Top News

ရွေးကောက်ပွဲယှဉ်ပြိုင်သူအရေအတွက် လျှော့ချခဲ့သော်လည်း ကိုယ်စားလှယ်လောင်းအရည်အသွေးကို ဦးစားပေးထား၍ ယခင်ရွေးကောက်ပွဲထက် ပိုမိုအနိုင်ရရှိမည်ဟု SNLD ပါတီ ဒုတိယဥက္ကဋ္ဌ ပြောကြား
24htopnews | November 22, 2024 12:12 AM CST

ရွေးကောက်ပွဲယှဉ်ပြိုင်သူ အရေအတွက်ကို လျှော့ချပြီး အရည်အသွေးဘက်ကို ဦးစားပေးထား၍ ယှဉ်ပြိုင်သည့် အရေအတွက်လျော့နည်းသော်လည်း အနိုင်ရရှိမည့် အရေအတွက် ယခင်ထက် ပိုများမည်ဟုမျှော်လင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဒုတိယဥက္ကဋ္ဌ (၁) ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

အောက်တိုဘာ၂၆ ရက်က SNLD ပါတီတည်ထောင်ခြင်း ၃၂ နှစ်ပြည့် အခမ်းအနားမိန့်ခွန်းတွင်   ဦးစိုင်းညွန့်လွင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့ဘက်ကနေပြီးတော့ ယှဉ်ပြိုင်သူအရေအတွက်ကို အတတ်နိုင်ဆုံး လျှော့ချပြီးတော့ အရည်အသွေးဘက်ကို ဦးစားပေးထားလို့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အရေအတွက် လျော့နည်းသွားတာ ဖြစ်ပေမဲ့လည်း အနိုင်ရရှိမယ့်အရေအတွက်ကတော့ အရင်ကထက် ပိုများလာလိမ့်မယ်လို့ ကျွန်တော်တို့  မျှော်လင့်ထားပါတယ်” ဟု SNLD ပါတီ ဒုတိယဥက္ကဋ္ဌ (၁)  ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

SNLD ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မန္တလေးတိုင်းတွင် ကိုယ်စားလှယ်လောင်း ၁၃၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲတွင် ၁၅၁ ဦးယှဉ်ပြိုင်ခဲ့သည်။

လာမည့် ရွေးကောက်ပွဲတွင် ရွေးချယ်ခံရမည့် ကိုယ်စားလှယ်လောင်းများသည် ယခင်အကြိမ်ထက် ပိုမိုစွမ်းဆောင်ရည်တိုးတက်သည့် ကိုယ်စားလှယ်များ ဖြစ်လာမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် မိမိကိုမဲပေးခဲ့သူနှင့် အခြားပါတီကိုမဲပေးခဲ့သူဟူ၍ မခွဲခြားဘဲ တစ်ပြေးညီ ဆောင်ရွက်ရန် ပါတီက လမ်းညွှန်သွားမည်ဖြစ်ကြောင်း ဦးစိုင်းညွန့်လွင်က ဆိုသည်။

“ ဒီအချက်ဟာ ပါတီဝင်တွေရဲ့ ပြည်သူလူထုအပေါ် ပါတီစွဲမထားဘဲနဲ့ အားလုံးအပေါ် တန်းတူညီမျှ အကျိုးပြုမယ်ဆိုတဲ့ စေတနာကို ဖော်ပြထားခြင်းပဲ ဖြစ်တယ်လို့ တင်ပြလိုပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ကြောင့် ကိုယ်စားလှယ်များသည် ပါတီဘက်က နိုင်ငံရေးအရဦးဆောင်မှုပေးခြင်းကို ခံယူရန်လိုအပ်သလို ကိုယ်စားလှယ်များဘက်က အုပ်ချုပ်ရေးပိုင်းနှင့် ညှိနှိုင်းဆောင်ရွက်ရမှုများကို ပါတီအနေဖြင့် နားလည်သဘောပေါက်ရန် လိုအပ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များ ရရှိလာကာ ပြည်သူလူထုအကျိုးသယ်ပိုးရာတွင် မြို့နယ်ကိုယ်စားလှယ်အချို့သည် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့နှင့် လက်တွဲလုပ်ဆောင်ရာတွင် အားနည်းမှုများရှိခဲ့ကြောင်း ၎င်း၏အဆိုအရ သိရသည်။

“ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်တစ်ပါတီတည်းဖြစ်တာမို့ ကျွန်တော်တို့ အချင်းချင်းဟာ ညှိညှိနှိုင်းနှိုင်းလုပ်ဆောင်သွားကြဖို့ လိုတယ်လို့ တိုက်တွန်းလိုပါတယ်” ဟု CNLD ပါတီ ဒုတိယဥက္ကဋ္ဌ (၁) ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

ပါတီတစ်ရပ်အတွင်း ပါတီမူဝါဒများအပေါ် သဘောထားကွဲလွဲမှုရှိနိုင်ပြီး အခြားသော ပုဂ္ဂိုလ်ရေး၊ လူမှုရေး စသည်တို့ကြား ကွဲပြားမှုသည်လည်း ဖြစ်လေ့ဖြစ်ထရှိသည့် အဖြစ်အပျက်များဖြစ်ကြောင်း၊ ထိုအခြေအနေများ ပေါ်ပေါက်လျှင် စေ့စပ်ညှိနှိုင်းပြုပြင်သည့်နည်းလမ်းကို အသုံးပြုဖြေရှင်းရန် ဦးစိုင်းညွန့်လွင်က တိုက်တွန်းသည်။

“ ကျွန်တော်တို့ပါတီဟာ သဘောထား မတူညီမှုတွေကို စေ့စပ်ညှိနှိုင်းဆွေးနွေး အဖြေရှာတဲ့ ပါတီတွင်းယဉ်ကျေးမှုကို ပါတီစတင်တည်ထောင်ကတည်းက အစဉ်တစိုက်ကျင့်သုံးလာခဲ့ကြတာ ဖြစ်ပါတယ်။ တချို့ကိစ္စများမှာ အောင်မြင်မှုမရရှိခဲ့တာမှန်ပေမဲ့လည်း များသောအားဖြင့် အောင်မြင်မှုရခဲ့တဲ့ ယဉ်ကျေးတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၆ ရက်က ပါတီတည်ထောင်ခြင်း ၃၂ နှစ်ပြည့် အခမ်းအနားကို COVID-19 အခြေအနေကြောင့် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်ဦး၊ ပါတီဒုတိယဥက္ကဋ္ဌ (၁)  ဦးစိုင်းညွန့်လွင်တို့က မိန့်ခွန်းအသီးသီးပြောကြားခဲ့သည်။


READ NEXT
Cancel OK