လူစုလူဝေးများသည် အများပြည်သူနှင့်ဆိုင်သော အတိုင်းအတာ တစ်ရပ်အတွင်း ဖြစ်ပွားသည်။ (ဥပမာ- ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများ၊ ကဇာတ်ရုံ/ရုပ်ရှင်ရုံများ၊ အားကစားကွင်းများ၊ ပွဲတော်များနှင့် အစည်းအဝေးခန်းမများတို့ ဖြစ်ကြသည်။ လူစုလူဝေးများက ပို၍ကြာသော အချိန်ကာလ အပိုင်းအခြားအတွင်း အလွန်အရေအတွက်များသောလူများ အနီးကပ် ထိတွေ့မှုကို ဖြစ်စေနိုင်သည်။ လူစုလူဝေးများသည် ကမ္ဘာတစ်လွှားတွင် လက်ရှိဖြစ်ပေါ် ကူးစက်ပျံ့နှံ့လျက်ရှိသော COVID-19 ဗိုင်းရပ်စ်အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးများ ကူးစက်မှုကို ဖြစ်စေနိုင်သည်။ သို့သော် လူစုလူဝေး ပြုလုပ်မှုများသည် တစ်ပုံစံတည်း ထပ်တူမကျသောကြောင့် ပြည်သူ့ကျန်းမာရေး အာဏာပိုင်များ၊ ပွဲကိုကြီးမှူးကျင်းပသူများနှင့် သက်ဆိုင်ရာ စီစဉ်သူများက တစ်ခုချင်းစီအား အခြေခံလျက် သုံးသပ်ဆုံးဖြတ် ရသည်။ ကြီးမားလှသော ပွဲများကို ဖျက်သိမ်းခြင်းကို ပြည်သူ့ကျန်းမာရေးရှုထောင့်မှ အကြံပြုနိုင်သော်လည်း လိုက်နာရေးနှင့် ရေရှည်ထိန်းထားနိုင်ရေးမှာ ခက်ခဲနိုင်ပြီး အရေးပါသော လူမှုရေး အနှောင့်အယှက်များနှင့် လူထုဆန့်ကျင်မှုများ ဖြစ်ပွားနိုင်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 ရောဂါဖြစ်ပွားပျံ့နှံ့မှုအား ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် မတ် ၁၁ ရက်က သတ်မှတ်ကြေညာခဲ့ပြီးနောက် မြန်မာနိုင်ငံ၌ သင်္ကြန်မဏ္ဍပ်ကြီးများနှင့် ရုပ်ရှင်ရုံများ အပါအဝင် လူစုလူဝေး အခမ်းအနားများကို ဧပြီလကုန်အထိ မကျင်းပရန် အစိုးရအဖွဲ့က ဆုံးဖြတ်ထားကြောင်း ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားသည်။
မတ် ၁၂ ရက်က နေပြည်တော်တွင် 2019 Novel Coronavirus (COVID-19) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အရေးပေါ် အစည်းအဝေးကို ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဦးအောင်လှထွန်းက ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် မတ် ၁၂ ရက် ည ၁၁ နာရီတွင် တင်ခဲ့ခြင်းဖြစ်သည်။
“မနက်ဖြန်ကစပြီး ဧပြီလကုန်အထိ ကာလအတွင်း တားဆီးကာကွယ်ရေး လုပ်ငန်းတွေကို ထိရောက်အောင် ဖိဖိစီးစီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားကြဖို့၊ အများပြည်သူကို ကျန်းမာရေးအသိနဲ့ သတိထားနေထိုင်ဖို့ ပညာပေးပန်ကြား ဆောင်ရွက်ဖို့ ဆွေးနွေးဆုံးဖြတ် ခဲ့ကြပါတယ်။ ထိုကာလအတွင်း လူစည်ကားတဲ့ ပွဲလမ်းသဘင် လူစုလူဝေး အခမ်းအနား အစည်းအဝေးများ (သင်္ကြန်မဏ္ဍပ်ကြီးများနှင့် ရုပ်ရှင်ရုံများ အပါအဝင်) မကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အသေးစိတ်ကို သက်ဆိုင်ရာဌာန တွေက တရားဝင် ကြေညာပါလိမ့် မယ်။ တစ်ချိန်တည်းမှာ ဆက်စပ် ဖြစ်ပေါ်လာမယ့် စီးပွားရေး၊ လူမှု ရေးပြဿနာတွေကို ကိုင်တွယ် ဖြေ ရှင်းဖို့ နည်းလမ်းတွေကိုလည်း ဒီ အစည်းအဝေးမှာ ဆွေးနွေးတိုင်ပင် ခဲ့ကြပါတယ်။ ရောဂါစတင်ဖြစ်ပေါ်ခဲ့တဲ့ တရုတ်နိုင်ငံမှာ အဲဒီလို ဖိဖိစီးစီး တင်းတင်းကျပ်ကျပ် (Aggressive measures) အရေးယူဆောင်ရွက်ခဲ့လို့ ပြည်တွင်းမှာ ရောဂါကူးစက်ပြန့်ပွားမှု ကျဆင်းလာတာ တွေ့ခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ သတင်းအတုတွေ၊ သတင်းမှားတွေ၊ ကောလာဟလတွေကို မယုံကြည်ကြဖို့၊ ထုတ်လွှင့်သူတွေကိုလည်း ဖော်ထုတ်ဟန့်တားပေးကြဖို့ အား လုံးကို မေတ္တာရပ်ခံအပ်ပါတယ်။ သူတို့ကို သက်ဆိုင်ရာကလည်းတည် ဆဲဥပဒေများနဲ့အညီ အရေးယူသွားမှာ ဖြစ်ပါတယ်” ဟု ဦးအောင်လှထွန်းက ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
ကျန်းမာရေးအာဏာပိုင်များက COVID-19 ရောဂါဖြစ်ပွားမှုအတွင်း လူစုလူဝေးပြုလုပ်ခြင်းနှင့် ပတ်သက်သော ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးယူ ဆောင်ရွက်မှုများကို ဆုံးဖြတ်သည့်အခါ အန္တရာယ်ဖြစ်နိုင်မှုနှင့် ပတ်သက်၍ အကဲဖြတ်ချက်များကို အကြံပြုရသည်။ ယင်းကဲ့သို့ အကဲဖြတ်ခြင်းတွင် ရောဂါကူးစက်ပြန့်ပွားမှု၊ သက်ဆိုင်ရာ ရိုက်ခတ်မှုများနှင့် အန္တရာယ်ဖြစ်နိုင်မှုနှင့် ပတ်သက်သော အကဲဖြတ်ချက်များ၌ ပါဝင်သည့် အကြောင်းရင်းခံ အသီးသီး၏ အလေးအပေါ့ (အရေးကြီးမှု) တို့ ပါဝင်သည်။ လူစုလူဝေး ပြုလုပ်ခြင်းနှင့် ပတ်သက်သော ကျန်းမာရေးဆိုင်ရာ အန္တရာယ်ရှိနိုင်မှုကို တွက်ဆရာတွင် တိုးပွားလာသည့် လူထူထပ် သိပ်သည်းဆ၊ ထိတွေ့မှုများသော နေရာများ (ဥပမာ- တံခါးများ၊ ဓာတ်လှေကားများ) တစ်လျှောက် ပါဝင်သူများအပေါ် တင်းကျပ်ရမည့် အဝင်/အထွက်နှင့် ပတ်သက်ရာ ထိန်းချုပ်နေရာများနှင့် အကန့်အသတ်ရှိသည့် ကျန်းမာရေး စောင့်ရှောက်မှုတို့အား ထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။ ပရိသတ်နှင့် ပါဝင်သူများ ကွဲပြားခြားနားမှုသည် အမျိုးမျိုး အထွေထွေဖြစ်နိုင်ပြီး ကွဲပြားခြားနားသော အန္တရာယ်ဖြစ်နိုင်မှု အကြောင်းရင်းခံနှင့်/သို့မဟုတ် ကိုယ်ခံအား အနေအထားများ ရှိကြသည့် လူများနှင့် အနီးကပ် ထိတွေ့မှုကြောင့် ရောဂါကူးစက်ပြန့်ပွားမှု အန္တရာယ် မြင့်မားစေနိုင်သည်။ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် ကျန်းမာရေး လုပ်ဆောင်နိုင်ခြေ (ဥပမာ- လက်ဆေးခြင်း) တို့ အကန့်အသတ် ရှိခြင်းသည်လည်း လူစုလူဝေး၌ ကျန်းမာရေးဆိုင်ရာ အန္တရာယ်များ မြင့်မားခြင်းတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နိုင်သည်။
လူစုလူဝေး ပြုလုပ်ခြင်းနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များကို အပြောင်းအလဲများ မလိုအပ်ခြင်းမှသည် တက်ရောက်သူများနှင့် ဆက်သွယ်ဆောင်ရွက်မှုကို တိုးမြှင့်ခြင်း၊ ပွဲကိုမဖျက်သိမ်းဘဲ အန္တရာယ်လျော့ပါးရေး ဗျူဟာများ ချမှတ်ခြင်းအထိ စဉ်းစားနိုင်ပြီး နောက်ဆုံးကျမှ ပွဲကိုရွှေ့ဆိုင်းခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းကို စဉ်းစားရမည် ဖြစ်သည်။
အန္တရာယ်လျော့ပါးရေး ဗျူဟာများတွင် (၁) ပါဝင်သူအရေအတွက်ကို လျှော့ချခြင်း သို့မဟုတ် လူထူထပ် မှုကို ကာကွယ်ရန် နေရာပြောင်းလဲခြင်း၊ (၂) ရောက်ရှိလာသူများနှင့် ထွက်ခွာသူများအား အတူမထိတွေ့အောင် အချိန်ဇယားဆွဲခြင်း၊ (၃) ဘူဖေးအစား ထုပ်ပိုးထားသည့် အစားအသောက်များ ကျွေးခြင်း၊ (၄) လက်ဆေးရန် နေရာများကို တိုးမြှင့်ခြင်း၊ (၅) တစ်ကိုယ်ရည်ကာ ကွယ်မှုများကို မြှင့်တင်ခြင်း (လက်ဆေးခြင်း၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကာကွယ်မှုပြုလုပ်ခြင်း၊ နေမကောင်းပါက နေအိမ်၌သာနေခြင်း)၊ (၆) Virtual သို့မဟုတ် Live streamed လုပ်ဆောင်ချက်များပေးခြင်းနှင့် (၇) ပါဝင်သူများအကြား ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု လိုအပ်သည့် အရာများကဲ့သို့သော အန္တရာယ် မြင့်မားသည့် လုပ်ဆောင်ချက်များကို လျှော့ချရန် ပွဲအစီအစဉ်ကို ပြောင်းလဲခြင်းတို့ ပါဝင်နိုင်သည်။
ရောဂါကာကွယ်ထိန်းချုပ်
ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရန်အတွက် COVID-19 ရောဂါကို ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်က သတ်မှတ်ခဲ့ပြီးဖြစ်သည်။
တရုတ်နိုင်ငံ၌ စတင်ဖြစ်ပွားခဲ့သော လတ်တလော အသက်ရှူလမ်းကြောင်းရောဂါ COVID-19 ရောဂါ မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ လတ်တလော အသက်ရှူလမ်းကြောင်းရောဂါ COVID-19 ကို ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
“အမိန့်ကြော်ငြာစာထုတ်တယ် ဆိုတာက ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေရဲ့အပိုဒ် ၂၁(ခ)ကို အသုံးပြုပြီး ကျန်းမာရေး ဝန်ကြီးဌာနက ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမယ့်ကူးစက် ရောဂါအဖြစ် သတ်မှတ်တဲ့ အမိန့်စာကို ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ကျွန်မတို့က ပွဲမလုပ်ပါနဲ့လို့ အမိန့်ထုတ်တဲ့ဌာန မဟုတ်ပါဘူး။ ကျွန်မတို့က အကြံပေးရတဲ့ဌာနပါ။ ပွဲလမ်းသဘင်တွေ လူစုလူဝေးတွေ မလုပ်တာကောင်းတယ်။ လုပ်ရင် အန္တရာယ်များတယ်။ ဒီလိုအချိန်မှာ ဆိုဘယ်လိုမှ မလုပ်သင့်ဘူး။ ရှောင်သင့်တယ်။ ဒါမျိုးတွေကို အကြံပေးတာပါ။ အဲဒါတွေလုပ်ဖို့လည်း ကျွန်မတို့ဆီမှာ ဗဟိုအဖွဲ့ရှိပြီးသားပါ။ ဗဟိုအဖွဲ့မှာဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေပါတယ်။ နိုင်ငံတော်သမ္မတကိုယ်တိုင် လက်မှတ်ထိုး ဖွဲ့စည်းထားတယ်။ အဖွဲ့ဝင် ၁၇ ယောက်ပါတယ်။ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေ ၁၂ ရပ်ရှိတယ်။ အဲဒီအစည်းအဝေးကလည်း နှစ်ကြိမ် လုပ်ပြီးပြီ။ ဖေဖော်ဝါရီ ၃ ရက်က တစ်ကြိမ်၊ မတ် ၃ ရက်က တစ်ကြိမ် နှစ်ကြိမ်လုပ်ပြီးပြီ။ နှစ်ကြိမ်လုံးမှာလည်း ပွဲလမ်းသဘင်တွေ လျှော့ချဖို့၊ ပွဲလမ်းသဘင်တွေ မကျင်းပဖို့ မဖြစ်မနေ ကျင်းပရမယ် ဆိုရင်လည်း လူနည်းစုနဲ့လုပ်ဖို့၊ အချိန်အကြာကြီး ရက်အကြာကြီးမလုပ်ဖို့ အားလုံးအကြံပေးချက်တွေ ပေးထားပြီး ဖြစ်ပါတယ်။ အဲဒီအကြံပေးချက်တွေကို သမ္မတရုံးကနေ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် အုပ်ချုပ်ရေး ဦးစီးဌာနတွေ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ကိုလည်း ညွှန်ကြားပြီး ဖြစ်ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ကြေညာထားသော သတင်းထုတ် ပြန်ချက်များတွင် ယင်းအချက်များကို အသိပေးထားပြီးဖြစ်ကြောင်း၊ ယင်းအချက်များမှာ ယခုကာလအတွင်း လူစုလူဝေးများပြားရာ နေရာများနှင့် ပွဲလမ်းသဘင်ရှိရာ နေရာများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန်၊ အခြေအနေ အကြောင်းကြောင်းကြောင့် မဖြစ်မနေ ကျင်းပရမည့် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကိုသာ ပြုလုပ်ကြပါရန်၊ အထူးသဖြင့် အသက်အရွယ် ကြီးရင့်သူများနှင့် မကူးစက်နိုင်သောရောဂါ ဖြစ်ပွားနေသူများသည် မိမိတို့၏ ကျန်းမာရေးအား ဂရုတစိုက် ထိန်းသိမ်းပါရန်၊ ရောဂါဖြစ်ပွားနေသူ၏ ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့မှ ထွက်ရှိလာသော အမှုန်အမွှားများမှတစ်ဆင့် ရောဂါကူးစက်နိုင်သဖြင့် လက်ကို မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောပေးရန်အတွက် ပွဲလမ်းသဘင်များတွင် ဆပ်ပြာနှင့်ရေ သို့မဟုတ် လက်သန့်စင် ဆေးရည်များ စီစဉ်ထားရှိရန်၊ အကယ်၍ ထိုသို့ မလွှဲမရှောင်သာ ကျင်းပရပါက တက်ရောက်သည့် လူအရေအတွက် နည်းနိုင်သမျှ နည်းပါးစေရန်နှင့် ဖျားနာသူများနှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ မလာရောက်စေရေး အစီအမံများ တင်းကျပ်စွာ ပြုလုပ်ရမည့်အပြင် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး ကျန်းမာရေး အသိပညာပေး နှိုးဆော်ချက်များကိုလည်း တိကျစွာ လိုက်နာဆောင်ရွက်ကြရန် စသည့်အချက်များကို အသိပေး နှိုးဆော်ထားပြီးဖြစ်သည်။
သတင်းမှားများနှင့် ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ် ၁၂ ရက်ညပိုင်းမှာပင် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ကာ ဖြေရှင်းခဲ့ရပြီး သတင်းမှားနှင့် ကောလာဟလများ ဖြန့်ဖြူးသူများကို အရေးယူမည်ဟု ကြေညာခဲ့သည်။
“လူစုလူဝေးတွေကနေ COVID ကူးစက်နိုင်ခြေကတော့ ၁၀၀ ရာခိုင်နှုန်းပါပဲ။ အဲဒီလူစုလူဝေးထဲမှာ ရောဂါဖြစ်နေတဲ့သူတွေ ပါနေခဲ့ရင် လူစုလူဝေးက လုံးဝကို မစုသင့်တာပါ။ ပြည်သူတွေက ပွဲရှိရင် သွားချင်တဲ့သူက အများသား။ တကယ်မဖြစ်သေးတော့ မကြောက်တာလည်းဖြစ်မယ်။ မြန်မာပြည်မှာ Positive လူနာတွေ့ရင် တကယ်မလွယ်ဘူး။ နဂိုကတည်းက ဆေးရုံတွေမှာ ကျပ်ပိတ်နေတာ။ လူအင်အားက နည်းဆေးနဲ့ ဆေးပစ္စည်းကနည်း Ventilator လို့ ခေါ်တဲ့ အသက်ရှူ အထောက်အကူပြု စက်ကလည်း မြို့ကြီးတွေက ဆေးရုံကြီးတွေမှာတောင် ၁၀ လုံး ထက်ပိုတဲ့ ဆေးရုံဘယ်နှရုံရှိသလဲ စုံစမ်းကြည့်ပါ။ ဘုရားစာရွတ်ရုံမှ တစ်ပါးအခြား မရှိလို့ပဲ ပြောရတော့မယ်။ ပွဲလမ်းသဘင်တွေ ပိတ်လိုက်တဲ့အတွက် အစိုးရကိုလည်း ကျေးဇူးတင်ပါတယ်” ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာစံကျော်ဦးက ၎င်း၏အမြင်ကို ပြောကြားသည်။
မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာဝင်း သန္တာဖြူက သူမ၏ ကိုယ်ပိုင်လူမှုကွန်ရက် စာမျက်နှာပေါ်တွင် “တစ်လုံးကို သိန်း ၁၃၀ တန်ဖိုးရှိသော Ventilator အသက်ရှူစက်များ တစ်လုံးကို ၂၅ သိန်း တန်ဖိုးရှိသော Patient Monitor စက်များ၊ PPE ဝတ်စုံတွေ များများ Facebook တွေများများမှာယူ၍ ဝယ်ပြီး ပြည်သူ့ဆေးရုံတွေမှာ အရေးပေါ် လှူပေးကြစေချင်ပါတယ်။ ဝတ်စုံတစ်စုံ သိန်း၊ သောင်းကျော် အသုံးပြုနိုင်တာမို့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတွေအတွက် အခုကမ္ဘာ့ကပ်ရောဂါ ဖြစ်နေတဲ့ COVID-19 အတွက် လူနာတွေ ကျန်းမာရေး စောင့်ရှောက်ရမယ့် ကျန်းမာရေး ဝန်ထမ်းတွေအတွက် လှူပေးကြပါလို့ တိုက်တွန်းပါရစေ။ ကျွန်မတို့ဆေးရုံမှာ Ventilator လုံးဝမလုံလောက်ပါဘူး။ PPE လုံးဝ လုံးဝ မလုံလောက်ပါဘူး။ သာမာန် Face Mask တောင်လုံလောက်အောင် မပေးနိုင်ပါဘူး။ ကမ္ဘာ့ကပ်ရောဂါ အသွင်မှာ ကျိတ်ခံကျိတ်ရှင်း၍ မရပါ။ မရှိတာ မရှိကြောင်း မလုံလောက်တာ မလုံလောက်ကြောင်း အသိပေး အလှူခံ အကူအညီ တောင်းပါရစေ” ဟု မတ် ၁၂ ရက် ညပိုင်းက ရေးသားခဲ့သည်။ ထိုကဲ့သို့ အကူအညီ တောင်းခံခဲ့ပြီးနောက် မတ် ၁၃ ရက် နောက်ပိုင်းတွင် အလှူရှင်အချို့မှ လှူဒါန်းမှုများလည်း ရှိလာခဲ့သည်။
အလုပ်သမား ဆေးရုံကြီးတွင် COVID ရောဂါကာကွယ်ရေးနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် ပတ်သက်ပြီး ခေတ္တဆေးရုံအုပ် ဒေါက်တာတင်မင်းထွန်းက “အလုပ်သမား ဆေးရုံကြီးမှာလည်း တခြားသော ပြည်သူ့ဆေးရုံတွေမှာ လုပ်တဲ့အတိုင်း ရောဂါကာကွယ်နှိမ်နှင်းရေးတွေကို လုပ်ဆောင်နေပါတယ်။ ဆေးရုံလာတဲ့ လူနာတွေကို သံသယလူနာ ဟုတ်မဟုတ် အဝင်ပေါက်မှာကတည်းက အဖျားတိုင်းတယ်။ အဲဒီသူက အဖျားတက်နေတယ်ဆိုရင် သီးသန့်ပြန်ခွဲထားတာပေါ့။ နောက် ဒုတိယအကြိမ် ပြန်စစ်တယ်။ ရောဂါရာဇဝင်တွေ မေးတယ်။ ခရီးသွားရာဇဝင်တွေ မေးတယ်။ တကယ်လို့ သံသယဖြစ်တယ်ဆိုရင် သီးခြားခွဲထားဖို့ စီစဉ်ထားတာပေါ့။ နောက်တစ်ခုကတော့ ဆေးရုံလာတဲ့ လူနာတွေကို ကျန်းမာရေး ပညာပေးတယ်။ COVID နဲ့ပတ်သက်တဲ့ ဆောင်ရန် ရှောင်ရန်တွေကို ပညာပေးတယ်။ နောက် လက်ဆေးရည်တွေဆိုလည်း အလွယ်တကူ လက်ဆေးနိုင်အောင် စီစဉ်ပေးထားတယ်။ သံသယလူနာ တွေ့ခဲ့ရင်လည်း သီးသန့်ခွဲထားဖို့ အခန်းလည်း ပြင်ထားပါတယ်။ ကျွန်တော်တို့ဆေးရုံက ပုံမှန်အတိုင်းဆို ICU (အထူးကြပ်မတ် ကုသဆောင်) မရှိတဲ့ဆေးရုံလေ။ ICU မရှိတဲ့အခါကျတော့ COVID လူနာ သေချာသလောက် ရှိတယ်ဆိုရင် ကျန်းမာရေးဝန်ကြီးဌာနက ဆေးရုံတွေဆီပဲ လွှဲပေးရမှာပေါ့။ ပုံမှန်အတိုင်းလည်း ကိုယ်မနိုင်တဲ့လူနာ လွှဲဖို့လိုတဲ့ လူနာဆိုရင် ကျန်းမာရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ ဆေးရုံတွေကိုပဲ လွှဲရတာပါ။ ဆေးရုံအနေနဲ့လည်း ထူးထူးခြားခြား ကန့်သတ်ထားတာမျိုးတော့ မရှိဘူး။ အလုပ်သမားဆေးရုံက တစ်ခု ကံကောင်းနေတာက ဆေးရုံက သေးတဲ့အတွက်ကြောင့် ဝင်ပေါက်ထွက်ပေါက်ကလည်း နည်းတယ်။ ဒါကြောင့် ဝင်ပေါက်ကနေ ဝင်လာတဲ့ သူတွေကိုပဲ အဖျားတိုင်းတာ လုပ်တဲ့အခါ တော်ရုံတန်ရုံ အဖျားရှိတဲ့ လူနာဆို တန်းတွေ့နိုင်တာပဲ” ဟု ပြောကြားသည်။
“လူစုလူဝေးကို မလုပ်ရဘူးဆိုပြီး တားမြစ်လိုက်တယ် ဆိုကတည်းက တစ်ယောက်နဲ့တစ်ယောက် ကူးစက်နိုင်ခြေကတော့ ပိုနည်းသွားတာပေါ့။ အခုအချိန်မှာ အတတ်နိုင်ဆုံး လူစုလူဝေးထဲကို မသွားတာ အကောင်းဆုံးပါ။ အရေးကြီး ကိစ္စလို မဖြစ်မနေ ကိစ္စလိုမျိုးက လွဲရင်ပေါ့။ COVID နဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ အမြင်အရဆို COVID-19 က မြန်မာပြည်မှာ မတွေ့သေးတာ။ မရှိတာတော့ မဟုတ်ဘူး။ မဖြစ်သေးတာမျိုး ကလည်း ဖြစ်လာနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက H1N1 တို့ H5N1 တို့တွေဖြစ်ပြီဆိုရင် ရပ်ကွက်တွေထဲမှာ ဖျားတဲ့လူနာတွေက အနည်းနဲ့အများ များများလာကြတယ်။ အခုကတော့ အဲဒီလောက်ကြီးများတာ သိပ်မတွေ့မိဘူး။ ကိုယ်ပတ်ဝန်းကျင်မှာရော ဆေးခန်းမှာရောပေါ့။ COVID က တကယ်ဖြစ်လာပြီ ဆိုရင်လည်း ဘယ်လိုမှ ဖုံးထားလို့မရဘူး။ မဖြစ်သေးတာတော့ သေချာတယ်။ မရှိဘူး ဆိုတာတော့ မငြင်းရဲဘူး။ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ ဆိုင်သလား ဆိုတာတော့ မပြောတတ်ဘူး။ ဒါတွေက ပညာရှင်တွေရဲ့ အမြင်တွေ ဖြစ်သွားတယ်။ မြန်မာပြည်မှာ မဖြစ်သေးဘူး ဆိုတာကတော့ တော်တော်တော့ ထူးဆန်းတယ်” ဟု အလုပ်သမားဆေးရုံကြီးမှ ခေတ္တဆေးရုံအုပ် ဒေါက်တာတင်မင်းထွန်းက သူ၏အမြင်ကို ပြောကြားသည်။
မတ် ၁၃ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို စတင်ဖွဲ့စည်းထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးများ ပါဝင်ဖွဲ့စည်းထားသည်။
ယင်းကော်မတီတွင် အတွင်းရေးမှူး (၁) အဖြစ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ အတွင်းရေးမှူး(၂)အဖြစ် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ တွဲဖက်အတွင်းရေးမှူးများအဖြစ် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ အမြဲတမ်း အတွင်းဝန်တို့က တာဝန်ယူထားသည်။
မြန်မာနိုင်ငံ အပါအဝင် COVID-19 ရောဂါကူးစက်မှု မရှိသေးသော နိုင်ငံများအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဦးစားပေး ဆောင်ရွက်ရမည့် အချက်ခြောက်ချက်ကို လက်တွေ့ကျင့်သုံးရန်နှင့် ပြည်သူများအား အသိပညာပေးရန် တိုက်တွန်းနှိုးဆော်ထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရောဂါကူးစက်ပျံ့နှံ့မှု မရှိသေးသော နိုင်ငံများအတွက် ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်သော ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးခြင်း၊ အရေးပေါ် တုံ့ပြန်ရေးစနစ်ကို အဆင်သင့် ပြင်ဆင်ထားရှိ အသက်သွင်းထားခြင်း၊ ပြည်သူလူထုအား ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် စည်းရုံးလှုံ့ဆော်ခြင်း၊ ရောဂါပိုးရှိသူများ ရှာဖွေခြင်း/အခြားနိုင်ငံများမှ ရောဂါရှိသူများနှင့် ထိတွေ့ခဲ့သူများကို အသွားအလာ ကန့်သတ်ခြင်း၊ သံသယရှိသူများကို သီးခြားထားရှိခြင်း၊ ရှိရင်းစွဲ ရောဂါစောင့်ကြပ်ကြည့်ရှုမှု စနစ်များကိုသုံး၍ သံသယရှိသူများကို ဖော်ထုတ်ပြီး COVID ရောဂါပိုး ဓာတ်ခွဲစစ်ဆေးခြင်း၊ လက်ကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောခြင်း၊ ချောင်းဆိုး၊ နှာချေခြင်း ကျင့်ဝတ်နှင့် လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာနေခြင်းအား ရှောင်ကြဉ်ခြင်းတို့ကို လက်တွေ့ကျင့်သုံးရန် ပြည်သူများအား အသိပညာပေးခြင်း အချက်များအား ဆောင်ရွက်ရန် တိုက်တွန်းထားရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့်လည်း အဆိုပါ အချက်များကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
မည်သို့ပင်ဆိုစေ၊ လူစုလူဝေး ပြုလုပ်သည့်ပွဲများ၊ ၎င်းတို့၏ အခင်းအကျင်းများနှင့် ပါဝင်သူများ/ တက်ရောက်သူများ အစရှိသည်တို့မှာ ယေဘုယျသဘောအရ မတူကွဲပြားသောကြောင့် အကြံပြုချက်များက မည်သည့် နည်းလမ်းများကို ကျင့်သုံးသင့်သနည်း ဟူသည်ကို လိုက်၍ အမျိုးမျိုး ကွဲပြားနိုင်သည်။ ပြည်သူ့ကျန်းမာရေး အာဏာပိုင်များနှင့် ပွဲကြီးမှူးစီစဉ်သူများ အနေဖြင့် အနေအထားကို သုံးသပ်အကဲဖြတ်ရာ၌ အတူတကွ ပူးပေါင်းလုပ်ဆောင် ကြရမည်သာ ဖြစ်သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား