Top News

ICJ တွင် တိုင်ကြားခံရမှုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်၍ သွားရောက်ဖြေရှင်းမည့် ကိစ္စရပ်သည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် သွားရောက်မည့်ကိစ္စဖြစ်ခြင်းကြောင့် ကြိုဆိုထောက်ခံအားပေးရမည်ဖြစ်ကြောင်း သူရဦးရွှေမန်း ပြောကြား
24htopnews | November 21, 2024 6:12 PM CST

မြန်မာနိုင်ငံကို ICJ တွင် တိုင်ကြားထားသည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်၍ သွားရောက်ဖြေရှင်းမည့်ကိစ္စရပ်သည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးစီးပွားအတွက် သွားရောက်မည့်ကိစ္စဖြစ်ခြင်းကြောင့် ကြိုဆိုထောက်ခံအားပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ခေါင်းဆောင် သူရဦးရွှေမန်းက ပြောကြားသည်။

ဒီဇင်ဘာ ၇ ရက်က နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီဌာနချုပ်တွင် ပြုလုပ်သည့်  သတင်းစာရှင်းလင်းပွဲတွင် သူရဦးရွှေမန်း က အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ ICJ ကိစ္စနဲ့ပတ်သက်လို့ မြန်မာ နိုင်ငံသားများ အထူးစိတ်ဝင်စားနေတဲ့ ကိစ္စ ဖြစ်ပါတယ်။ စိတ်လည်း စိတ်ဝင်စားရပါမယ်။  ICJ မှာ ဂမ်ဘီယာနိုင်ငံကနေပြီးတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံကို တိုင်ကြားထားတယ်။ တိုင်ကြားထားတော့ ဒီတိုင်ကြားချက်က နိုင်ငံတစ်ခုလုံးနဲ့ ဆိုင်ပါတယ်။ နိုင်ငံတစ်ခုလုံးဆိုတော့ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် ဒီတိုင်ကြားမှုကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအနေနဲ့ ဦးဆောင်သွား ရောက်ပြီး ဖြေရှင်းမယ်ဆိုတဲ့ကိစ္စ၊ မိမိတို့ပါတီအနေနဲ့ ကြိုဆိုပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကလည်း နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့အကျိုးစီးပွားအတွက် သွားရောက်မယ်ဆိုတဲ့ ကိစ္စဖြစ်တဲ့အတွက် ပိုပြီးတော့လည်း လေး နက်မှုရှိသလို ပိုပြီးတော့လည်း ကြိုဆိုထောက် ခံအားပေးရမှာ ဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတာ ဒီနေ့ သမ္မတမဟုတ်ပါဘူး။ သမ္မတမဟုတ်သော်လည်း ဒီနေ့ နိုင်ငံရဲ့ခေါင်းဆောင်၊ ပါတီတစ်ခုရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံမှာ တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ အတွက် အခုလို တာဝန်သိပြီးတော့ သွားရောက်ပြီးတော့ ရင်ဆိုင်ဖြေရှင်းဆောင်ရွက်တယ်ဆိုတာ အင်မတန်မှကောင်းပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။

ယခုလို တာဝန်သိပြီး သွားရောက်ခြင်းအပြင် တာဝန်ခံပြီး သွားရောက်ခြင်းကိုလည်း တာဝန်ကိုကျေအောင် ဆောင်ရွက်ရန်အတွက်လည်း မိမိတို့မျှော်လင့်ကြောင်း၊ ယခုလိုတစ်ဖက်နိုင်ငံကနေ တိုင်တန်းလိုက်သည့်နေရာတွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်နေသည့်၊ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို နိုင်ငံခြားရေး ဝန်ကြီးတစ်ဦးအနေနှင့် ဖြစ်စဉ်ဖြစ်ရပ်များကို ပကတိအခြေအနေအတိုင်း မှန်မှန်ကန်ကန် တင်ပြနိုင်မယ့် အခွင့်အရေးတစ်ရပ်ဟု ယူဆရကြောင်း ၎င်းက ပြောကြားသည်။

သူရဦးရွှေမန်းက “အဲဒါမှမဟုတ်ဘဲနဲ့ တစ်ဖက်သတ် စွပ်စွဲပြောဆိုချက်ကို ဒီလိုပဲ လက်ခံလိုက်မယ် သို့မဟုတ် အခြားသူ တစ်ဦး တစ်ယောက်ကသွားပြီးတော့ ခေါင်းဆောင် မယ်ဆိုလို့ရှိရင် ဥပဒေအကြောင်းအရာမှာဆို တာထက် ဖြစ်စဉ်အကြောင်းအရာအပေါ်မှာ လေးနက်မှုပိုပြီးတော့ရှိအောင် သွားတယ်လို့ ဒီလိုပဲ ယူဆပါတယ်။ ဒါကြောင့် အဲဒီလို ဆောင်ရွက်တဲ့အတွက် ဘာပဲဖြစ်ဖြစ် နိုင်ငံ အတွင်းမှာရှိတဲ့ ပြည်သူတွေဟာ အရေးကြီး မှ သွေးစည်းရမယ်ဆိုတဲ့စကားအစား ဒီကိစ္စ ရဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံသားများဟာ သွေးစည်းညီညွတ်ဖို့လိုပါတယ်။ အခုကျတဲ့ အခါကျတော့ အရင်စကားရှိတယ်။ အရေး ကြီးရင် သွေးနီးမှ၊ တို့အရေးကြီးရင် သွေးစည်း ညီ ညွတ်မှဆိုတာ။ ဒါတွေက နောက်ကျတယ်။ တကယ်တမ်း မိမိတို့မြန်မာနိုင်ငံ တိုးတက်စေ ချင်တယ်ဆိုရင် သွေးစည်းညီညွတ်ရေးဟာ သိပ်ပြီးတော့ အဓိကကျတယ်။ ဒါကြောင့်မို့လို့ ဒီလိုအချိန်အခါမှာတင်မက တောက်လျှောက် မြန်မာနိုင်ငံ တည်ရှိနေသရွေ့ မြန်မာနိုင်ငံသား များဟာ သွေးစည်းညီညွတ်ရေးအတွက် ဆက်လက် ဆောင်ရွက်သင့်တယ်လို့ ဒီလိုပဲ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

“သင်ခန်းစာယူစရာတော့ အများကြီးပဲ။ ဒီလိုဖြစ်စဉ်ဖြစ်လာတဲ့ အကြောင်းအရာက လည်း တကယ်တမ်းကျတော့ ရခိုင်ဒေသမှာ အခုမှဖြစ်တာမဟုတ်ဘူး။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ အဲဒီရဲ့ဖြစ်စဉ်ဖြစ်ရပ်တွေက ဒီ ကာလရောက်တဲ့အခါကျတော့ ပိုပြီးတော့ ကြီးထွားလာတဲ့ သဘောရှိပါတယ်။ အဲဒီဖြစ် စဉ်ကို မီးလောင်ရာလေပင့်သလိုဖြစ်အောင် ဆောင်ရွက်ခဲ့တဲ့ ARSA ဆိုတဲ့ကိစ္စတွေကို လည်း မမေ့ဖို့လိုတယ်။ အဲဒီနောက်ကြောင်းတွေကို မေ့ပြီးတော့ ခုနက ဆောင်ရွက်မယ်ဆိုလို့ရှိရင်လည်း မြန်မာနိုင်ငံ ပိုပြီးတော့ နစ်နာနိုင်တယ်။ ဒါကြောင့်မို့လို့ ခုနက သင်ခန်းစာ ဆိုတာကတော့ တချို့ကိစ္စတွေမှာ အပ်နဲ့ ထွင်းရမယ့်ကိစ္စ၊ အပ်နဲ့ထွင်းလိုက်ပါ။ အပ်နဲ့ မထွင်းမိဘူးဆိုရင် ပေါက်ဆိန်နဲ့ပေါက်ပြီး ဖြေရှင်းရမယ့် အနေအထားမျိုးတွေ သင်ခန်းစာယူဖို့ လိုတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။

 

 


READ NEXT
Cancel OK