ဒီဇင်ဘာ ၅ ရက် ညပိုင်းက မော်တော်ယာဉ်တစ်စီးနှင့်အတူ ပျောက်ဆုံးနေသည်ဆိုသည့် မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက် ရွှေမြိုင်သီရိမျှော်လင့်ရပ်နေ ဒေါက်တာအေးဇော်ထွန်း (၃၁ နှစ်) နှင့် ၎င်း၏သားဖြစ်သူ မောင်စံသုတမွန် (သုံးနှစ်)တို့အား မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်း၌ လူပျောက်မှုဖြင့် တိုင်ကြားထားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၅ ရက် ညပိုင်းက မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက် ရွှေမြိုင် သီရိမျှော်လင့်ရပ်နေ ဒေါက်တာအေးဇော်ထွန်းနှင့် သားဖြစ်သူမောင်စံသုတမွန်သည် Toyota Wish အမျိုးအစားခဲရောင် မော်တော်ယာဉ်အမှတ် MON 3L /9150 ဖြင့် မော်လမြိုင်မြို့ စျေးကြိုရပ်ကွက် ဖက်ခင်းလမ်းရှိ ဧရာဝတီစားသောက်ဆိုင်တွင် ဒေါက်တာအေးဇော်ထွန်း၏ သူငယ်ချင်းများဖြစ်သူ ဦးမျိုးမင်းအောင်၊ ဦးဝေယံထွန်းတို့နှင့်အတူစားသောက်ကြပြီး ည ၁၀ နာရီတွင် နေအိမ်သို့ အသီးသီးပြန်ခဲ့ကြရာ ဒေါက်တာအေးဇော်ထွန်းနှင့် ၎င်း၏သားဖြစ်သူ မောင်စံသုတမွန်တို့မှာ နေအိမ်သို ့ပြန်လည်ရောက်ရှိလာခြင်း မရှိဘဲ မော်တော်ယာဉ်နှင့်အတူ ပျောက်ဆုံးနေသဖြင့် ဒေါက်တာအေးဇော်ထွန်း၏ ဖခင်ဖြစ်သူ ဦးအေးလှိုင်က မုပွန်နယ်မြေရဲစခန်းသို့ လာရောက်ကာ လူပျောက်တိုင်တန်းထားကြောင်း မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်းမှ သိရသည်။
“အဲဒီနေ့က ည ၈ နာရီလောက်မှာ ဆေးခန်းပိတ်ပြီးတော့ ထမင်းစားတယ်။ ည ၈ နာရီ ခွဲလောက်မှာ မောင်လေးက သူ့သားလေးနဲ့အတူ အပြင်သွားတယ်ပေါ့။ ည ၁၀ နာရီကျော်ကျော်လောက် သတိထားကြည့်တော့ ပြန်မရောက်သေးဘူး။ အိမ်မှာက မောင်လေးရဲ့အမေက တရားပွဲသွားနေတယ်။ အစ်မကတော့ အိမ်စောင့်နေတယ်ပေါ့။ မောင်လေးရဲ့ အမေ အိမ်ပြန်လာတော့ မရောက်ကြသေးဘူး။ အဲ ဒါနဲ့ အိပ်ပျော်သွားကြတယ်။ ညတရေးနိုးတော့ မောင်လေးရဲ့အခန်းကို ကြည့်တော့အခန်းတံခါးက စေ့ထားတယ်။ ခါတိုင်းလည်း တံခါးစေ့ပြီးအိပ်ကြတယ်ဆိုတာ့ ပြန်ရောက်ပြီးပဲထင်နေတာ။ မနက်ကျတော့လည်းကျွန်မက မျက်နှာသစ်တော့ မောင်လေးရဲ့အခန်းတံတားက ပွင့်နေတယ်။ အစောကြီးထပြီးတော့ ဆေးခန်းအတွက် ပြင်ဆင်နေတယ်လို့ပဲ ထင်တာပေါ့။ နောက်မှ မောင်လေးရဲ့အမျိုးသမီးက ဖုန်းဆက်တော့မှ အခန်းထဲဝင်ကြည့်တော့ မရှိဘူးပေါ့နော်။ အဲဒီတော့မှ ညကတည်းက မရောက်လာဘူးဆိုတာ သေချာသွားတယ်” ဟု ဒေါက်တာအေးဇော်ထွန်း၏ အစ်မဝမ်းကွဲ ဒေါ်မြင့်မြင့်စိန်က ပြောကြားသည်။
ဒေါက်တာအေးဇော်ထွန်း၏ မိခင်ဒေါ် မြမြဝင်းကလည်း “ဒီဇင်ဘာလ ၆ ရက် မနက် ၁ နာရီခွဲအချိန်လောက်အထိ ပြန်ရောက်မလာတော့ ကလေးလည်းပါသွားတယ်။ ဒီအချိန်အထိ ဘာဖြစ်လို့ မပြန်လာသေးတာလည်း ပေါ့။ သူ့အဖေက လိုက်မယ်ပြောတယ်။ ကျွန်မက မလိုက်နဲ့တော့ မနက်ကျမှပဲ ရှာရမှာပေါ့ လို့ ပြန်ပြောလိုက်သေးတယ်။ ဖုန်းလည်းဆက် ကြည့်သေးတယ်။ ဖုန်းက စက်ပိတ်ထားတယ်” ဟု ပြောကြားသည်။
“မနက် ၅ နာရီခွဲလောက် ဘုရားရှိခိုးတော့လည်း ပြန်မရောက်သေးဘူး။ သူ့ဆေးခန်းအချိန်တော့ ပြန်ရောက်မယ်ပေါ့။ မနက် ၇ နာရီခွဲဆေးခန်းအချိန်လည်း မရောက်လာဘူး။ သားရောမြေးကိုပါ စိတ်ပူနေပါတယ်။ အမြန်ဆုံး ပြန်တွေ့ချင်ပါတယ်” ဟုဒေါ်မြမြဝင်းက ဆက်လက်ပြောကြားသည်။
ဒေါက်တာအေးဇော်ထွန်းနှင့် ၎င်း၏သားဖြစ်သူမောင်စံသုတမွန် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး မုပွန်နယ်မြေရဲစခန်းက လူ ပျောက်အမှတ်စဉ် (၁၄/၂၀၁၉) အရအမှု ဖွင့်ထားကြောင်းနှင့် ၎င်းတို့သားအဖနှစ်ဦးအား ရဲတပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၊ မိတ်ဆွေသူငယ်ချင်းကလည်း စုံစမ်းရှာဖွေမှုများပြုလုပ်နေကြကြောင်း သိရသည်။
-
ဒဂုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံ ဆန္ဒပြုပြီး မဲဆန္ဒနယ်ပြင်ပရောက် ပုံစံ (၁၅) ကြိုတင်မဲများ စာအိတ်ပွင့်လျက် ထပ်မံရောက်ရှိ
-
ရွေးကောက်ပွဲယှဉ်ပြိုင်သူအရေအတွက် လျှော့ချခဲ့သော်လည်း ကိုယ်စားလှယ်လောင်းအရည်အသွေးကို ဦးစားပေးထား၍ ယခင်ရွေးကောက်ပွဲထက် ပိုမိုအနိုင်ရရှိမည်ဟု SNLD ပါတီ ဒုတိယဥက္ကဋ္ဌ ပြောကြား
-
ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူမှု ယခုနှစ် ကိုးလတာကာလအတွင်း တရုတ်ပြီးလျှင် မြန်မာနိုင်ငံက ဒုတိယနေရာတွင် ရှိနေ
-
ကချင်ပြည်နယ်တွင် တရုတ်-မြန်မာနယ်စပ်ဂိတ်ရှိသည့် ကန်ပိုင်တည်မြို့ကို KIA နှင့်ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်
-
အာဆီယံအထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ပရက်ဆော့ခွန်းအား ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်