်းသား ရိုးရာဓလေ့ အသုံးအဆောင်၊ ဝတ်စား ဆင်ယင်မှုများ နှင့် သမိုင်းကြောင်း မှတ်တမ်းများကို ပြသခြင်း၊ ဌာနဆိုင်ရာ ပြခန်းများတွင် လုပ်ဆောင်ချက်များကို ပြသထားခြင်း ဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၇ မှ စတင်၍ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့အထိ ပြခန်းများကို ခင်းကျင်းပြသထားမည်ဖြစ်ကာ၊ တိုင်းရင်းသား ရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးမှ တိုင်းရင်းသား အဖွဲ့အစည်းပေါင်းများစွာ တက်ရောက်လာကြခြင်းဖြစ်ပြီး၊ ရှမ်းတောင်မှ အင်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ ထနော့ ရှမ်းမြောက် တွင် ရှမ်း၊ လီဆူ၊ ကချင်၊ ရှမ်းအရှေ့တွင် ၀၊ ကိုးကန့်၊ လားဟူ ၊ အာခါ စသည့် ရှမ်းပြည်နယ်တွင်း နေထိုင်ကြသည့် တိုင်းရင်းသား အဖွဲ့အစည်းပေါင်းစုံ တက်ရောက်လာကြခြင်းဖြစ်ကြောင်း သိရသည်။

(၇၂) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို နိုင်ငံတော်အဆင့် ထူးခြားစွာ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ အစိုးရသစ် လက်ထက်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တောင်ကြီးမြို့သို့ လာရောက်သော ခရီးစဉ်တစ်ခုလည်း ဖြစ်ကာ၊ တောင်ကြီးမြို့ကို လာရောက်သည့် ဖေဖော်ဝါရီ ၆ ရက်နေ့မှ စတင်၍ ဒေသခံ တိုင်းရင်းသားတို့သည် သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပြီး၊ အဝေရာ မီးပုံးပျံကွင်းတွင်လည်း ကွင်းပြည့်ကွင်းလျှံ လာရောက် အားပေးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်လာသူပေါင်း (၃၄၀၀) ကျော် ရှိပြီး၊  နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အား လာရောက် ကြည့်ရှု ဂါရဝ ပြုသူပေါင်း တစ်သောင်းကျော် ရှိမည်ဟု ခန့်မှန်းကြောင်း ရှမ်းပြည်နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်မှူး ဦးစိုးညွန့်ရွှေက ပြောသည်။

“ ကျွန်တေ်ာတို့ ပြသထားတဲ့ တိုင်းရင်းသား ရိုးရာ ဝတ်စုံ တိုင်းရင်းသား အသုံးအဆောင်တွေကို ပြသထားတာ ဖြစ်တဲ့အတွက် ဒီမှာ ရှိနေတဲ့ ဒေသခံတွေရော ၊ တိုင်းရင်းသား ရိုးရာဓလေ့တွေကို လာရောက်ပြီးတော့ ကြည့်ရှု လေ့လာနိုင်ပါတယ်။ ရှမ်းပြည်နယ်နေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ အဓိကထားပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော် အဆင့် ကျင်းပနေခြင်းလည်း ဖြစ်ပြီးတော့ ဖေဖော်ဝါရီ ၇ ရက်နေ့မှ ၁၂ ရက် နေ့ အထိ ဆက်တိုက် ခင်းကျင်း ပြသသွားမှာလည်း ဖြစ်ပါတယ်။ ”

ဟု ရှမ်းပြည်နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေက ပြောကြားသည်။

အဆိုပါ ကွင်းအတွင်း သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် အရပ်ဖက်အဖွဲ့အစည်းများ စုပေါင်း၍ တိုင်ကြားစာများ လက်ခံရာဌာနလည်း ဖွင့်လှစ်ထားပြီး၊ နေ့လည်ပိုင်း အချိန်ထိ တိုင်ကြားစာပေါင်း (၈၀) ကျော် လက်ခံရရှိထားပြီး၊ တစ်နေကုန် လက်ခံသွားမည်ဖြစ်ကာ၊ ညနေခင်း (၅) နာရီအချိန်တွင် တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး မှ လက်ခံရရှိခဲ့သော တိုင်ကြားစာများကို စာရင်းပြုစု၍ နိုင်ငံတော်အတိုင်ပင်ခံ ရုံးအဖွဲ့၊ တိုင်ကြားစာများ လက်ခံသည့် ဌာနသို့ လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေ့ခင်းပိုင်း ၂ နာရီခန့် အချိန်တွင် ရှမ်းပြည်နယ် တောင်ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံး၊ (တောင်ကြီးမြို့) ရုံးဖွင့်ပွဲ သွားရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK