Top News

ရှမ်းပြည်နယ် နမ့်စန်မြို့တွင် သုည ဒီဂရီစင်တီဂရိတ်အထိ အေးနေပြီး နောက်နှစ်ရက်အထိ မန္တလေး၊ မကွေး၊ ကချင်၊ ရှမ်း၊ ချင်းပြည်နယ်နှင့် နေပြည်တော်တို့တွင် ညအပူချိန်များလျော့နည်းမည်
24htopnews | November 21, 2024 6:12 PM CST

ရှမ်းပြည်နယ် နမ့်စန်မြို့တွင် သုည ဒီဂရီ စင်တီဂရိတ်အထိ အေးနေပြီး နောက်နှစ်ရက်အထိ မန္တလေး၊ မကွေး၊ ကချင်၊ ရှမ်း၊ ချင်း ပြည်နယ်နှင့် နေပြည်တော်တို့တွင် ညအပူ ချိန်များလျော့နည်းမည်ဖြစ်ကြောင်း  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

“ဒီဇင်ဘာကတော့ ပုံမှန်အားဖြင့် အေးတယ်။ လေးအေးရပ်ဝန်းပိုကောင်းလာတဲ့အတွက် အေးတာ၊ နှစ်တိုင်းလိုလိုအေးနေကျ ဖြစ်တယ်။ လက်ရှိမှာ တရုတ်နိုင်ငံပေါ်က လေဖိအားကြီးရပ်ဝန်းက အားကောင်းနေတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံတောင်ပိုင်းအထိ တိုးဝင်နေတယ်။ ဒါကြောင့်မို့လို့ လက်ရှိမှာ တစ်ပြည်လုံးလိုလိုအေးနေတယ်။ ခန့်မှန်းထားတာတာကတော့ နှစ်ရက်လောက်အထိ တစ်ပြည်လုံးလိုလို အေးနေ ဦးမှာဖြစ်တယ်” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းကပြောကြားသည်။

ထို့ပြင် ရှမ်းပြည်နယ် နမ့်စန်မြို့တွင် သုည ဒီဂရီစင်တီဂရိတ် အေးနေကြောင်း၊ ချင်းပြည်နယ်သည် ပုံမှန်အားဖြင့် ဒီဇင်ဘာ ကာလတွင် အနှုတ်အထိ အအေးပိုခဲ့မှုများရှိကြောင်း ဦးလှထွန်းကပြောကြားသည်။

“ရှမ်းပြည်နယ်ဆိုရင် နမ့်စန်းတို့၊ ပင်လောင်းဆိုရင် ဒီဇင်ဘာလကုန်မှာဆိုအနုတ် လောက်ထိအေးခဲ့တာရှိတယ်။ ဒီရက်မတိုင် ခင်တုန်းက အပူချိန်ဒီလောက်မကျသေးဘူး။ ရုတ်ချည်းအပူချိန်ကျသွားတဲ့အတွက် အေးတယ်လို့ခံစားရတာ၊ အရမ်းအပူချိန် ကျသွားတာတော့မဟုတ်ဘူး။ လာမယ့် နှစ်ရက်လောက်နေပြီးရင်တော့ အအေးနည်း နည်းပြန်ပေါ့သွားနိုင်တယ်” ဟု ဦးလှထွန်းက ပြောကြားသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဒီဇင်ဘာ ၇ ရက် မိုးလေဝသ အခြေအနေထုတ်ပြန်ချက်တွင် စစ်ကိုင်း တိုင်း‌ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ကျန်တိုင်း ဒေသကြီး နှင့် ပြည်နယ်တို့တွင် အများအားဖြင့်သာယာခဲ့ကြောင်း သိရသည်။

ညအပူချိန်များအနေဖြင့် ရှမ်းပြည် နယ် (မြောက်ပိုင်း) တွင် ဒီဇင်ဘာ၏ ပျမ်းမျှ အပူချိန် အောက် ၇ ဒီဂရီစင်တီဂရိတ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ကယားပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ အောက် ၅ ဒီဂရီစင်တီဂရိတ်မှ ခြောက်ဒီဂရီစင်တီဂရိတ် အထိ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်း မျှ အပူချိန်တို့အောက်  သုံးဒီဂရီစင်တီဂရိတ် မှ လေးဒီဂရီစင်တီဂရိတ်အထိနှင့် စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည် နယ်(တောင်ပိုင်း)တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့အောက် နှစ်ဒီဂရီစင်တီ ဂရိတ် လျော့နည်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှ အပူချိန်ခန့်သာ ရှိခဲ့ကြောင်း၊ ထူးခြားသည့် ညအပူချိန်များအနေဖြင့် နမ့်စန်မြို့တွင် သုည ဒီဂရီစင်တီဂရိတ်၊ ဟဲဟိုးမြို့နှင့် မိုင်းယန်းမြို့ တို့တွင် ၂ ဒီဂရီ စင်တီဂရိတ်စီ၊ ပူတာအိုမြို့၊ လားရှိုးမြို့နှင့် မိုးကုတ်မြို့တို့တွင် ၃ ဒီဂရီ စင်တီဂရိတ်စီ၊ သီပေါမြို့၊ ကျောက်မဲမြို့နှင့် လွိုင်လင်မြို့တို့တွင် ၄ ဒီဂရီစင်တီဂရိတ်စီ၊ ဟားခါးမြို့တွင် ၅ ဒီဂရီစင်တီဂရိတ်၊ညောင် ရွှေမြို့၊ ကျိုင်းတုံမြို့၊ တီးတိန်မြို့နှင့် ပြင်ဦး လွင်မြို့တို့တွင် ၆ ဒီဂရီစင်တီဂရိတ်စီနှင့် မိုးမိတ်မြို့၊ မိုင်းဆတ်မြို့၊ မင်းတပ်မြို့၊ ရမ်က လောင်းနှင့် လွိုင်ကော်မြို့တို့တွင် ၇ ဒီဂရီ စင်တီဂရိတ်စီ ဖြစ်ကြောင်း မိုးဇလထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဘင်္ဂလားပင်လယ်အော်တောင် ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂ လားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၈ ရက် မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည် နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ် ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် အများအားဖြင့် သာယာမည်ဖြစ် ကြောင်း၊ နောက်နှစ်နှစ်ရက်အတွက် ခန့်မှန်း ချက်အနေဖြင့် နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် ညအပူချိန်များ လျော့နည်းနေမည် ဖြစ်ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။

 

 


READ NEXT
Cancel OK