၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်အတွင်းမှာ မဲခွဲကြပေမဲ့လည်း အဓိကကျတဲ့ ပုဒ်မတွေ ဘာတစ်ခုမှ မပြင်ဆင်နိုင်ခဲ့ပါဘူး။ နောင်တစ်ချိန်မှာ လုပ်ဆောင်ရဦးမယ့် ခြေ/ဥ ပြင်ဆင်ရေးတွေကျရင် ဒီထက်ပိုအောင်မြင်ဖို့ မဟာဗျုဟာကျကျ ချဉ်းကပ်နိုင်ရင် ပိုပြီး အကျိုးရလဒ် ထွက်နိုင်တယ်ဆိုတာကို ပြည်သူတွေမြင်ခဲ့ရတဲ့ ဒီတစ်ပတ်မှာ COVID-19 ရောဂါပိုးဂယက်တွေ လှုပ်ခတ်ခဲ့တာကြောင့် ပြည်သူလူထုအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်ခဲ့သလို စားသောက်ကုန်တွေ အလုအယက်ဝယ်ယူမှုကို ကြုံခဲ့ရပါတယ်။
ဒီလိုအချိန်မှာပဲ တပ်မတော်ရဲ့ ဖမ်းဆီးမှုတွေကြောင့် ကျပ်ဘီလျံ ၃၀၀ ဖိုးလောက်အထိ မူးယစ်ဆေးတွေ၊ လက်နက်တွေကို ရက်ပိုင်းအတွင်း ဖမ်းဆီးရမိခဲ့တာ အ့ံသြစရာကောင်းလှသလို ကွတ်ခိုင်မြို့နယ်က လွယ်ခမ်ကျေးရွာအနီးပတ်လည် တစ်ခုတည်းနဲ့တင် ဘီလျံ ၃၀၀ ဖိုး လောက်မိတယ်ဆိုတဲ့အခြေအနေက တခြားသော မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နေရာတွေကိုသာ ဆက်လက်ရှာဖွေမယ်ဆိုရင် ဒီထက်မနည်းတဲ့ ပမာဏကို တွေ့ရှိနိုင်မှာဖြစ်သလို မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု ကွင်းဆက်ပမာဏက အင်မတန် များပြားနေတယ်ဆိုတဲ့သဘောကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး လက်နက်ကိုင်အဖွဲ့တွေကို အကာအကွယ်ယူပြီး မူးယစ်ဆေးထုတ်လုပ် ဖြန့်ဖြူးနေမှုတွေဟာ လက်ရှိမှာ လုပ်ဆောင်နေတာထက် ပိုပြီး အရှိန်မြှင့်ဖို့ လိုအပ်နေတာကိုလည်း တာဝန်ရှိသူတွေအနေနဲ့ ပိုပြီး သတိပြုမိသင့်တဲ့ ဒီရက်သတ္တပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ သက်ရောက်မှုအားနည်းနိုင်တဲ့ ဘဏ်တိုးနှုန်းတွေ လျှော့ချမှု၊ စားသောက်ကုန်စည်တွေ မပြတ်တောက်ရေး ကြိုတင်ပြင်ဆင်ပေးဖို့လိုအပ်လာတဲ့ အခြေအနေနဲ့ အလုပ်လက်မဲ့ဖြစ်လာတဲ့ ပြည်သူတွေအကြောင်း တင်ပြချင်ပါတယ်။
သက်ရောက်မှုအားနည်းနိုင်တဲ့ ဘဏ်တိုးနှုန်း လျှော့ချမှု
အမေရိကန်ဗဟိုဘဏ်ကနေ ဘဏ်တိုးနှုန်း သုည ဒသမ ၅၀ ရာခိုင်နှုန်း လျှော့ချပေးလိုက်တာကို အားကျသလား အထင်မှားရနိုင်အောင်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကလည်း ဘဏ်တိုးနှုန်းကို သုည ဒသမ ၅ ရာခိုင်နှုန်း လျှော့ချလိုက်ပါတယ်။
ဗဟိုဘဏ်အတိုးနှုန်း ၁၀ ရာ ခိုင်နှုန်းကနေ ၉ ဒသမ ၅ ရာခိုင်နှုန်းကို လျှော့ချလိုက်တာဖြစ်ပြီး မတ် ၁၆ ရက်ကစလို့ အပ်ငွေအပေါ် အနည်းဆုံးအတိုးနှုန်း ၇ ဒသမ ၅ ရာခိုင်နှုန်း၊ အာမခံပစ္စည်းပါ ချေးငွေရဲ့အပေါ် အများဆုံးအတိုးနှုန်း ၁၂ ဒသမ ၅ ရာခိုင်နှုန်း ကောက်ခံရမှာပါ။
“ အခုအချိန်က အတိုးနှုန်း လျှော့ချသင့်တဲ့ အချိန်ကောင်းဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပေါ်လာတဲ့ စီးပွားရေးအခြေအနေကြောင့် အတိုးနှုန်းတွေလျှော့၊ အခွန်နှုန်းတွေ လျှော့၊ စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပေး စတာတွေ လုပ်ပေးနေပါတယ်။ မြန်မာမှာလည်း စီးပွားရေးအခြေအနေ ကောင်းမွန်ဖို့အတွက် အတိုးနှုန်း စလျှော့ပေးတာပေါ့” လို့ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ဆိုပါတယ်။
စီးပွားရေးအခြေအနေ ကောင်းမွန်ဖို့အတွက် ဘဏ်တိုးနှုန်းတွေကို လျှော့ချပေးဖို့ တင်ပြနေတာကြာမြင့် နေပြီဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခုအချိန်မှ လျှော့ချခဲ့တယ်ဆိုပေမဲ့ လျှော့ချမှုက သုည ဒသမ ၅ ရာခိုင်နှုန်းပဲဖြစ်လို့ မည်ကာမတ္တလျှော့ချမှုသာဖြစ်ပြီး ထူးခြားတဲ့အကျိုးဖြစ်ထွန်းမှုကတော့ နည်းနေဦးမယ်လို့ ယူဆရမှာပါ။
ပြည်တွင်းစားသောက်ကုန်စည်တွေ မပြတ်တောက်ရေး ကြိုတင်ပြင်ဆင်ပေးဖို့ လိုအပ်လာတဲ့ အခြေအနေ
မြန်မာနိုင်ငံက ပြည်သူတွေရဲ့ အဓိကစားသောက်ကုန်တွေ ကြည့်မယ်ဆိုရင် ပြည်တွင်းထုတ်လုပ်နိုင်မှုက ရာခိုင်နှုန်း ၃၀ လောက်ပဲ ရှိနေတာဖြစ်ပါတယ်။ ကျန်တဲ့ ရာခိုင်နှုန်း ၇၀ လောက်က တရုတ်၊ ထိုင်း စတဲ့ နိုင်ငံတွေနဲ့ အခြားပြည်ပနိုင်ငံတွေက တင်သွင်းနေတာဖြစ်လို့ လက်ရှိအချိန်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လေကြောင်းလိုင်းတွေပိတ်၊ ကုန်ထုတ်လုပ်မှုတွေ ရပ်ဆိုင်းဖြစ်နေချိန်မှာ မြန်မာနိုင်ငံရဲ့ စားသုံးသူ စျေးကွက်ထဲကို အဓိက တင်ပို့နေသူဖြစ်တဲ့ တရုတ်ကုန်ထုတ်လုပ်ငန်းတွေက ရပ်ဆိုင်းနေတာလည်း နှစ်လနီးပါး ရှိလာနေပြီဖြစ်ပါတယ်။ ဒီလိုအချိန်မှာပဲ နာရေးကလွဲရင် ကျန်တဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေ ပိတ်သိမ်းလိုက်တာ၊ သင်္ကြန်မဏ္ဍပ်တွေ ပိတ်လိုက်တာ၊ ကိုရိုနာဗိုင်းရပ်စ် မြန်မာနိုင်ငံမှာ စတွေ့နေပြီဆိုတဲ့ ကောလာဟလတွေကြောင့် ပြည်သူလူထုကြားမှာ ထိတ်လန့်ပြီး ကုန်ခြောက်တွေကို ညဘက်မှာ ထပြီး ဝယ်ကြတဲ့အပြင် နောက်ရက်တွေမှာလည်း တိုးဝှေ့ဝယ်ယူခဲ့ကြတဲ့ဖြစ်စဉ် တွေမြင်ခဲ့ရပါတယ်။
“ မနေ့ကတော့ အသံတွေ ကြားတာပေါ့နော်။ အဲဒါကြောင့် ၄၇ လမ်း City Mart တို့ ဘာတို့မှာလည်း ဝယ်တဲ့သူ တော်တော်များတယ်။ အိမ်ကမိသားစုက မနက်ကတည်းက သွားမယ်၊ သွားမယ်ပဲလုပ်နေလို့ စျေးလာဝယ်ကြတာပါ။ အခု ထူးဆန်းတာတစ်ခုကတော့ ဒီဗိုင်းရပ်စ်က မြန်မာပြည်မဝင်သေးတာလို့လည်း ကြားရတယ်။ အများကပြောတဲ့အတိုင်းပေါ့။ မဖြစ်သေးတာလား။ ဘာမှန်းမသိတဲ့ အရာတွေလည်း ရှိမှာပေါ့နော်။ အဲဒီအတွက်ကို ဝမ်းသာရမှာလား။ သို့လောသို့လောနဲ့ နေရမှာလားပေါ့နော်။ တကယ်တမ်း ဖြစ်လာပြီဆိုရင်တော့ စည်ပင်သာယာကား လိုက်ကောက်ဖို့တောင်မှ နိုင်မှာမဟုတ်ဘူး။ မီးသင်္ဂြိုဟ်စက်တွေကလည်း မီးခိုးက လုံးဝတိတ်မှာ မဟုတ်တော့ဘူး။ အိမ်က မိန်းမကတော့ သူတို့လိုတဲ့ သွားတိုက်ဆေးတို့၊ အမျိုးသမီးအသုံးအဆောင်တို့၊ ခေါက်ဆွဲထုပ်တို့၊ ကော်ဖီထုပ်တို့ အဓိက ကတော့ ဒါတွေဝယ်တာပေါ့” လို့ Ocean Supermarket မှာ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် စားသောက်ကုန်တွေလာပြီး ဝယ်ယူတဲ့ ဦးမိုးကိုကိုတင့်က ဆိုပါတယ်။
သူတစ်ပါးနိုင်ငံက ထုတ်ကုန်တွေကို မှီခိုနေရတဲ့ မြန်မာနိုင်ငံဟာ ဒီစားသောက်ကုန်လမ်းကြောင်းတွေ ပြတ်တောက် ရပ်ဆိုင်းသွားတာနဲ့ တစ်ပြိုင်နက် ပြည်တွင်းစားသောက်ကုန်ဖူလုံမှုက အခက်ကြုံသွားမလား စိတ်ပူစရာပါ။ အစိုးရအနေနဲ့ လက်ရှိမှာ ကုန်စျေးနှုန်းတည်ငြိမ်ရေး လုပ်ဆောင်သင့်သလို ပြည်တွင်းစားသောက်ကုန် ဖူလုံရေးအတွက်လည်း ပြည်တွင်းထုတ်ကုန်တွေကို စနစ်တကျ မြေတောင်မြှောက်ပြီး ကိုယ့်နိုင်ငံက စားသောက်ကုန်ထုတ်လုပ်ငန်း ကဏ္ဍကနေပဲ ဖူလုံအောင် ကြိုးပမ်းသင့်တဲ့အချိန်အခါပါ။
လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်အကြောင်းပြုပြီး စျေးကစားတဲ့ ကုန်သည်တွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မတ် ၁၃ ရက်က သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါ့အပြင် ကုန်စျေးနှုန်းကြီးမြင့်စေဖို့ ဆောင်ရွက်တဲ့ ကုန်သည်တွေကို အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကို ညွှန်ကြားထားတယ်လို့ ဦးဇော်ဌေးက “ ကြီးကြီးမားမား အမြတ်တင်ရောင်းချတဲ့ သူတွေကို အရေးယူဖို့ ညွှန်ကြားထားတယ်။ စီး/ကူး ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အစိုးရတွေ ဆောင်ရွက်ဖို့ရှိပါတယ်” လို့ ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်လို့ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာ အစိုးရ၊ လုပ်ငန်းရှင်နဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်နေလို့ လက်ရှိကာလမှာ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်ကျိုးစီးပွားအတွက် ၀ိသမလောဘစိတ်နဲ့ မလုပ်ကိုင်ကြဖို့ လုပ်ငန်းရှင်တွေကို တိုက်တွန်းလိုတယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။
အလုပ်လက်မဲ့ဖြစ်လာတဲ့ ပြည်သူ
COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ပြည်တွင်းစီးပွားရေး သက်ရောက်မှုတွေ ဖြေရှင်းနိုင်ဖို့ ဝန်ကြီးဌာနတွေနဲ့ အသင်းအဖွဲ့တွေ ပူးပေါင်းပြီး တုံ့ပြန်ဆောင်ရွက်မယ့် အစီအစဉ်တွေ ရေးဆွဲရေးကော်မတီတစ်ရပ်ကို နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာအမှတ် ၄၆/ ၂၀၂၀ နဲ့ မတ် ၁၃ ရက်က ထုတ်ပြန်ဖွဲ့စည်းလိုက်ပြီး ဒီကော်မတီကိုတော့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာပါ။
ကော်မတီအနေနဲ့ ကမ္ဘာ့နိုင်ငံအများအပြားမှာ လတ်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်သွယ်မှုနဲ့ ခရီးသွားလုပ်ငန်းတွေ ကျဆင်းနေမှုအပေါ် အရေးပေါ်စီမံဆောင်ရွက်မယ့် နည်းလမ်း၊ ကာလတို၊ ကာလရှည်ဆောင်ရွက်မယ့် နည်းလမ်းတွေကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး တုံ့ပြန်မယ့် အစီအစဉ်တွေ ရေးဆွဲရမှပါ။ ဒါ့အပြင် စက်ရုံတွေ ရပ်ဆိုင်းပြီး အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်နေစဉ်ကာလအတွင်း အခြားအလုပ်အကိုင်အသစ်တွေ ဖော်ဆောင်ပေးတာ၊ အလုပ်သမားတွေအတွက် အကျိုးရှိမယ့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာသင်ကြားပေးတာ၊ နောင်အနာဂတ်မှာ COVID-19 လို ဖြစ်စဉ်တွေ ထပ်မံပေါ်ပေါက်လာရင် CMP လုပ်ငန်းတွေအနေနဲ့ ကုန်ကြမ်းပစ္စည်းတွေရရှိရေးကို တရုတ်နိုင်ငံတစ်ခုတည်း အမှီပြုနေရတာမျိုးထက် အခြားနိုင်ငံတွေကနေ ကုန်ကြမ်းပစ္စည်းတွေ ဖြန့်ခွဲရယူနိုင်ရေးပြင်ဆင်ဆောင်ရွက်ဖို့၊ ကာလရှည် မျှော်မှန်းမှုအနေနဲ့ မိမိနိုင်ငံအတွင်း Weaving ၊ Knitting ၊ Dying and Sewing Industry တွေ ထူထောင်ပြီး Supply Chain တစ်ခုလုံး ကိုယ့်နိုင်ငံမှာထုတ်ဖို့ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍပူးပေါင်းဆောင်ရွက်ဖို့ စတာတွေ လုပ်ဆောင်ပေးဖို့ ကော်မတီကို တာဝန်ပေးခဲ့ပါတယ်။ ဒီအချက်တွေအပြင် ပြည်တွင်းမှာရှိတဲ့ အသေးစား၊ အငယ်စားနဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ် COVID-19 ဖြစ်စဉ် သက်ရောက်မှုကြီးမားလာမယ်ဆိုရင် အခွန်ကင်းလွတ်ခွင့်နဲ့ သက်သာခွင့်တွေပေးဖို့ သမ္မတရုံးသို့ သုံးသပ်တင်ပြရမှာ ဖြစ်ပါတယ်။
ဦးသောင်းထွန်းရဲ့ ကော်မတီ ဖွဲ့စည်းခဲ့တဲ့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် COVID-19 ကာကွယ်ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကိုလည်း ဖွဲ့စည်းခဲ့တာ တွေ့ရပါတယ်။
ဘယ်လိုပဲ ဖွဲ့စည်းဖွဲ့စည်း လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရန်ကုန်နဲ့ ပဲခူးမှာ ပိတ်သိမ်းလိုက်တဲ့ စက်ရုံ ၁၅ ရုံနဲ့ လုပ်သားအင်အား လျှော့ချတဲ့ စက်ရုံသုံးရုံရှိပြီး ထပ်မံပိတ်သိမ်းမယ့် စက်ရုံ ၂၀ ခန့် ရှိနေတာကို ကြည့်မယ်ဆိုရင် အစိုးရရဲ့ တုံ့ပြန်မှုနှေးကွေးတာနဲ့ ကြိုတင်ပြင်ဆင်မှုအားနည်းတာကို အတိအလင်း တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး စက်ရုံပိတ်သိမ်းမှုတွေကြောင့် လုပ်သားအင်အား သောင်းနဲ့ချီ အလုပ်လက်မဲ့ ဖြစ်တော့မှာဖြစ်သလို မှီခိုနေတဲ့ မိသားစုသိန်းနဲ့ချီလည်း အခက်တွေ့တော့မှာကို သတိချပ်ပြီး ဖွဲ့စည်းလိုက်တဲ့့ ကော်မတီတွေဟာ သာမန်ကော်မတီတွေထက် ၁၀ ဆပိုပြီး အပြေးအလွှားလုပ်မှ လက်ရှိဆိုးကျိုးတွေကို လွှမ်းခြုံနိုင်မယ့် အစီအမံကောင်းတွေ ချမှတ်နိုင်မှာပါ တင်ပြရင်းနဲ့ပဲ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား