အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံ ဖြစ်သော ကမ္ဘောဒီးယားနှင့် ထိုင်းတို့ကြားတွင် သွားလာရန် ကြာချိန်အား လျှော့ချပြီး ကုန်သွယ်ရေးကို တိုးမြှင့်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် နှစ်နိုင်ငံအား ပြန်ဆက်သွယ် ပေးထားသည့် ရထားလမ်းကို ဧပြီ ၂၂ ရက်က တရားဝင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့သည် ထိုင်းဘက်ရှိ နယ်စပ် စခန်းတစ်ခုတွင် ပြုလုပ်သော လက်မှတ်ရေးထိုးပွဲ အခမ်း အနားသို့ အသိသက်သေအဖြစ် တက်ရောက် လာခဲ့ကြသည်။ ယင်းနောက် ဟွန်ဆန်နှင့် အဝါရောင် တောက်တောက်အကျႌ ဝတ်ဆင်ထားသည့် ပရာယွတ်တို့သည် ထိုင်းက လှူဒါန်းထားသော ရထားတစ်စင်းဖြင့် ကမ္ဘောဒီးယားမြို့ ပိုပတ်သို့ အတူတကွ သွားရောက်ခဲ့ကြသည်။ ပိုပတ်တွင် အသင့်စောင့်နေသော လူအုပ်ကြီးက နှစ်နိုင်ငံအလံများ ဝှေ့ယမ်းနေကြစဉ် ခေါင်းဆောင်နှစ်ဦးက ရထားပေါ်မှ ဆင်းလာပြီး လက်ချင်းဆုပ်ကိုင် မြှောက်ပြခဲ့ကြသည်။
ဟွန်ဆန်က အဆိုပါ ရထားခရီးစဉ်အား သမိုင်းဝင် ဖြစ်သည်ဟု ခေါ်ဆိုခဲ့ပြီး ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံကြားတွင် ရထားလမ်းဆက်သွယ်မှု ပြန်ရှိလာစေရန် ကြိုးပမ်းမှုတို့အတွက် ထိုင်းကို ကျေးဇူးတင်စကားလည်း ပြောကြားခဲ့သည်။ ထိုရထားလမ်းသည် ကမ္ဘောဒီးယားနှင့် အခြားသော အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများကြားမှ ဆက်သွယ်ရေးကိုပါ ပိုမိုလွယ်ကူလာစေကာ စီးပွားရေးနှင့် ကုန်သွယ်မှုကို တိုးမြှင့်နိုင်မည်ဟုလည်း ဟွန်ဆန်က ပြောကြားခဲ့သည်။
ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံကြား လက်ရှိ အပြန်အလှန် ကုန်သွယ်မှုတန်ဖိုးမှာ ဒေါ်လာ ခြောက်ဘီလျံခန့် ရှိသည်။
မြို့တော် ဖနွမ်းပင်မှ ထိုင်းနယ်စပ်အထိ ကီလိုမီတာ ၃၇၀ ( မိုင်ပေါင်း ၂၃၀ ) အရှည်ရှိသော ရထားလမ်းကြီး၏ နောက်ဆုံးအပိုင်းကို ကမ္ဘောဒီးယားက ယမန်နှစ်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ရထားလမ်းပိုင်းအား ပြန်လည် တည်ဆောက်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ဒေါ်လာ ၁၃ သန်း ပံ့ပိုးပေးခဲ့သည်။
ကိုလိုနီခေတ်က ပြင်သစ်တို့တည် ဆောက်ခဲ့ခြင်းဖြစ်သော ကမ္ဘောဒီးယားနိုင်ငံထဲမှ ရထားလမ်းများ၏ အများစုသည် စစ်အေးခေတ်အတွင်းက နိုင်ငံထဲတွင် နှစ်ပေါင်းများစွာ လောင်မြိုက်ခဲ့သည့် ခါးသီးသော ပဋိပက္ခအတွင်း ပျက်စီးခဲ့ရသည်။
ပိုပတ်မြို့အနီးရှိ ၄၈ ကီလိုမီတာ (မိုင် ၃၀) ရှည်လျားသော ရထားလမ်းပိုင်းမှာမူ ၁၉၇၃ ခုနှစ်က ဖျက်ဆီးခံခဲ့ရသည်။ ထိုစဉ် ဖနွမ်းပင်သို့ ဦးတည်သော ကျန်ရထားလမ်းပိုင်းမှာ ယိုင်နဲ့သည့် အခြေအနေကြောင့် ဖြတ်သန်းသွားလာမှုများ ဆယ်စုနှစ် တစ်ခုကြာ ရပ်ဆိုင်းသွားခဲ့ရသည်။
ကမ္ဘောဒီးယားနိုင်ငံထဲတွင် ထိုင်းနှင့် ထိစပ်နေသော မြောက်ပိုင်းနယ်စပ်မှ တောင်ပိုင်းကမ်းရိုးတန်းအထိ ရှည်လျားပြီး ကီလိုမီတာ ၆၀၀ ( ၃၇၅ မိုင်) ရှည်သော ရထားလမ်းကြောင်း ရှိသည်။
-
အာဆီယံအသိုက်အဝန်းတည်ဆောက်ရေးကြိုး ပမ်းမှုများအပါအဝင် အခြားကိစ္စရပ်များကိုဆွေးနွေး
-
နှစ်ပေါင်း(၇၀)ရှိ အင်ဂျင်နီယာဘာသာရပ်ကို အဓိကထားသင်ကြားပို့ချလျက်ရှိသည့် ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်ကို နစက ဥက္ကဋ္ဌသွားရောက်လေ့လာ
-
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့်ကူးလူးဆက်ဆံမှုရှိသည့် ယူနန်အသက်မွေးဝမ်းကျောင်းနှင့် စက်မှုလက်မှုနည်းပညာကောလိပ်
-
ကုန်စည်များ ဘက်စုံပို့ဆောင်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းကာ နိုင်ငံတော်၏ ကုန်သွယ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်မည်
-
၄၅ နှစ်ကြာပြီးနောက် ကမ္ဘောဒီးယားနှင့် ထိုင်း နှစ်နိုင်ငံကြား ရထားလမ်း ပြန်လည်ဖွင့်လှစ်