ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲများကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ်လေးခုအတွက် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း ပြုလုပ်သည့် အစီအစဉ်များ ပြီးဆုံးသွားပြီဖြစ်သည်။
ဒုတိယကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အဆုံးအဖြတ်ရယူနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများသည် ကျောင်းကုန်း မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း ဦးဆောင်တင်သွင်းသည့် ဥပဒေမူကြမ်း၊ မိတ္ထီလာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း ဦးဆောင်တင်သွင်းသည့် ဥပဒေမူကြမ်း၊ တပ်တော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင် ဦးဆောင်တင်သွင်းသည့် ဥပဒေမူကြမ်း၊ တပ်မတော်သားအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်စန်းချစ် ဦးဆောင်တင်သွင်းသည့် ဥပဒေမူကြမ်း၊ ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၅) မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင် ဦးဆောင်တင်သွင်းသည့် ဥပဒေမူကြမ်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် ဦးဆောင်တင်သွင်း ဥပဒေမူကြမ်းနှစ်ခု စသည့် ဥပဒေမူကြမ်းများကို စုစည်း၍ ပုဒ်မ ၄၃၆ (က) နှင့် (ခ)အရ ပြုစုထားသော ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများ ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မများခွဲ စုစုပေါင်း ၁၃၅ ခုကို ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) တို့အရ စုစည်း၍ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) အရ အကျုံးဝင်သော ပုဒ်မ၊ ပုဒ်မခွဲ ၅၅ ခုကို စုစည်း၍ ဆန္ဒမဲလက်မှတ်လေးခုအဖြစ် မဲခွဲဆုံးဖြတ်ခြင်းနှင့် ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (ခ) အရ အကျုံးဝင်သော ပုဒ်မ၊ ပုဒ်မခွဲ ၈၀ ကိုစုစည်း၍ ဆန္ဒမဲလက်မှတ်ငါးခုအဖြစ် မဲခွဲဆုံးဖြတ်ခြင်းများ ပြုလုပ်မည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် လွှတ်တော်အစည်းအဝေးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၆၅၄ ဦးရှိသည့်အနက် NLD ပါတီမှ ကိုယ်စားလှယ် ၃၈၂ ဦးဖြင့် အများဆုံးဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးရှိသည့် တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့မှာ ဒုတိယနှင့် အခြားသောနိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁၀၄ ဦးရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၏ ပုဒ်မ၊ ပုဒ်မခွဲ တစ်ရပ်ရပ်ကို ပြင်ဆင်လိုပါက လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရမည်ဆိုသည့် ပြဋ္ဌာန်းချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဆိုလျှင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ထောက်ခံရန် လိုအပ်သလို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ ထောက်ခံမှုရရှိရန် လိုအပ်သည်။
ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ၊ ပုဒ်မခွဲများကို လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၆၅၄ ဦး ရှိခြင်းကြောင့် ဆန္ဒမဲပေးမည့် အစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စားလှယ်များ၏ ဦးရေဖြင့် ဆန္ဒမဲရာခိုင်နှုန်းကို တွက်ချက်မည်မဟုတ်ဘဲ ၆၅၄ ဦးသော ကိုယ်စားလှယ်စုစုပေါင်း၏ ရာခိုင်နှုန်းဖြင့်သာ တွက်ချက်မည်ဖြစ်၍ လွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦးကျော်၏ ထောက်ခံဆန္ဒမဲရရှိမှသာ ပုဒ်မ၊ ပုဒ်မခွဲများကို ပြင်ဆင်နိုင်မည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများနှင့်ပတ်သက်၍ လွှတ်တော်တွင်း ကိုယ်စားလှယ်များ၏ ဆွေးနွေးခြင်းအစီအစဉ်ကို ခုနစ်ရက်တာပြုလုပ်ခဲ့ပြီး ပါတီအသီးအသီး၊ အစုအဖွဲ့အသီးသီးမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၇ ဦးက ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် မတ် ၁၀ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) တွင် အကျုံးဝင်သော ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုကို စုစည်းထားသော ဆန္ဒမဲလက်မှတ် (၁) နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့သည်။
ပထမနေ့
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ (က) ၌ အကျုံးဝင်သော တပ်မတော်သားကိုယ်စားလှယ် အရေအတွက်ကို လွှတ်တော်သက်တမ်းအလိုက် လျှော့ချမည့် ပြင်ဆင်ချက်အပါအဝင် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခု စုစည်းထားသည့် ဆန္ဒမဲလက်မှတ် (၁) ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူသည့် မတ် ၁၀ ရက်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၆၅၄ ဦးအနက် အစည်းအဝေးသို့ မတက်ရောက်နိုင်သဖြင့် ခွင့်တိုင်ကြားသော လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦး ရှိခဲ့သည်။
ပုဒ်မ ၄၃၆ (က) တွင် အကျုံးဝင်သော ပုဒ်မ၊ ပုဒ်မခွဲ (၁၄) ကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ် (၁) ကို အဆုံးအဖြတ်ရယူရာတွင် တပ်မတော်၏ အခန်းကဏ္ဍကိုလျှော့ချရန် ပြင်ဆင်ထားသည့် ပုဒ်မ၊ ပုဒ်မခွဲများကို ပြင်ဆင်နိုင်ခဲ့ခြင်းမရှိဘဲ မသန်စွမ်းနှင့် သက်ကြီးရွယ်အို စကားရပ်ပြင်ဆင်ထားချက်နှစ်ခု ပါဝင်သော ပုဒ်မခွဲနှစ်ခုကိုသာ ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းကျော်ခဲ့ခြင်းကြောင့် ပြင်ဆင်နိုင်ခဲ့သည်။
လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် ထောက်ခံဆန္ဒမဲ ၅၈၀ ကျော်စီ ရရှိခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂ (က) ၏ မူလပြဋ္ဌာန်းချက်တွင်ပါဝင်သော အိုမင်းမစွမ်းသူများ စကားရပ်အစား သက်ကြီးရွယ်များ၊ မသန်မစွမ်းဆိုသည့် စကားရပ်အစား မသန်စွမ်းဟု ပြင်ဆင်ထားချက်နှင့် ပုဒ်မ ၃၂ (ခ) ၏ မူလပြဋ္ဌာန်းချက်တွင်ပါဝင်သော မသန်မစွမ်းဖြစ်လာသောဆိုသည့် စကားရပ်အစား မသန်စွမ်းဟု ပြင်ဆင်ထားချက်များကိုသာ ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း ကျော်လွန်ခဲ့ခြင်းကြောင့် ပြင်ဆင်နိုင်ခဲ့သည်။
ဆန္ဒမဲ လက်မှတ် (၁) တွင် ပါဝင်သည် အခြားပုဒ်မ ၁၂ ခုဖြစ်သော ပုဒ်မ ၅ ပြင်ဆင်ချက်၊ ပုဒ်မ ၆ ပြင်ဆင်ချက်၊ ပုဒ်မ ၆ (စ) ၏ မူလပြဋ္ဌာန်းချက်ဖြစ်သော နိုင်ငံတော်၏အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်ဆိုသောအချက်မှ ဦးဆောင်မှုနှင့် အစဉ်တစိုက် စကားရပ်ကိုပယ်ဖျက်၍ ပြည်သူ့ဆန္ဒနှင့် အညီဆိုသော ပြင်ဆင်ချက်၊ ပုဒ်မ ၇ ပြင်ဆင်ချက်များသည် ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းကျော် မရရှိသည့်အတွက် ပြင်ဆင်မှုများကို အတည်ပြုနိုင်ခြင်းမရှိပေ။
ထို့ပြင် လွှတ်တော်အသီးသီးမှ တပ်မတော်သားကိုယ်စားလှယ် အရေအတွက်ကို လွှတ်တော်သက်တမ်းအလိုက် လျှော့ချရန် တင်ပြထားသည့် ပုဒ်မ ၁၄ ပြင်ဆင်ချက်၊ ပုဒ်မ ၁၇ မူလပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် တင်ပြထားမှု၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်ဆိုသော ပုဒ်မ ၂၀ (ဂ) မူလပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် တင်ပြထားမှု၊ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်ရမည်ဆိုသည့် မူလပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန်တင်ပြထားမှုများသည်လည်း ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့ခြင်းမရှိသည်ကို တွေ့ရှိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉ ၏ မူလပြဋ္ဌာန်းချက်ပါ စစ်မှန်၍ စည်းကမ်းပြည့်ဝသော စကားရပ်အစား စစ်မှန်သောဆိုသည့် စကားရပ်အစားထိုးပြင်ဆင်ခြင်း၊ နိုင်ငံတော်၏ အရေးအပေါ်အခြေအနေတွင် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တားဆီးကာကွယ်စောင့်ရှောက်ခွင့် ပေးအပ်ထားသော ပုဒ်မ ၄၀ (ခ) ပါ မူလပြဋ္ဌာန်းချက်ပါ ထိုအန္တရာယ်ကို ဆိုသည့်စကားရပ်အစား နိုင်ငံတော်သမ္မတ၏ တာဝန်ပေးချက်အရဆိုသော အစားထိုးပြင်ဆင်မှုများသည်လည်း ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့ခြင်းမရှိခဲ့ပေ။
ပုဒ်မ ၄၀(ဂ) မူလပြဋ္ဌာန်းချက်ပါ အရေးပေါ်အခြေအနေပေါ်ပေါက်လာလျှင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိသည်ဆိုသည့် စကားရပ်အစား ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်အာဏာကို နိုင်ငံတော်သမ္မတက ဦးဆောင်၍ တာဝန်ယူဆောင်ရွက်နိုင်မည့် အစီအစဉ်တစ်ရပ်အား အတည်ပြု ဆုံးဖြတ်ဆောင်ရွက်ရမည်ဆိုသည့် ပြင်ဆင်ချက်သည်လည်း ထောက်ခံဆန္ဒမဲ ၃၄၃ မဲသာရရှိခဲ့သည့်အတွက် ပြင်ဆင်နိုင်ခြင်းမရှိဘဲ မူလပြဋ္ဌာန်းချက်အတိုင်း ထားရှိခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုကို စုစည်းထားသည် ဆန္ဒမဲလက်မှတ် (၁) ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်အပြီးတွင် NLD ပါတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေး အကျပ်အတည်းမှ ကျော်လွန်ရန် ဆက်လက်ကြိုးစားရဦးမည်ဆိုသော အသိတရားတစ်ခု ရရှိခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် အောင်မြေသာစံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောကြားသည်။
ဆန္ဒမဲလက်မှတ် (၁) တွင် ပါဝင်သော ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုမှ ပုဒ်မခွဲနှစ်ခုသာ ပြင်ဆင်နိုင်ခဲ့သည့် အခြေအနေနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် အကြောင်းအရာပေါ်ကြည့်၍ ထောက်ခံမည်ဆိုသည်က ပေါ်လွင်ကြောင်းနှင့် မဖြစ်သင့်သေးသော ပုဒ်မများကို ကန့်ကွက်နေခြင်းဖြစ်ကြောင်း ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက မှတ်ချက်ပြုသည်။
ထိုသို့ မသန်စွမ်းနှင့် သက်ကြီးရွယ်အို စကားရပ်များကို ပြင်ဆင်သည့် ပုဒ်မနှစ်ခုကိုသာ ထောက်ခံအတည်ပြုနိုင်ခဲ့သည့်အပေါ် ရခိုင်အမျိုးသား (ANP) ပါတီဝင် မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကမူ “ အရေးမပါတာမှာသွားပြီး ညီညွတ်နေကြတာပေါ့။ အရေးပါတဲ့ကိစ္စတွေဆို မညီညွတ်ဘူး” ဟု ဝေဖန်ခဲ့သည်။
ဒုတိယနေ့
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်ရေး ကြိုးပမ်းမှုဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ ၄၃၆ (က) နှင့် အကျုံးဝင်သော ပုဒ်မ ၁၅ ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ် (၂) ကို မတ် ၁၁ ရက်က ပြည်ထောင်စုလွှတ်တော်၌ မဲခွဲ ဆုံးဖြတ်မှုပြုလုပ်ရာတွင် နိုင်ငံတော်သမ္မတ၏ အရည်အချင်းအား သတ်မှတ်ထားသည့် ပုဒ်မ ၅၉ (စ) အပါအဝင် ပုဒ်မ၊ ပုဒ်မခွဲအားလုံး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းကျော် မရရှိခဲ့သဖြင့် မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိမည်ဟု လွှတ်တော်နာယကက ကြေညာခဲ့သည်။
မဲခွဲဆုံးဖြတ်ခဲ့သည့် ပုဒ်မများတွင် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန် ဦးဆောင်တင်သွင်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် အများစုနှင့် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးဖြစ်သည့် ဦးစိုင်းသန်းနိုင်နှင့် ဒေါက်တာမောင်သင်းတို့၏ ပြင်ဆင်ချက် အချို့လည်း ပါဝင်ခဲ့ပြီး ပြင်ဆင်ချက်ပုဒ်မများမှာ ပုဒ်မ ၅၉(ဂ) ၊ ၅၉(ဃ)၊ ၅၉(စ)၊ ၁၀၉(ခ)၊ ၁၄၁(ခ)၊ ၁၆၁(ဃ)၊ ၂၄၈ (ဂ)၊ ၂၉၄၊ ၄၁၀၊ ၄၁၁ နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်း အခန်းခေါင်းစဉ် အပါအဝင် ပုဒ်မ ၂၀၁ ပြင်ဆင်ချက် စုစုပေါင်းငါးခု ဖြစ်သည်။
လွှတ်တော်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ခဲ့သည့်ပုဒ်မများ၏ အဓိကအကြောင်းအရာများမှာ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက် ပြင်ဆင်ချက်များ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်းဆိုင်ရာ ပြင်ဆင်ချက်များ၊ အရေးပေါ်အခြေအနေကြေညာခြင်းဆိုင်ရာ ပြင်ဆင်ချက်တို့ ဖြစ်သည်။
နိုင်ငံတော်သမ္မတအရည်အချင်း သတ်မှတ်ချက်နှင့်သက်ဆိုင်သည့် ပုဒ်မ ၅၉ (ဂ) ၏ မူလပြဋ္ဌာန်းချက်တွင် ပါဝင်သည့် အသက် သတ်မှတ်ချက်ကို ပြင်ဆင်သည့် တင်ပြချက်နှစ်ခုရှိပြီး NLD ပါတီ၏ အသက် ၄၀ နှစ် ပြည့်ပြီးသူဖြစ်ရမည်ဆိုသော ပြင်ဆင်ချက်နှင့် ပြည်ခိုင်ဖြိုးပါတီက တင်သွင်းသည့် အနည်းဆုံး အသက် ၄၅ နှစ် ဆိုသည့် မူလပြဋ္ဌာန်းချက်မှ အနည်းဆုံးဆိုသောစကားရပ်ကို ဖြုတ်သည့် ပြင်ဆင်ချက်များသည် ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့ခြင်း မရှိခဲ့ပေ။
ထို့ပြင် ပြည်သူများအကြားတွင် စိတ်ဝင်စားမှုအများဆုံးဖြစ်သည့် နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက်တစ်ခုဖြစ်သော ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်ရန် NLD ပါတီ၏ တင်ပြချက်သည်လည်း ထောက်ခံဆန္ဒမဲ ၃၉၃ မဲသာရရှိခဲ့သဖြင့် ပယ်ဖျက်နိုင်ခြင်းမရှိခဲ့ဘဲ မူလအတိုင်းသာ ထားရှိရမည်ဖြစ်သည်။
လွှတ်တော်အသီးသီးတွင်ပါဝင်သော တပ်မတော်သားကိုယ်စားလှယ် ရာခိုင်နှုန်းကို လွှတ်တော်သက်တမ်းအလိုက် လျှော့ချမည့် အခန်းကဏ္ဍပုဒ်မများဖြစ်သည့် ပုဒ်မ ၁၀၉ (ခ) ၊ ပုဒ်မ ၁၄၁(ခ) နှင့် ပုဒ်မ ၁၆၁ (ဃ) ပြင်ဆင်ချက်များ၊ အမျိုးကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပါဝင်သည့်အဖွဲ့ဝင်များကို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းရန်တင်ပြထားသည့် ပုဒ်မ ၂၀၁ ကို ပြင်ဆင်ထားသည့် အချက်များနှင့်ပတ်သက်၍လည်း လိုအပ်သည့် ထောက်ခံ ဆန္ဒမဲ ရာခိုင်နှုန်းရရှိခဲ့ခြင်း မရှိသောကြောင့် ပြင်ဆင်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။
ပုဒ်မ ၂၄၈ (ဂ) ပါ မူလပြဋ္ဌာန်းချက်ကို ပြင်ဆင်ရန်တင်ပြထားခြင်း၊ ပုဒ်မ ၂၄၉ ၏ မူလပြဋ္ဌာန်းချက်တွင် ပါဝင်သော စစ်ဘက်ဆိုင်ရာတရားရုံးများနှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့် အာဏာများကို မထိခိုက်စေဘဲဆိုသည့် အချက်အား ပယ်ဖျက်ခြင်း၊ ပုဒ်မ ၄၁၀ ၏ မူလပြဋ္ဌာန်းချက်တွင် ပါဝင်သည့် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီးဆိုသည့် အချက်အား နိုင်ငံတော်သမ္မတသည် မိမိကိုယ်တိုင်ဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်အရဖြစ်စေ ဆိုသည့် အစားထိုးပြင်ဆင်ချက်သည် ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းကျော် မရရှိခဲ့သည့်အတွက် မူလအတိုင်းသာ ထားရှိရန် လွှတ်တော်က ဆုံးဖြတ်ခဲ့ပြီး ပုဒ်မ ၄၁၁ ပုဒ်မခွဲ (ဂ) အဖြစ် အသစ်ဖြည့်စွက်ရန် တင်ပြထားမှုသည်လည်း ၇၅ ရာခိုင်နှုန်းကျော်သော လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံဆန္ဒမဲ မရရှိသောကြောင့် ဖြည့်စွက်ပြဋ္ဌာန်းခွင့် မရရှိခဲ့ဘဲ မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိရမည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ် ဒုတိယနေ့သည် ပြင်ဆင်၊ ဖြည့် စွက်၊ ပယ်ဖျက်ရန် တင်ပြထားသော ပုဒ်မ၊ ပုဒ်မခွဲ ၁၅ ခုအတွက် အဆုံးအဖြတ်ရယူခဲ့ခြင်းဖြစ်သော်လည်း တင်ပြထားသောအချက်များနှင့် ပတ်သက်၍ လိုအပ်သော ထောက်ခံ ဆန္ဒမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့ခြင်း မရှိသည့်အတွက် ပုဒ်မ၊ ပုဒ်မခွဲတစ်ခုကိုမျှ ပြင်ဆင်နိုင်ခြင်း မရှိခဲ့ပေ။
လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ် ဒုတိယနေ့အပြီးတွင် မဲခွဲဆုံးဖြတ်မှု ရလဒ်များကိုကြည့်ပါက ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၈၅ ရာခိုင်နှုန်းကျော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက တင်ပြထားသည့် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်လိုသောပုဒ်မများကို ထောက်ခံဆန္ဒမဲပေးခဲ့သော်လည်း ပြင်ဆင်၍ မရခဲ့ခြင်းသည် ဝမ်းနည်းစရာကောင်းကြောင့် NLD ပါတီမှ အောင်မြေသာစံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောကြားခဲ့သည်။
ဒုတိယနေ့ မဲခွဲမှုရလဒ်များအပေါ် ပြည်ခိုင်ဖြိုးပါတီဝင် ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက NLD ပါတီ၏ မဲပေးနိုင်သော အင်အားသည် ၃၈၀ နီးပါးခန့်ရှိပြီး ထောက်ခံဆန္ဒမဲ ရရှိမှုသည် ၄၀၀ စွန်းစွန်းသာရှိသည့်အတွက် တိုင်းရင်းသားပါတီများက အထိုက်အလျောက်သာ ထောက်ခံသည်ဟု မြင်မိကြောင်း မှတ်ချက်ပြု ပြောကြားသည်။
တတိယနေ့
ဖွဲ့စည်းပုံပြင်ဆင်ရေး တတိယနေ့ မဲခွဲဆုံးဖြတ်မှုတွင် အရေးပေါ်ကာလ၌ ကာ/လုံ ၏အခန်းကဏ္ဍကို လျှော့ချပြင်ဆင်ချက်များ ပါဝင်သည့် ပုဒ်မ ၁၄ ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ် (၃) ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်ကို မတ် ၁၂ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်ခဲ့သည်။
မဲခွဲဆုံးဖြတ်ရာတွင် ဖွဲ့စည်းအခြေခံဥပဒေ ပုဒ်မ ၄၁၂ အရေးပေါ်အခြေအနေ ပေါ်ပေါက်ပါက နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေး လုံခြုံရေးကောင်စီနှင့်ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်သည်ဟု ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် ပြင်ဆင်ချက်အပါအဝင် ကာ/လုံ၏ ဆောင်ရွက်မှုအခန်းကဏ္ဍနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဆောင်ရွက်နိုင်မှုများ ပါဝင်သည့် ပုဒ်မ ၁၄ ခုကို မဲခွဲဆုံးဖြတ်ရာ ပုဒ်မအားလုံး ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် မရရှိသောကြောင့် ပြင်ဆင်နိုင်ခြင်းမရှိဘဲ မူလအတိုင်းထားရှိမည်ဟု လွှတ်တော်နာယကက ကြေညာခဲ့သည်။
မဲခွဲဆုံးဖြတ်ခဲ့သည့် ပုဒ်မများတွင် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန် ဦးဆောင်တင်သွင်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်ပုဒ်မများဖြစ်ပြီး ယင်းပြင်ဆင်ချက်ပုဒ်မ ၁၄ ခုမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် သက်ဆိုင်သော ပုဒ်မ ၄၁၂(က)၊ ပုဒ်မ ၄၁၂(ခ)၊ ပုဒ်မ ၄၁၃၊ ပုဒ်မ ၄၁၃(ခ)၊ ပုဒ်မ ၄၁၅၊ ပုဒ်မ ၄၁၇၊ ပုဒ်မ ၄၁၈၊ ပုဒ်မ ၄၁၈(က)၊ ပုဒ်မ ၄၁၈(ခ)၊ ပုဒ်မ ၄၁၉၊ ပုဒ်မ ၄၂၀၊ ပုဒ်မ ၄၂၁၊ ပုဒ်မ ၄၂၁(က)၊ ပုဒ်မ ၄၂၁ (ခ) တို့ဖြစ်သည်။
ယင်းပုဒ်မများ၏ အဓိကအကြောင်းရင်းများမှာ နိုင်ငံတော်တွင် အရေးပေါ်အခြေအနေပေါ်ပေါက်က နိုင်ငံတော်သမ္မတက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့်ညှိနှိုင်းပြီး ဥပဒေကဲ့သို့သော အာဏာတည်သည့် အမိန့်ထုတ်ပြန်ခြင်းအပါအဝင် ကာ/လုံ အခန်းကဏ္ဍများကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းနှင့် အရေးပေါ်အခြေအနေတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဆောင်ရွက်နိုင်မှု အခန်းကဏ္ဍများကို ပယ်ဖျက်ခြင်းနှင့် ပြင်ဆင်ခြင်း ပုဒ်မများဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ ၄၃၆ (က) တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုကို စုစည်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းအစီအစဉ် တတိယနေ့တွင်လည်း ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် တင်ပြထားသည့် ပုဒ်မ၊ ပုဒ်မခွဲများနှင့်ပတ်သက်၍ လိုအပ်သော ထောက်ခံဆန္ဒမဲရာခိုင်နှုန်းကို ရရှိခဲ့ခြင်းမရှိသည့်အတွက် မည်သည့်ပုဒ်မကိုမျှ ပြင်ဆင်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရသည်။
စတုတ္ထနေ့
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ (က) တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၂ ခု စုစည်းထားသည့် ဆန္ဒမဲလက်မှတ် (၄) နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်ကို မတ် ၁၃ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြုလုပ်ခဲ့သည်။
မဲခွဲဆုံးဖြတ်ခဲ့သည့် ပုဒ်မများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်နိုင်သည့် နည်းလမ်းဖြစ်သော ပုဒ်မ ၄၃၆ (က) နှင့် (ခ) ပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန် တင်ပြထားသည့် အချက်များအပါအဝင် ပုဒ်မ ၄၂၂၊ ပုဒ်မ၄၂၃ ၊ ပုဒ်မ ၄၂၅၊ ပုဒ်မ ၄၂၆၊ ပုဒ်မ ၄၂၇ ၊ ပုဒ်မ ၄၂၇ (က)၊ ပုဒ်မ ၄၂၈၊ ပုဒ်မ ၄၂၉၊ ပုဒ်မ ၄၃၁၊ ပုဒ်မ ၄၃၂ များပါ မူလပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန်နှင့် ပယ်ဖျက်ရန်အတွက် တင်ပြထားသည့်အချက်များကို လွှတ်တော်၏ အဆုံးအဖြတ် ရယူခဲ့ခြင်းဖြစ်သည်။
ပုဒ်မများ၏ အဓိကအကြောင်းအရာများသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အခန်းကဏ္ဍကို လျှော့ချသည့် ပုဒ်မများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါပုဒ်မများကို ပြင်ဆင်ရာတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် သဘောတူရမည်ဆိုသည့် ပုဒ်မ ၄၃၆ (က) နှင့် (ခ) ပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ထားသည့် ပုဒ်များဖြစ်ပြီး ယင်းပုဒ်မအားလုံးသည် NLD ပါတီက ဦးဆောင်တင်သွင်းထားသော ပြင်ဆင်ချက်ပုဒ်မများ ဖြစ်သည်။
ပုဒ်မ ၄၃၆(က) ပြဋ္ဌာန်းချက်တွင် ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ အထိ၊ အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ အထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း (၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊၂၇၆၊ အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ အထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဆိုသည့် ပြဋ္ဌာန်းချက်တွင် ရွေးကောက်တင်မြှောက်ခံဆိုသည့် ဖြည့်စွက်ချက်နှင့် သုံးပုံနှစ်ပုံကျော်က ထောက်ခံလျှင်ဆိုသော ပြင်ဆင်ချက်၊ ပုဒ်မ ၄၃၆ (ခ) တွင် NLD ပါတီ၏ ပြင်ဆင်ချက်အဖြစ် ပုဒ်မ ၄၃၆ (က) ၌ ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအစား ရွေးကောက်တင်မြှောက်ခံ သုံးပုံနှစ်ပုံဟု ပြင်ဆင်ချက်များ တင်သွင်းခဲ့ခြင်းဖြစ်သည်။
ပုဒ်မ ၄၃၆ (က) နှင့်ပတ်သက်၍ ၇၅ ရာခိုင်နှုန်းဆိုသည့် စကားရပ်အစား ရွေးကောက်တင်မြှောက်ခံ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံဟု ပြင်ဆင်ချက်နှင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ စကားလုံးအစား ဆန္ဒမဲပေးသူအားလုံး၏ ဆိုသည့် ပြင်ဆင်ချက်၊ ပုဒ်မ ၄၃၆ (ခ) တွင် NLD ပါတီ၏ ပြင်ဆင်ချက်မှာ ပုဒ်မ ၄၃၆ (က) ၌ ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအစား ရွေးကောက်တင်မြှောက်ခံ သုံးပုံနှစ်ပုံဟု ပြင်ဆင်ချက်ကို လိုအပ်သော ထောက်ခံဆန္ဒမဲ ရရှိခဲ့ခြင်းမရှိသည့်အတွက် မူလပြဋ္ဌာန်းချက်များအတိုင်းသာ ထားရှိရမည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းပေးအပ်ထားသည့် ကာ/လုံ၏ အခန်းကဏ္ဍကို လျှော့သည့်ပုဒ်မများကို ပြင်ဆင်ရန်၊ ပယ်ဖျက်ရန် တင်ပြထားသည့် အချက်များအပါအဝင် အရေးကြီးသည့် ပုဒ်မ ၄၃၆ (က) နှင့် (ခ) ပါ ပြဋ္ဌာန်းများကို ပြင်ဆင်ရန် ကြိုးစားခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ လိုအပ်သော ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့ခြင်းမရှိသည့်အတွက် မအောင်မြင်ခဲ့ပေ။
NLD ပါတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ရှိကာလတွင် ပြင်ထိုက်သည်ဟု ယုံကြည်သည့် အချက်အလက်များကို ပြင်ဆင်ရန်တင်ပြထားခြင်းဖြစ်ပြီး ယင်းပြင်ဆင်ချက်များအပေါ် လက်ခံခြင်း၊ လက်မခံခြင်းသည် တိုင်းပြည်၏ အနာဂတ် စေတနာအပေါ် မူတည်၍ ရပ်တည်မှုအဖြေအပေါ်တွင်သာ မူတည်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဝင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောကြားသည်။
“ အခုလောက်အထိ လုံးဝကြီး ပြင်ဆင်လို့မရဘူးဆိုတဲ့ အနေအထားမျိုးကို မမျှော်မှန်းခဲ့ဘူး။ ဥပမာဆိုပါတော့ မြန်မာနိုင်ငံကို တကယ်တော့ မြန်မာနိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံအဖြစ် တည်ထောင်မယ်ဆိုတာ ပြီးခဲ့တဲ့အမျိုးသားညီလာခံမှာလည်း ရခဲ့ပြီးသား။ Union Accord မှာလည်း ရပြီးသား။ ဒါမျိုးတွေတောင်မှ အခုလက်မခံဘူးဆိုတာကတော့ အံ့သြစရာကောင်းပါတယ်” ဟု ဦးအောင်ကြည်ညွန့်က မှတ်ချက်ပြုသည်။
သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် တပ်မတော်အပါအဝင် အခြားသောနိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ၏ ထောက်ခံမှုရှိလာနိုင်ရန် စေ့စပ်ညှိနှိုင်းပေးနိုင်မည့်သူ လိုအပ်ကြောင်းနှင့် ရွေးကောက်ခံကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း၏ ထောက်ခံမှုကို ရရှိလာပြီဆိုပါက တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့မှ ဆန္ဒမဲတစ်မဲရရှိရန်အတွက် ညှိနှိုင်း၍ တောင်းခံပေးသွားမည်ဖြစ်ကြောင်း ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၉) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက ဆိုသည်။
မည်သို့ပင်ဆိုစေကာမူ ဒုတိယအကြိမ် ဖွဲ့စည်းပုံပြင်ဆင်ရေး ပထမပိုင်းရလဒ်အဖြစ် မတ် ၁၀ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်တွင် ပုဒ်မ ၄၃၆ (က) နှင့်အကျုံးဝင်သော ပုဒ်မ၊ ပုဒ်မခွဲ ၅၅ ခုအနက် မသန်စွမ်းနှင့် သက်ကြီးရွယ်အို စကားရပ်ပြင်ဆင်ချက် ပုဒ်မနှစ်ခုကိုသာ ပြင်ဆင်နိုင်ခဲ့သဖြင့် နိုင်ငံရေးသမားများ၊ နိုင်ငံရေးလေ့လာ စောင့်ကြည်သူများနှင့် ပြည်သူများအကြားတွင် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် မကွေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က “ တကယ်တမ်း ဖက်ဒရယ်ကို သွားမယ်ဆိုရင် ရွေးကောက်ခံကိုယ်စားလှယ်တွေ ပါဝင်တဲ့အနေအထားနဲ့ ဒီမိုကရေစီ နည်းတကျ ဆောင်ရွက်ထားမှသာလျှင် တိုင်းပြည်အတွက် ပိုပြီးတော့ကောင်းမှာဖြစ်တယ်။ အင်မတန်မှ မျှခြေရှိတဲ့ အနေအထားမျိုးကို လုပ်ထားတာ။ အဲဒီတော့ ဒီလောက်အထိ တစ်ခုမှမရနိုင်ဘူးဆိုတဲ့ အနေအထားမျိုးကတော့ NLD အနေနဲ့တော့ မျှော်လင့်မထားတာ” ဟု ပြောကြားသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား