တစ်သျှူးငှက်ပျောစိုက်ပျိုးခြင်းများကို စည်းကမ်းတကျထိန်းသိမ်းကွပ်ကဲနိုင်စေရန်နှင့် ရသင့်သော အခွန်ဘဏ္ဍာများ ရရှိနိုင်ရန် မူဝါဒလမ်းညွှန်မှုတစ်ရပ်ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်သည်။
ယင်းအဆိုကို ဒီဇင်ဘာ ၄ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်း အဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက တင်သွင်း ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် ပြည်သူအများစု၏ ရှေးအစဉ်အဆက် မှီခိုအားထားနေရသည့် အဓိက အသက်မွေးဝမ်းကျောင်းဖြစ်သည့်အပြင် နိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း အလွန်အရေးပါသည့်ကဏ္ဍတစ်ခု ဖြစ်ကြောင်း၊ နိုင်ငံအတွင်း မြေယာနှင့် ရေအ ရင်းအမြစ်အပါအဝင် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝခြင်းနှင့် စိုက်ပျိုးဖြစ်ထွန်းမှုများကြောင့် ရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ပုံစံအမျိုးမျိုးနှင့် ဖြန့်ကြက်လုပ်ဆောင်လျက်ရှိကြောင်း အဆိုရှင်က လွှတ်တော်၌ ပြောကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့်လည်း နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စိုက်ပျိုး ရေးရင်းနှီးမြှုပ်နှံမှုကဏ္ဍကို အရေးကြီးသည့် လုပ်ငန်းစုအဖြစ် ရှုမြင်ပြီး ပိုမိုဖွံ့ဖြိုးတိုးတက် မှုမြှင့်တင်ရန် နည်းဥပဒေများ၊ မူဝါဒနှင့် လမ်းညွှန်မှုများကို သုံးသပ်ချမှတ်လျက်ရှိကြောင်း အဆိုရှင်က ပြောကြားသည်။
“ခေတ်အဆက်ဆက် ရှည်ကြာခဲ့တဲ့ ပြဿနာများ၊ ပဋိပက္ခများဟာ နိုင်ငံ့လူမှုစီးပွားရေးအတွက် အချို့နေရာတွေမှာ ယနေ့ ထက်ထိ ခက်ခဲစွာရုန်းကန်နေရပြီး မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိုးရေးရင်းနှီးမြှုပ်နှံမှုများကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အငြင်းပွားမှုများ၊ ဖြေရှင်းရခက်တဲ့ ပြဿနာများတို့နဲ့ ကြုံတွေ့နေရချိန်မှာ ဆိုင်ရာဌာန အသီးသီးတို့က တစ်ပြိုင်နက်ပူးပေါင်းပါဝင် နိုင်ပါမှ ပိုမိုလွယ်ကူလျင်မြန်စွာ ဖြေရှင်းပြေလည်နိုင်မယ်လို့ ရှုမြင်သုံးသပ်မိပါတယ်။ ဆယ်စုနှစ်တစ်ခုမက ကချင်ပြည်နယ်မှ စတင်ခဲ့တဲ့ တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးရင်းနှီး မြှုပ်နှံမှုလုပ်ငန်းဟာ တစ်စတစ်စကြီးထွား ကျယ်ပြန့်လာပြီး ယခုအခါမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသာမက စစ်ကိုင်းတိုင်း ဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့အထိတိုင် စိုက်ပျိုးဖို့ ကြိုးပမ်းနေမှုများကို လေ့လာသိရှိရပါတယ်။ တရားဝင်သလိုလို မဝင်သလိုလိုနဲ့ စနစ်တကျဖြစ်မနေသေးတဲ့ ထိုလုပ်ငန်းမျိုးမှာ ဥပဒေနဲ့အညီ စည်းကမ်းတကျ ညွှန်ကြားချက်များ မရှိထားပါက ဆင့်ပွားဖြစ်ပေါ်လာမယ့် ထိန်းမနိုင်သိမ်းမရလောက်တဲ့ ကြီးထွားလာ မယ့် ပြဿနာများဟာ နောင်အခါမှာ ကချင် ပြည်နယ်တစ်ခုတည်းရဲ့ အရေးမဟုတ်တော့ဘဲ ဆက်စပ်လျက်ရှိတဲ့ နိုင်ငံတစ်ခုလုံးရဲ့ ထိခိုက်နစ်နာမှုများလို့ ရှုမြင်ပြီး အချိန်မီပြင် ဆင်ဖြေရှင်းပေးနိုင်ဖို့ အရေးကြီးတဲ့ကာလ တစ်ခုဖြစ်ပါတယ်” ဟု ဒေါက်တာခွန်ဝင်းသောင်းက ပြောကြားသည်။
တရုတ်နိုင်ငံ၏ လုပ်ငန်းရှင်များ ကျောထောက်နောက်ခံပြုထားသည့် တစ်သျှူး ငှက်ပျောစိုက်ခင်းလုပ်ငန်းသည် ကချင်ပြည်နယ်အတွင်း၌ ဧကတစ်သိန်းကျော်ရှိနေပြီး အရင်းအနှီးအသင့်အတင့်နှင့် အချိန်တိုအတွင်း ဝင်ငွေကောင်းသည့် လုပ်ငန်းဖြစ်ပြီး အလွယ်စိုက်ပျိုးနိုင်ခြင်းကြောင့် မြန်မာနိုင်ငံအတွင်းသို့ နည်းမျိုးစုံ ယခုလိုဝင်၍ လုပ်ကိုင် နေခြင်းဖြစ်ကြောင်း၊ စိုက်ခင်းများတွင် အသုံးပြုကြသည့် ဓာတ်မြေသြဇာများ၏ စွန့်ပစ်အိတ်ခွံများနှင့် အခြားပိုးသတ်ဆေးများကဲ့သို့ ဓာတုပစ္စည်းများကြောင့် ရေမြေပတ်ဝန်းကျင်ကို အလွန်အမင်းထိခိုက်မည်စိုးသဖြင့် အိမ်နီးချင်းနိုင်ငံများတွင် တစ်သျှူးငှက်ပျော စိုက်ပျိုးခြင်းကို စနစ်တကျထိန်းသိမ်းကြပ်မတ်ကာ စိုက်ပျိုးခွင့်ပြုနေကြောင်း ဒေါက်တာ ခွန်ဝင်းသောင်းက ပြောကြားသည်။
“တရုတ်စာနဲ့ ရေးသားထားတဲ့ ဆိုင်းဘုတ်များနဲ့ စိုက်ပျိုးနေတဲ့ ငှက်ပျောစိုက်ခင်းများဟာ သာမန်အရပ်သားတို့ရဲ့ မြေယာတွေမှာသာမက အစိုးရကြိုးဝိုင်း၊ သစ်တောမြေထဲအထိပါ ချဲ့ထွင်စိုက်ပျိုးထားကြလို့ သက်ဆိုင်ရာဌာနမှ အရေးယူဖြေရှင်းခြင်းများကိုလည်း ပြုလုပ်နေရပြီဖြစ်ပါတယ်။ တရုတ်လိုင်စင်မှတ်ပုံတင်ထားတဲ့ တစ်သျှူးငှက်ပျော တင်ကားကြီးတွေ နှစ်စဉ်အစီးရေ ထောင် သောင်းချီပြီး သယ်ယူပို့ဆောင်နေကြတဲ့အ တွက် နယ်စပ်ထွက်ပေါက်လမ်းမှ တံတားများရဲ့ပျက်စီးမှုအန္တရာယ် စိုးရိမ်ဖွယ်ရှိသလို ရသင့်တဲ့ ဘဏ္ဍာငွေတွေ မှန်မှန်ကန်ကန်ရဖို့ ဥပဒေနဲ့အညီ ရင်းနှီးမြှုပ်နှံကြဖို့ စည်းကမ်း တကျ မထိန်းကွပ် မတည့်မတ်နိုင်သေးသမျှ လမ်းညွှန်ဦးဆောင်တဲ့ စီမံချက်တွေကို ယခုထက်ပိုပြီး အသေးစိတ်မစီမံနိုင်သေးသမျှ နိုင်ငံတော်ရဲ့ဘဏ္ဍာငွေဆုံးရှုံးမှုများ ဆက် လက်ဖြစ်ပေါ်နေမှာပဲဖြစ်ပါတယ်” ဟု ဒေါက်တာခွန်ဝင်းသောင်းက ပြောကြားသည်။
တစ်သျှူးငှက်ပျော စိုက်ပျိုးခြင်းလုပ်ငန်းကို ပိတ်ပင်တားဆီးခဲ့ကြသည့် လာအိုနိုင်ငံတွင် ယခုအခါ သေချာစိစစ်သည့် အစီအမံများဖြင့် ပြန်လည်လက်ခံပြီး ရင်းနှီးမြှုပ်နှံခွင့်များ ပေးနေပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံတစ်နိုင်ငံလုံး၏ ငှက်ပျောသီးစားသုံးမှု လိုအပ်ချက်ကို ပြည့်မီရန် ငှက်ပျောစိုက်ဧက ၁၂ သိန်းခန့်လိုအပ်နေပြီး ယင်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် လုပ်ငန်းရှင်များသည် ၎င်းတို့ပြည်တွင်း၌သာမက နီးစပ်ရာနိုင်ငံများတွင် ဆက်လက်ရင်းနှီးမြှုပ်နှံကြမည်ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ရှေရှည်တည်တံ့စွာ ခိုင်ခိုင်မာမာအကျိုးဖြစ် ထွန်းစေမည့် လုပ်ငန်းမျိုးများကို မျက်ခြည် မပြတ်ဘဲ ယခုထက် ပိုမိုဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ အဆိုတင်သွင်းရ ခြင်းဖြစ်ကြောင်း ဒေါက်တာခွန်ဝင်းသောင်းက ပြောကြားသည်။
အထက်ပါအဆိုနှင့်ပတ်သက်၍ ချင်း ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂) မှ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးထပ် (ခ) ဆလိုင်းမျိုးထိုက်က ထောက်ခံဆွေးနွေး ခဲ့ပြီး အဆိုကိုလက်ခံဆွေးနွေးရန် သင့် မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် ကန့်ကွက်သူမရှိ သဘောတူခဲ့ခြင်းကြောင့် အဆိုကို ဆွေးနွေးရန် လွှတ်တော်က သဘောတူခဲ့သည်။
-
■ ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင်တွင် လမ်းဘေးဓာတ်တိုင်ကို ကားဝင်တိုက်ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် မြန်မာနိုင်ငံသား ခြောက်ဦး နှင့် ထိုင်းနိုင်ငံသား ယာဉ်မောင်းတစ်ဦးတို့ သေဆုံး
-
ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့၊ ဝါးဒက်ကွင်းကျေးရွာနေ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကျိုက်ထို
-
ပေါ့ဘာကိုခေါ်ယူရန် နယူးကာဆယ်နှင့် ဝက်စ်ဟမ်း စိတ်ဝင်စား
-
အာဒါဂူလာကို အငှားဖြင့် ခေါ်ယူရန် အာဆင်နယ် စီစဉ်
-
ဘာစီလိုနာမှထွက်ခွာရန် ဒီယွန်းကို ဗန်ဒါဗတ် တိုက်တွန်း