Top News

ကိုရိုနာဗိုင်းရပ်စ်ဂယက်နဲ့အတူ စတင်ရင်ဆိုင်ရတော့မယ့် အလုပ်လက်မဲ့ပြဿနာ
24htopnews | October 31, 2024 7:12 PM CST

 

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့တဲ့ COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ဟာ မေ ၁၄ ရက် ည ၈ နာရီအထိ ကမ္ဘာ့နိုင်ငံပေါင်း ၁၄၀ ကျော်အထိ ကူးစက်ပျံ့နှံ့နေပါပြီ။ ရောဂါကူးစက်ဖြစ်ပွားသူ တစ်သိန်းလေးသောင်းကျော် ရှိနေပြီး သေဆုံးသူ ၅၆၀၀ ကျော် ရှိလာပါပြီ။

COVID-19 ကို ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၁၁ ရက်မှာ ကြေညာခဲ့ပါတယ်။ COVID-19 ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ စီးပွားရေး အကျပ်အတည်းတွေ ဖြစ်လာပါတယ်။

ဒီရောဂါဂယက်ကြောင့် ကမ္ဘာ့နိုင်ငံတွေနည်းတူ မြန်မာမှာလည်း စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှုတွေ ရှိလာပါပြီ။

COVID-19 ဂယက်ကြောင့် သိသာထင်ရှားတဲ့ ထိခိုက်မှုကတော့ တရုတ်က ကုန်ကြမ်းပစ္စည်း ရာခိုင်နှုန်း ၉၀ ကို အဓိက အားထားမှီခိုနေရတဲ့ အထည်ချုပ်လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ တရုတ်က ကုန်ကြမ်းတွေ မဝင်တော့တာကြောင့် အထည်ချုပ်လုပ်ငန်း အားလုံးဟာ ကုန်ကြမ်းပြတ်လပ်မှုပြဿနာနဲ့ ရင်ဆိုင်နေကြရပါတယ်။

အထည်ချုပ်လုပ်ငန်းတွေ အများဆုံးရှိရာ ရန်ကုန်မြို့မှာ အထည်ချုပ်အလုပ်သမား ငါးသိန်းကျော် အလုပ်လုပ်ကိုင်နေပါတယ်။

ဒီကုန်ကြမ်းပြတ်လပ်မှုဂယက်ဟာ ငါးသိန်းကျော်ရှိတဲ့ အလုပ်သမားတွေနဲ့ သူတို့ကို မှီခိုအားထားနေရတဲ့ မိသားစုတွေအတွက် ရတက်မအေးစေပါဘူး။

 စက်မှုဇုန် ၂၉ ဇုန်နဲ့ သီလဝါ အထူးစီးပွားရေးဇုန်တစ်ခုရှိတဲ့ ရန်ကုန်မြို့မှာ မတ် ၁၄ ရက်အထိ ပိတ်သိမ်းလိုက်တဲ့စက်ရုံ ၂၇ ရုံအထိ ရှိလာပါပြီ။ စက်ရုံအများစုပိတ်ရတဲ့ အဓိကအကြောင်းရင်းက ကုန်ကြမ်းပြတ်လပ်မှုကြောင့်လို့ ဆိုနိုင်ပါတယ်။။

“ လောလောဆယ်မှာ စက်ရုံ ၂၇ ရုံပိတ်ဖို့ စာတင်ထားတယ်။ ၂၇ ရုံမှာ နှစ်ရုံကတော့ အလုပ်ရှင်ထွက်ပြေးနေတယ်။ အလုပ်သမားတွေ ဥပဒေအရ ရသင့်ရထိုက်တာတွေ ရှင်းလင်းပြီးတဲ့ စက်ရုံတွေ များပါတယ်။ ၂၇ ရုံမှာ အလုပ်သမားအင်အား တစ်သောင်းကျော်လောက်ရှိပါပြီ” လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။ 

အထည်ချုပ်လုပ်ငန်းရှင်တွေဟာ ကုန်ကြမ်းပြတ်လပ်မှုပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အတွက် စက်ရုံအပြီးပိတ်သိမ်းတာ၊ ယာယီပိတ်သိမ်းတာနဲ့ လူအင်အားလျှော့ချတာတွေ လုပ်လာကြတယ်။

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် (၂) က အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာခင်မောင်အေး ပိုင်ဆိုင်တဲ့ လက်ဝါးအထည်ချုပ်စက်ရုံ (၃) ဟာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်နေလို့ တရုတ်က  ကုန်ကြမ်းတွေ ကုန်ကြမ်းပြတ်လပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မတ် ၁၁ ရက်မှာ စက်ရုံ ပိတ်လိုက်ပါတယ်။

“ တရုတ်နိုင်ငံမှာဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သူတို့ဆီက အော်ဒါတွေမရောက်လာဘူး။ သူတို့ဆီမှာ ကျွန်တော်တို့ စက်ရုံတွေကိုပေးတဲ့ ပိတ်လုပ်တဲ့စက်ရုံတွေလည်း လုံးဝပိတ်လိုက်တော့ ဒီဘက်ကိုမလာနိုင်ဘူး။ ကျွန်တော်တို့ဆီ ကုန်ကြမ်းတွေ ငါးလပိုင်းရောက်မလား၊ ခြောက်လပိုင်းရောက်မလား၊ ခုနစ်လပိုင်းရောက်မလား မခန့်မှန်းနိုင်ဘူး။ ဒါကြောင့် ဒီမှာလည်း အော်ဒါမရှိတော့တဲ့အတွက် ယာယီပိတ်လိုက်တာပေါ့” လို့ လက်ဝါးအထည်ချုပ်စက်ရုံ (၃) မန်နေဂျာ ဦးထွန်းထွန်းမြင့်က ပြောပါတယ်။

ဥပဒေပါအတိုင်း လုပ်သက်နစ်နာကြေးနဲ့ နို့တစ်ကြေးတစ်လစာပေးပြီး စက်ရုံပိတ်တာဖြစ်ပေမဲ့ သင်္ကြန်ကာလပိတ်ရက်ရှည် နီးကပ်လာမှု၊ အခြားစက်ရုံတွေလူသစ်ခေါ်ယူမှု မရှိတာတွေကြောင့် အလုပ်သမားတွေဟာ အလုပ်သစ်ရဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

စက်ရုံပိတ်လိုက်လို့ လက်ရှိမှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမားတွေဟာ ကျရိပ်မရှိတဲ့ကုန်စျေးနှုန်း၊ အိမ်ငှားခ၊ အဆောင်ငှားခ၊ မီတာစတဲ့ကုန်ကျစရိတ်တွေနဲ့ မိသားစုစားဝတ်နေရေး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်။

“ နစ်နာကြေးက နောက်ဆုံးလနဲ့တွက်ပေးတာ။ ရက်မှန်ကြေးလည်း မပါဘူးဆိုတော့ နည်းတာပေါ့။ နို့တစ်ကြေး တစ်လစာ နဲ့ ပုံမှန်တစ်လစာ နှစ်လစာပေါင်းမှ သုံးသိန်းခွဲလောက်ပဲရတယ်။ ဒီလဆိုလည်း အလုပ်လျှောက်လို့ မရတော့ဘူး။ သင်္ကြန်နားနီးနေတော့ တခြားစက်ရုံမှာ လိုက်လျှောက်ဖို့က အဆင်မပြေတော့ဘူးလေ။ အခုအချိန်မှာ ခေါ်မယ့်သူလည်း မရှိဘူး။ နယ်ကနေ ရန်ကုန် အပြီးပြောင်းလာတာဖြစ်တဲ့အတွက် နယ်ပြန်ဖို့လည်း အဆင်မပြေဘူး။ အလုပ်လည်း လျှောက်လို့မရ။ နယ်လည်း ပြန်လို့မရတော့ ဒီလျော်ကြေးရတဲ့ပိုက်ဆံနဲ့ပဲ စားရမှာပေါ့။ သင်္ကြန်ပြီးတော့မှ အလုပ်ပြန်လျှောက်ရမှာပေါ့” လို့ စက်ရုံ ပိတ်လိုက်တဲ့ လက်ဝါးအထည်ချုပ်စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။

အထည်ချုပ်လုပ်ငန်းတွေမှာ အမျိုးသမီးအများစု လုပ်ကိုင်နေကြတယ်။ စက်ရုံတွေ ပိတ်လိုက်လို့ အလုပ်လက်မဲ့ဖြစ်နေတဲ့ အမျိုးသမီးတွေကို အစိုးရအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ရှာဖွေပေးတာနဲ့ လူသစ်ခေါ်တဲ့ စက်ရုံတွေမှာ ဦးစားပေး လုပ်သားအနေနဲ့ ခန့်အပ်ပေးဖို့ လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးညှိနှိုင်းသင့်တယ်လို့ အလုပ်သမား အရေးလှုပ်ရှားသူ ဒေါ်ခခက ပြောပါတယ်။ 

“ အလုပ်လက်မဲ့က တစ်သောင်းကျော် သွားပြီ။ ဧရာဝတီမှာလည်း အလုပ်သမား ၁၀၀၀ ကျော်ရှိတဲ့စက်ရုံ ပိတ်လိုက်ပြီ။ မန္တလေးက ကျောက်စိမ်းစက်ရုံလည်း ပိတ်လိုက်ပြီ။ အလုပ်သမားတွေက ရွှေ့ပြောင်းလာပြီး လုပ်ကိုင်နေကြသူတွေဖြစ်တယ်။ အများစုက အမျိုးသမီးတွေဖြစ်တယ်။ ရွှေ့ပြောင်းအခြေချ နေထိုင်ရပြီဆိုကတည်းက စားသောက်ဖို့ တစ်ခုတည်းအတွက် မဟုတ်တော့ဘူး။ နေထိုင်ရေးပါပါလာပြီ။ ဒါကြောင့် အလုပ်သမားတွေ တော်တော်လေး အခက်အခဲဖြစ်နေတယ်” လို့ အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီပေးရေး (LHEO) အဖွဲ့က အငြင်းပွားမှု ဖြေရှင်းရေးတာဝန်ခံက ဒေါ်ခခက ပြောပါတယ်။

အစိုးရအနေနဲ့ အလုပ်လက်မဲ့ အလုပ်သမားစာရင်း ကောက်ယူပြီး အလုပ်ခေါ်နေတဲ့ စက်ရုံများမှာ ဦးစားပေးအလုပ်ခန့်အပ်နိုင်ရင် လုပ်ငန်းရှင်များနဲ့ ဆွေးနွေးညှိနှိုင်းပေးသင့်တယ်လို့ ဒေါ်ခခက အစိုးရကို တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

ရန်ကုန်က အထည်ချုပ်အလုပ်သမား အများစုဟာ နယ်ဒေသအသီးသီးကနေ ပြောင်းရွှေ့ အခြေချသူတွေ ဖြစ်ပါတယ်။ စက်ရုံတွေပိတ်လို့ နစ်နာကြေးရတဲ့ ပိုက်ဆံနဲ့ အိမ်ငှားခ၊ အဆောင်ငှားခ၊ မိသားစု စားဝတ်နေရေးပြဿနာ ဖြေရှင်းကြရမှာပါ။ သူတို့အတွက် နောက်အလုပ်သစ်တစ်ခု ထပ်ရဖို့ဆိုတာလည်း မလွယ်ကူပါဘူး။ 

အထည်ချုပ်လုပ်ငန်းရှင်တွေဟာ လုပ်ငန်းရပ်ဆိုင်းမှုမရှိအောင် လက်ရှိရှိနေတဲ့ ကုန်ကြမ်းတွေနဲ့ စက်ရုံတွေကို လည်ပတ်နေကြပါတယ်။ ဒါပေမဲ့ အရင်ကလိုအချိန်ပို ခေါ်တာမရှိတော့ဘဲ အများပြည်သူ ရုံးပိတ်ရက်တွေမှာလည်း အလုပ်ဆင်းခိုင်းတာတွေ မရှိတော့ပါဘူး။

တစ်ရက် အနည်းဆုံးလုပ်ခ ကျပ် ၄၈၀၀၊  ရက်မှန်ကြေး၊ လုပ်သက်နှစ်ကြေးတို့ပဲ ရတာကြောင့် မိသားစုစားဝတ်နေရေး အခက်အခဲများစွာနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

“စက်ရုံမှာ ကုန်ကြမ်းပြတ်နေတယ်။ အချိန်ပိုလည်း မရှိဘူး။ တစ်နေ့အလုပ်ချိန် ရှစ်နာရီရှိတယ်။ စနေ၊ တနင်္ဂနွေပိတ်တယ်။ အချိန်ပိုမရှိဘဲ ပေ ၄၈၀၀၊ ရက်မှန်ကြေးနဲ့မှ လစာတစ်သိန်းခွဲကျော်ပဲရတယ်။ မိသားစုလည်း ရှိလို့ တစ်သိန်းခွဲလောက်နဲ့က စားဝတ်နေရေး အခက်အခဲတွေတော့ ရှိတာပေါ့။ အိမ်ငှားခတွေ၊ မီတာခတွေလည်း ရှိသေးတယ်” လို့  World Jin အထည်ချုပ်စက်ရုံလုပ်သား ကိုကျော်လင်းဦးက ပြောပါတယ်။

အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမားတွေရဲ့နောက်မှာ သူတို့ကို မှီခိုအားကိုးနေတဲ့ မိသားစုတွေ ရှိပါတယ်။ အခြားအထည်ချုပ်လုပ်ငန်းတွေမှာ အလုပ်မရတော့ရင် အစိုးရအလုပ်အကိုင် အခွင့်အလမ်းအသစ်တွေ ဖန်တီးပေးတာမျိုးမရှိဘူးဆိုရင် လူကုန်ကူးခံရမှုကဲ့သို့ ပြဿနာများဖြစ်ပွားလာနိုင်တယ်လို့ အထည်ချုပ်စက်ရုံ လုပ်သားတစ်ဦးက ပြောပါတယ်။

“ ဒီလိုမျိုးအလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်နေတဲ့အခါမှာ အလုပ်သမားတွေအနေနဲ့က လူကုန်ကူးခံရတာလည်း ဖြစ်နိုင်တယ်။ အလုပ်လက်မဲ့ဖြစ်နေတာ၊ အလုပ်ရမယ်ဆိုရင်သွားမိမှာပဲ။ ဘယ်နေရာမဆိုသွားတဲ့အခါမျိုးမှာ အခွင့်အရေးယူချင်တဲ့သူတွေက ချောင်းနေမှာပေါ့။ ဒါကိုနိုင်ငံတော်အနေနဲ့ အဓိကထားပြီးတော့ ဆောင်ရွက်စေချင်တယ်” လို့ အထည်ချုပ်လုပ်သား ကိုနိုင်လင်းက သူ့ရဲ့အမြင်ကို ပြောပါတယ်။

လှိုင်သာယာစက်မှုဇုန် (၂) ရှိ စက်ရုံပိတ်သွားသော လက်ဝါးအထည်ချုပ်စက်ရုံ (၃) မှ အလုပ်သမားများအား နစ်နာကြေးပေးနေသည်ကို မေ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ရှိုင်းလင်းအောင်)

အထည်ချုပ်အလုပ်သမားတွေဟာ အလုပ်လက်မဲ့ဖြစ်လာနိုင်တာကို တွေးပူနေရသလို အထည်ချုပ်လုပ်ငန်းရှင်တွေလည်း ကုန်ကြမ်းတွေ ဘယ်တော့ရောက်မလဲဆိုတာ တွေးပူနေရပါတယ်။ ကုန်ကြမ်းအသစ်တွေ ထပ်မရောက်လာသေးပေမဲ့ ရှိတဲ့ကုန်ကြမ်းတွေချုပ်ပြီး တောင့်ခံနေရတယ်လို့ သိရပါတယ်။

“ လက်ရှိမြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းတွေက တရုတ်က ကုန်ကြမ်းကို ၉၀ ရာခိုင်နှုန်း မှီခိုနေရတယ်။ ကျွန်တော်တို့ဆီမှာ ချုပ်ဖို့ စက်တွေလည်းရှိတယ်။ အလုပ်သမားတွေလည်း ရှိတယ်။ ဒါပေမဲ့ ကုန်ကြမ်းပြတ် မရှိတော့ ဝင်ငွေမရှိတော့ဘူး။ သင်္ကြန်ပြီးတဲ့အထိ ကုန်ကြမ်းတွေ ဝင်မလာဘူးဆိုရင် စက်ရုံတွေ ရေရှည်တည်တ့ံနိုင်မှာ မဟုတ်တော့ဘူး။ စက်ရုံတစ်ရုံမှာ သန့်ရှင်းရေးလုပ်သားကနေ စက်ရုံမှူးအထိ ပျမ်းမျှလစာက နှစ်သိန်းခွဲလောက်ရှိတယ်။ ကုန်ကြမ်းသာမရှိရင် လူတစ်ထောင်ရှိတဲ့ စက်ရုံမှာ တစ်လကို သိန်း ၂၅၀၀ အလကားထိုင်ပေးရသလို ဖြစ်နေမှာပေါ့။ ကုန်ကြမ်းမလာရင်တော့ တောင့်ခံနိုင်သလောက် တောင့်ခံပြီး မခံနိုင်တော့ရင် လွှတ်ချလိုက်ရမှာပေါ့” လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပါတယ်။

သင်္ကြန်ပြီးတဲ့အချိန်အထိ ကုန်ကြမ်းတွေ ဝင်မလာဘူးဆိုရင် ရန်ကုန်တိုင်းအပါအဝင် အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ အထည်ချုပ်လုပ်ငန်းတွေဟာ ရေရှည်ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။

ဒီပြဿနာကို အစိုးရက ကိုင်တွယ်ဖြေရှင်းမပေးဘူးဆိုရင် အထည်ချုပ်လုပ်ငန်းတွေ ရပ်ဆိုင်းကုန်ပါလိမ့်မယ်။ သိန်းနဲ့ချီတဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ကုန်မှာပါ။

ဒါပေမဲ့လည်း ပိတ်သွားတဲ့စက်ရုံတွေက အလုပ်သမားတွေ အလုပ်လက်မဲ့မဖြစ်အောင် အလုပ်ခေါ်စာရှိတဲ့ စက်ရုံတွေကို အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရုံးတွေ ကြေညာပေးမယ်လို့ သိရပါတယ်။

“ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်တဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနရုံးတွေမှာ အလုပ်ခေါ်စာတွေ ပြန်လည်ချိတ်ထားတာ ရှိပါတယ်။ ဒီကာလက သင်္ကြန်နားနီးတာဖြစ်တဲ့အတွက် အလုပ်ခေါ်စာတွေ နှောင့်နှေးပါတယ်။ ဒါက နှစ်စဉ်ဖြစ်နေကျပေါ့။ သင်္ကြန်ပြီးကာလမှာ အလုပ်တွေ ပြန်ခေါ်သွားဖို့တော့ ရှိနေမှာပါ။ အခုကာလမှာ အလုပ်သမားလိုလို့ ချိတ်ဆက်လာတဲ့ စက်ရုံတွေရှိလာရင် ကျွန်မတို့က အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှာ ကြေညာတယ်။ ကြေညာပြီးရင် လှိုင်သာယာရုံးမှာ အလုပ်ခေါ်စာတွေ ချိတ်ထားပေးပါတယ်။ နောက်တစ်ခုက အစ်မတို့ဆီကို ချိတ်ဆက်လာတဲ့ အလုပ်သမားတွေရှိလာရင် အဲဒီမှာခေါ်နေတယ်ဆိုတာ ဌာနတွေ အကြောင်းကြားပေးပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။

ဝန်ကြီးဒေါ်မိုးမိုးစုကြည် ပြောသလို စက်ရုံပိတ်လို့ အလုပ်မရှိတဲ့အလုပ်သမားတွေကို လူခေါ်တဲ့စက်ရုံတွေရှိတာ အကြောင်းကြားပေးမယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်က အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတွေအတွက် တကယ်ရော သက်ရောက်မှုရှိနိုင်ပါရဲ့လား ...။

တခြားနိုင်ငံက ကုန်ကြမ်းကို အလုံးစုံ မှီခိုလုပ်ကိုင်တာမဟုတ်ဘဲ ပြည်တွင်းမှာ ထုတ်လုပ်နိုင်မယ်ဆိုရင် လက်ရှိဖြစ်နေတဲ့ တရုတ်က ကုန်ကြမ်းပြတ်တောက်မှုက ဖြစ်လာစရာအကြောင်းမရှိပါဘူး။ 

မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းရှင်တွေအနေနဲ့ တရုတ်က ကုန်ကြမ်းပစ္စည်း ရာခိုင်နှုန်း ၉၀ အထိအားမကိုးဘဲ ပြည်တွင်းမှာ ထုတ်လုပ်နိုင်အောင် လုပ်ဆောင်သင့်ပါတယ်။ 

“ ရေရှည်မှာဆိုရင်တော့ မြန်မာပြည်မှာပဲ ကုန်ကြမ်းတစ်ဝက်ကျော်ကျော်လောက် ထုတ်နိုင်ရင်ကောင်းတာပေါ့။ တရုတ်က ၉၀ ရာခိုင်နှုန်းလောက်သွင်းရတဲ့ကုန်ကြမ်းကို ၅၀ လောက်ပဲသွင်းပြီး ကျန်တာဒီမှာလောက်ရင်တော့ ကောင်းတာပေါ့။ အဲဒီလိုလုပ်နိုင်ဖို့က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်းလိုတယ်။ အစိုးရဘက်ကလည်း ရင်းနှီးမြှုပ်နှံမှုလုပ်လို့ ရအောင် လိုအပ်တာတွေ လျှပ်စစ်မီးတို့ လုပ်ပေးရမှာပေါ့။ နောက်အစိုးရဘက်ကလည်း ဘယ်လိုပ့ံပိုးကြမလဲပေါ့” လို့ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက သူ့ရဲ့အမြင်ကို ပြောပါတယ်။

အထည်ချုပ်လုပ်ငန်းရှင်တွေ မျှော်လင့်သလို သင်္ကြန်ပြီးတဲ့အချိန်အထိ တရုတ်က ကုန်ကြမ်းတွေ ဝင်ရောက်မှုမရှိဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ အစိုးရမှာ မဖြစ်မနေတာ ဝန်ရှိလာပါပြီ။

“ လုပ်ငန်းရှင်တွေက ကုန်ကြမ်းမရလို့၊ စက်ရုံလည်ပတ်လို့ မရလို့ပိတ်တာပဲရှိတယ်။ ငတ်မသွားဘူး။ ကျွန်မတို့က ငတ်မှာ” လို့ အထည်ချုပ်အလုပ်သမတစ်ဦးက ညှိုးငယ်စွာ ပြောပါတယ်။                     

 


READ NEXT
Cancel OK