Top News

ဒဂုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံ ဆန္ဒပြုပြီး မဲဆန္ဒနယ်ပြင်ပရောက် ပုံစံ (၁၅) ကြိုတင်မဲများ စာအိတ်ပွင့်လျက် ထပ်မံရောက်ရှိ
24htopnews | November 22, 2024 12:12 AM CST

ဒဂုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ ကော်ကပ်ထားခြင်းမရှိသည့် ဆန္ဒပြုပြီး ပုံစံ (၁၅) ကြိုတင်မဲအိတ်များ နှစ်ရက်ဆက်တိုက် ထပ်မံရောက်ရှိကြောင်း ကိုယ်စားလှယ်လောင်းအချို့နှင့် ရွေးကောက်ပွဲကိုယ်စားလှယ်တို့၏ ပြောကြားချက်အရ သိရသည်။

အောက်တိုဘာ ၂၇ ရက်က ရန်ကုန်ရှိ အခြားမြို့နယ်များတွင် ရောက်ရှိနေသော မဲဆန္ဒရှင်များ၏ ဆန္ဒပြုပြီး ကြိုတင်မဲစာအိတ်အသေး ၁၁ ခုနှင့် အောက်တိုဘာ ၂၈ ရက်က အောင်လံမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်တို့မှ ပေးပို့သည့် ကြိုတင်မဲစာအိတ်အသေး ၁၈ ခုတို့တွင် ကော်ကပ်ထားခြင်းမရှိ ပွင့်နေသည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁) ရွေးကောက်ပွဲကိုယ်စားလှယ် ဦးဟန်နိုင်ဦးက ပြောကြားသည်။

“ စာအိတ်အသေးတွေချည်းပဲ။ ကော်မကပ်ထားတာ။ စာအိတ်အကြီးကတော့ ချိတ်ပိတ်ထားတယ်။ ဒါပေမဲ့ အသေးတွေကို ကော်မကပ်ထားဘူး။ ဒီနေ့ရော မနေ့ကရော အဲဒီလိုပဲ” ဟု ၎င်းက ဆိုသည်။

ကြိုတင်မဲ စာအိတ်ကြီးတစ်ခုတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တို့အတွက် စာအိတ်အသေးသုံးအိတ်ပါဝင်ပြီး တိုင်းရင်းသားလူမျိုးမဲ ဆန္ဒနယ်ပါဝင်လျှင် လေးအိတ်ပါဝင်မည်ဖြစ်သည်။

ဒဂုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံ အောက်တိုဘာ ၂၁ ရက်က အင်ဂျင်နီယာတပ်ရင်း ၉၀၅ မှ ပေးပို့သည့် ကြိုတင်မဲ ၅၈ စောင်ပါ စာအိတ်အသေးများအားလုံး ပွင့်လျက်ရောက်ရှိလာခဲ့ရာ အဆိုပါ ကြိုတင်မဲစာအိတ်များကို ထည့်သွင်းမရေတွက်ရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဆုံးဖြတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ထံ တင်ပြခဲ့သည်။

သို့သော် ယခုနှစ်ရက်ဆက်တိုက် ထပ်မံရောက်ရှိလာသည့် စာအိတ်ပွင့် ကြိုတင်မဲကိစ္စကို မြို့နယ်ကော်မရှင်က ဆုံးဖြတ်ခြင်းမရှိဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသာ ဆုံးဖြတ်ရန် တင်ပြခဲ့သည်ဟု သိရသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ဒဂုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိထံ ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခွင့်မပေးထားကြောင်း ၎င်းက ဆိုသည်။

“ ကျွန်တော်တို့ကတော့ ဒီကြိုတင်မဲတွေကို UEC က အမြန်ဆုံးအဆုံးအဖြတ် ပေးစေချင်တယ်။ ၈ ရက်နေ့မှ ကြေညာတာကို မလုပ်စေချင်ဘူး။ ပြည်ပကြိုတင်မဲလည်း ရှိတဲ့အတွက်ကြောင့် ဒါကို ထည့်သွင်းရေတွက်မလား၊ မရေတွက်ဘူးလားဆိုတာကို ဒီကြားထဲမှာ ညွှန်ကြားချက် အမြန်ဆုံးပေးစေချင်တယ်” ဟု ဦးဟန်နိုင်ဦးက ပြောကြားသည်။

ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတို့တွင် ကြိုတင်မဲလက်မှတ်ပါ စာအိတ်အကြီး၊ အသေးတို့ကို သေချာစွာကော်ကပ်ချိတ်ပိတ်ရန် ပြဋ္ဌာန်းထား၍ ယခုကဲ့သို့ စာအိတ်ပွင့်နေခြင်းသည် ဥပဒေ၊ နည်းဥပဒေတို့နှင့် ညီညွတ်ခြင်းမရှိကြောင်း ဒဂုံမဲဆန္ဒနယ်တွင်ပါဝင်သည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁) မှ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဘမျိုးသိန်းက ပြောကြားသည်။

ယခု မဲဆန္ဒနယ် ပြင်ပရောက်သူများ၏ စာအိတ်ပွင့်နေသော ကြိုတင်မဲစာအိတ်များကိုလည်း ယခင်ကဲ့သို့ မဲရလဒ်တွင် ထည့်သွင်းမရေတွက်ရန် ဒဂုံမြို့နယ်ကော်မရှင်အဖွဲ့ခွဲက ဆုံးဖြတ်သည်ဟု သိရကြောင်း ဦးဘမျိုးသိန်းက ပြောကြားသည်။

တပ်ကြိုတင်မဲကဲ့သို့ ထည့်သွင်းမရေတွက်ရန် ဆုံးဖြတ်ခြင်းကို လက်ခံပြီး အဆုံးအဖြတ်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။


READ NEXT
Cancel OK