Top News

သတိတရားဖြင့်ကာကွယ်ရမည့်  COVID-19 ကူးစက်ရောဂါ
24htopnews | October 31, 2024 7:12 PM CST

 

ကပ်ရောဂါဗေဒသဘောအရ ရောဂါဖြစ်ပွားရခြင်းသည် ရောဂါပိုး (သို့မဟုတ်) ရောဂါဖြစ်စေသော အကြောင်းအရာ၊ ပတ်ဝန်းကျင်နှင့် ကူးစက်ခံရသောလူ စသည့် အကြောင်းသုံးပါး တိုက်ဆိုင်ခြင်းကြောင့် ကူးစက်ရောဂါဖြစ်ရသည်ဟု ဆိုပါသည်။

ရောဂါပိုးဆိုရာတွင် အားလုံးသိကြသည့်အတိုင်း ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးပိုး၊ မှိုရောဂါ စသောရောဂါဖြစ်သဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ သန့်ရှင်းမှုအားနည်းခြင်း စသောအခြေအနေများ ပျက်ယွင်းခြင်းဖြင့် လူသားမျိုးနွယ်တို့ထံ ကူးစက်သော ပိုးများ ရောက်ရှိခြင်းဖြင့် ရောဂါရရှိခံစားကြရသည်ဟူ၍ အကြမ်းဖျင်းအားဖြင့် ဆိုရမည်ဖြစ်သည်။

 ရောဂါကူးစက်ခံရသောလူတို့သည်လည်း အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ၊ ကိုယ်ခံအားကောင်းခြင်း မကောင်းခြင်းစသော အကြောင်းများကြောင့် ရောဂါလွယ်လွယ်ကူးခံခြင်း၊ မခံရခြင်းဟူ၍ ကွဲပြားမှုများ ရှိနိုင်ပါသည်။ အဆိုပါအကြောင်းအရာ သုံးရပ်ပြည့်စုံလျှင် ရောဂါကူးစက်မှု ဖြစ်နိုင်သည်ကို ဖော်ပြရလျှင် သုံးထောင့်တြိဂံပုံစံဖြင့် ဖော်ပြလေ့ရှိပါသည်။ (ပုံ-၁)

ကပ်ရောဂါများ

လွန်ခဲ့သော နှစ်ပေါင်း ၄၀-၅၀ ကာလ၌ ကျောက်ကြီးရောဂါကြောင့် ကမ္ဘာနှင့်အဝန်း ရောဂါဘေးဆိုက်ခဲ့ရသည်။ ထို့အတူ ကာလ ဝမ်းရောဂါကြောင့်လည်းကောင်း၊ ပုလိပ်ရောဂါကြောင့်လည်းကောင်း လူအများကို ထိခိုက်စေ၍ အသက်ဆုံးရှုံးရခြင်း၊ မသန်မစွမ်းဖြစ်ရခြင်း၊ လူမှုစီးပွားရေးထိခိုက်ရခြင်း၊ နိုင်ငံ၏တိုးတက်မှုရပ်တန့်ခြင်းမှ နှောင့်နှေးစေခြင်းတို့ကို ဖြစ်စေသည်ကို မြင်တွေ့ခဲ့ပါသည်။ ယခုအခါ အစွမ်းထက်သော ကျောက်ဆေးကြောင့် လူအများ ကျောက်ရောဂါမှ ကင်းဝေးခဲ့ကြပြီဖြစ်သည်။

ထို့အတူ ကာလဝမ်းရောဂါသည်လည်း လူတို့၏ စားသောက်မှုပုံစံ၊ ရေကောင်းရေသန့် သုံးစွဲလာရမှု၊ ပတ်ဝန်းကျင်အခြေအနေ တိုးတက်လာခြင်းကြောင့်လည်း ယခုအခါ၌ ROTA ဟူသော ဝမ်းနှင့်ပတ်သက်သော ကာကွယ်ဆေးတစ်မျိုးကို ပုံမှန်ကာကွယ်ဆေး အစီအစဉ်တွင် ထိုးနှံလာရခြင်းဖြင့် ပြည်သူ့ကျန်းမာရေးပြဿနာနှင့် တဖြည်းဖြည်းလျော့ပါးလျက် အခြေအနေပေးသည်နှင့်အမျှ လူ့လောကမှ ပျောက်ကွယ်နိုင်သည်အထိ မျှော်မှန်း၍ရနိုင်ပြီဖြစ်ပါသည်။

သို့သော်လည်း အခြားတစ်ဖက်မှ သဘာဝပတ်ဝန်းကျင် ယုတ်လျော့ပျက်စီးခြင်းနှင့်အတူ တောရိုင်းတိရစ္ဆာန်တို့နှင့် လူတို့ ထိတွေ့မှုများလာသည်နှင့်အမျှ တစ်ချိန်က တိရစ္ဆာန်လောကတွင်သာ ကူးစက်နေသော ရောဂါပိုးများသည် လူများထံ ကူးစက်လာနေသည်ကိုမူ အထူးသတိပြုကြဖို့ လိုအပ်လှသည်။

ထိုသို့သော ဆိုးရွားသည့်အဖြစ်အပျက်ကို ယနေ့ကြုံတွေ့ခံစားနေရသော COVID-19 Virus တုပ်ကွေးရောဂါက သက်သေပြ နေပြီဖြစ်သည်။ ထို့အတူပင် SARS, MARS တို့သည်လည်း အလားတူ သာဓကများဖြစ်သည်။ ထို့ကြောင့် သဘာဝပျက်ယွင်းစေသော အကြောင်းတရားများ၊ အမူအကျင့် အလေ့အထများကို ရှောင်ကြဉ်ကြပြီး ကောင်းမွန်သော သာယာဖွယ် သဘာဝအခြေအနေကောင်းများကို ဖန်တီးကြရမည်သာ ဖြစ်သည်။

 

ကူးစက်ရောဂါများကို ကာကွယ်ခြင်း

“ ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်” ဟူသော စကားကို အများနားလည် လက်ခံထားပြီးဖြစ်ပါ၏။ သို့သော်လည်း သိလျက်နှင့် ပေါ့ပေါ့ဆဆ မလိုက်နာခြင်းတို့ကြောင့်သာလျှင် ယနေ့ကြုံတွေ့နေရသော ရောဂါဘေးများကို ရင်ဆိုင်နေကြရခြင်းပင် ဖြစ်သည်။                

ထို့ကြောင့် ရောဂါတစ်ခု၏ ဖြစ်စဉ်တစ်ရပ်ကိုအလေးထား၍ ဖော်ပြလိုပါ၏။ အောက်တွင် ဖော်ပြထားသောပုံသည် ကူးစက်ရောဂါတစ်ခု မဖြစ်ခင်၊ ဖြစ်နေစဉ်နှင့်ဖြစ်ပြီး အခြေအနေကို ဖော်ညွှန်းထားသော ယေဘုယျပုံစံတစ်ရပ် ဖြစ်ပါ၏။  (ပုံ-၂)

ပုံတွင် ဖော်ပြထားသည့်အတိုင်း ရောဂါ မဖြစ်မီကာလတွင် ဖော်ပြပါအတိုင်း ပိုး၊ ပတ်ဝန်းကျင်၊ လူဟူသော သုံးပွင့်ဆိုင်တွင် ပုံမှန်အတိုင်းရှိနေပါက ကူးစက်ရောဂါမဖြစ်နိုင်ပါ။ ထိုသို့မဖြစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်များ အနေဖြင့် -

(၁) ကျန်းမာရေးမြှင့်တင်ရေး လုပ်ငန်းများဖြစ်သော ကျန်းမာရေး အသိ/သတိရှိရှိ နေထိုင်ရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ တစ်ကိုယ်ရေ ကျန်းမာရေးအပါအဝင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက် စားသောက်ခြင်း၊ အလေ့အကျင့်ကောင်း၊ အမူအကျင့်ကောင်းများကို လူတိုင်းပြုစု ပျိုးထောင်ကြရမည်ဖြစ်သည်။

ဥပမာအားဖြင့် လက်ကို စနစ်တကျ သတ်မှတ်ချက်အတိုင်း ဆေးကြောခြင်း၊ လူအများကြား ချောင်းဆိုးလျှင် အကာအကွယ်ပြု၍ ချောင်းဆိုးခြင်း၊ ဆေးလိပ်ဆေးရွက်ကြီး မသုံးစွဲခြင်း၊ အရက်သေစာ မသုံးစွဲခြင်း၊ မူးယစ်ဆေးဝါးမသုံးခြင်း စသော ကျန်းမာရေးဖွံ့ဖြိုးမှုမြှင့်တင်မှုများကို ဆောင်ရွက်ကြရခြင်းဖြင့် ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ပါသည်။

 

(၂) ထိရောက်သော အကာအကွယ်ပေးခြင်း

ကူးစက်ရောဂါများကို ဖြစ်စေသော ပိုးများကို အကာအကွယ်ဖြစ်စေခြင်း ခံနိုင်ရည် ဖြည့်တင်းပေးခြင်းအတွက် ထိရောက်သော ကာကွယ်ဆေးများကို သတ်မှတ်အသက်အပိုင်းအခြား ကိုက်ညီပြည့်စုံစွာ ထိုးခြင်းဖြင့် ထိရောက်သောကာကွယ်မှုကို ပေးမည်ဖြစ်ပါ၏။

ဖော်ပြပါ ကာကွယ်ခြင်းသည် ပဏာမ ကာကွယ်ခြင်း (Primary Prevention) ပင် ဖြစ်ပါ၏။ လူတိုင်း လူတိုင်းကသာ သတ်မှတ်ချက်များအတိုင်း အလေ့အကျင့်သဖွယ် လိုက်နာဆောင်ရွက်ကြမည်ဆိုလျှင် ကပ်ရောဂါအသွင်ဖြင့် ရောဂါဘေးကို ကြုံတွေ့နိုင်မည် မဟုတ်ချေ။

သို့သော်လည်း ရောဂါပိုးများ၊ အထူးသဖြင့် ဗိုင်းရပ်စ်ပိုးအချို့သည် ပုံစံပြောင်းလဲမှုဖြစ်စဉ် (MUTA-TION) များ ဖြစ်လေ့ရှိသည့်အတိုင်း ပုံစံသစ်ဖြင့် ပေါ်ပေါက်လာတတ်သည်ကိုမူ အထူးသတိပြုကြရမည် ဖြစ်ပေသည်။

ဥပမာအားဖြင့် ယနေ့တွေ့နေရသော ဗိုင်းရပ်စ်သည် ယခင်ကြုံဖူးသော ဗိုင်းရပ်စ်များဖြစ်သည့် SARS/ MARS တို့နှင့် အခြေခံအားဖြင့် တူသော်လည်း ပုံပြောင်း၍ အသစ်ပုံစံဖြင့် ပြောင်းလာခြင်းကြောင့် လူအများ၏ ခံနိုင်ရည်အားမရှိခြင်းဖြင့် ပြင်းထန်သော ကူးစက်မှုကိုဖြစ်စေခြင်းဟု ဆိုရမည်ဖြစ်ပါ၏။

 

ရောဂါပျိုးချိန် (Incubation Period)

ရောဂါပျိုးချိန်အကြောင်းကို ပြောကြလျှင် အားလုံးသိထားသော ရေခဲတုံး ရေထဲတွင်ပေါ်နေသော ဖြစ်စဉ် (Iceberg Phenomenon) ကို ဖော်ပြလေ့ရှိကြ၏။ အဓိပ္ပာယ်မှာ ရေပေါ်တွင်ပေါ်နေသော အပိုင်းသည် အနည်းငယ်မျှသာဖြစ်ပြီး ရေတွင်မြုပ်နေသည့် ရေပေါ်မပေါ်သော အပိုင်းသည် အများစုဟု အဓိပ္ပာယ်ဖော်ပြလေ့ရှိကြသည်။

ရောဂါပျိုးချိန် ကြာလေလေ ရောဂါကူးစက်ရန် အလားအလာ များလေလေဖြစ်သည်ကို သတိပြုနားလည်ကြရပါမည်။ အထူးသဖြင့် လူမှလူသို့ တိုက်ရိုက်ကူးစက်လေ့ရှိသော ကပ်ရောဂါများတွင် လူအများကို ကူးစက်ပြီးမှ သိရတတ်သောကြောင့် ကာကွယ်၊ ကုသရေးလုပ်ငန်းများအတွက် နှောင့်နှေးမှု ဖြစ်တတ်ပါသည်။ ထို့ကြောင့်လည်း သံသယ ရာဇဝင်ရှိသော လူ၊ ယာဉ်၊ ပစ္စည်းကိရိယာ စသည်တို့ကို သီးသန့်ခွဲခြားထားခြင်း (Isolation)၊ ကန့်သတ်ထိန်းချုပ်ခြင်း (Quarantine) ကို ဆောင်ရွက်ကြရခြင်းပင် ဖြစ်သည်။  ပုံ(၃)    

        

သဘောတရားအခြေခံမှာ အများစုသော ရောဂါလက္ခဏာမပြသူ၊ ရောဂါရှိသည်ဟု မသိသူတို့သည် အများစုဖြစ်ပြီး အဆိုပါ အများစုသည် လူထုအတွင်းရှိနေကြပြီး ဆေးရုံ၊ ဆေးခန်းများ၊ ဆေးကုသရာ နေရာများသို့ ရောက်ရှိမလာကြသည်ကို ဖော်ပြ၍ ပြောဆိုကြခြင်းဖြစ်ပါသည်။ ဟုတ်ပါသည်။ ရောဂါပိုး ဝင်ရောက်သော်လည်း ရောဂါပျိုးချိန် (Incubation Period) ကာလဖြစ်သောကြောင့် မသိသေးခြင်း ဖြစ်နိုင်ပါသည်။

အထူးသဖြင့် အဆိုပါအချိန်သည် လူတစ်ယောက်မှ တစ်ယောက်သို့  ကူးစက်ရာလမ်းကြောင်းကိုလိုက်၍ လူအများကို ကူးစက်နိုင်သောကြောင့် ဆောလျင်စွာ ရောဂါဖော်ထုတ်ခြင်း (Early Detection of Case and Prompt treatment) နှင့် ထိရောက်လျင်မြန်စွာ ကုသရေးသည် ကူးစက်ရောဂါတစ်ခု ဖြစ်လာသည်ဆိုပါက အဓိကကျသော လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါသည်။

ထို့ကြောင့် ယခုကြုံတွေ့နေရသော ဗိုင်းရပ်စ်၊ အဆုတ်ရောင်ရောဂါ (COVID-19) ကာကွယ်နှိမ်နင်းရေး လုပ်ငန်းစဉ်တွင် ဖြစ်နိုင်ခြေ၊ ကူးစက်နိုင်ခြေရှိသော ခရီးသည်များ၊ ရောဂါပြန့်ပွားရာအရပ်မှ ပြန်လာသူများကို အဓိကထား၍ အလေးပေးပြီး စောင့်ကြည့်ခြင်းလုပ်ငန်း (Surveillance) ကို အလေးထား ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ အလွန်အကျွံ ကူးစက်မှုများလာလျှင်မူ ဒေသအခြေအနေလိုက်၍ ထိန်းချုပ်ခြင်း (Area Quarantine) အနေဖြင့် ရွာအလိုက်၊ မြို့အလိုက် ကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်ခြင်း လုပ်ငန်းများကို မလွဲမသွေ ဆောင်ရွက်ကြရသည်သာ ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ကူးစက်ရောဂါ ပြန့်ပွားခြင်းကို ဖြတ်တောက်ခြင်းနှင့်အတူ ကူးစက်ခံရသောလူနာ ပေါ်ပေါက်လာပါက စောစောသိ၊ စောစောကု၊ ပျောက်ရေး မခက်စေရေးကို အလေးပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း လူအများ နားလည်ကြဖို့ လိုအပ်လှပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ကပ်ရောဂါဘေးဖြင့် ကြုံတွေ့ရပြီဆိုပါက လူတို့၏အသက်များ ဆုံးရှုံးခြင်းဖြင့် ကြေကွဲဖွယ်ရာ ဖြစ်ရခြင်းသည်လည်းကောင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက် ပိတ်ဆို့ရသောကြောင့် အခြားသော လူမှုရေး၊ စီးပွားရေးကိစ္စများတိုင် ထိခိုက်ဆုံးရှုံးနိုင်သည်ကို သတိပြုကြရမည်လည်း ဖြစ်သည်။

ထို့ကြောင့် မဖြစ်မီ ကာကွယ်တားဆီးရေးသည် ဌာနတစ်ခုချင်းမှ ဆောင်ရွက်၍ လုံးဝမရနိုင်သည့်အလျောက် နှီးနွှယ်ဆက်စပ်သော ဌာနများက မိမိတို့၏တာဝန်ပိုင်းကို တိတိကျကျလိုက်နာ ဆောင်ရွက်ကြရန် အထူးပင် အရေးကြီးလှပါကြောင်း သတိပြုစေလိုပါသည်။

ထို့ပြင် အဓိကအားဖြင့် အစားအသောက်များမှ ကူးစက်သောရောဂါများအတွက် သန့်ရှင်းသော အစားအသောက်များကိုသာ စားသောက်ကြရန်နှင့် လိုအပ်သော ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေးကို လိုက်နာကြရမည်သာဖြစ်ပါ၏။ ထို့အတူပင် တိရစ္ဆာန်၊ ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်သည်ဆိုငြားအံ့။ အဆိုပါ ကူးစက်သော တိရစ္ဆာန်၊ ပိုးမွှားကောင်များ နှိမ်နင်းရေးကို လူအများမှ ပါဝင်ဆောင်ရွက်ကြရမည်လည်းဖြစ်သည်။

အဓိကအားဖြင့် လူအချင်းချင်း တစ်ယောက်မှ တစ်ယောက်သို့ ကူးစက်သောရောဂါများအတွက်မူ ကူးစက်ရာလမ်းကြောင်းအတိုင်း မဖြစ်မနေ ပြတ်တောက်နှိမ်နင်းရေး လုပ်ငန်းတွင် လူတိုင်းက လိုက်နာဆောင်ရွက်ကြမည်ဆိုပါက မိမိအတွက်လည်း ရောဂါကူးစက်ခြင်းမှ ကင်းဝေးနိုင်သကဲ့သို့ မိမိကြောင့် တစ်ပါးသူကိုလည်း ရောဂါမကူးစက်ရေးအတွက် လိုအပ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရေးသည် လူသားတစ်ယောက်၊ နိုင်ငံသားကောင်းတစ်ယောက်၏ ကောင်းမွန်သော ကျင့်ဝတ်ဖြစ်ပါကြောင်း အသိပေး အကြံပြုရေးသားလိုက်ရပါသည်။


READ NEXT
Cancel OK