Top News

စာမေးပွဲ
24htopnews | October 31, 2024 7:12 PM CST

စာမေးပွဲတဲ့။ အဓိပ္ပာယ်က ရိုးရိုးလေးပါပဲ။ စာကို မေးတဲ့ပွဲ၊ ‘စာမေးပွဲ’ ပေါ့။ အဲ၊ ဒါပေမဲ့ ဆိုင်းတွေ၊ ဗုံတွေပါတဲ့ပွဲတော့ မဟုတ်ဘူး။ စကားလုံးလေးကလည်း သုံးလုံးတည်း။ အဲဒီစကားလုံးလေး သုံးလုံးနဲ့ မကင်းတဲ့သူက များကြတယ်။ ကျောင်းတက်ဖူးသူမှ ‘စာမေးပွဲ’ ဆိုတာကို တွေ့ကြုံရင်ဆိုင်ရတာမဟုတ်။  ဘဝတစ်ခုကို ပိုင်ဆိုင်ပြီး လောကရဲ့လမ်းမအပေါ် လျှောက်လှမ်းကြသူတိုင်း ‘ဘဝစာမေးပွဲ’ ကို ဖြေဆိုကြရတယ်။ ရင်ဆိုင်ကျော်ဖြတ်ကြရတယ်။ ဒါပေမဲ့ ‘စာမေးပွဲ’ လို့ ဆိုလိုက်ရင် ကျောင်းသား၊ ကျောင်းသူတွေ ရင်ဆိုင်ကျော်ဖြတ်ရတဲ့ စာမေးပွဲကိုပဲ အများအားဖြင့် ပြေးမြင်မိတတ်ကြတယ်။

အတန်းတစ်တန်းကနေ နောက်တစ်ဆင့်မြင့်တဲ့ အတန်းတစ်တန်းကို တက်လှမ်းနိုင်ဖို့ စာမေးပွဲဆိုတာကို ကျောင်းသားတိုင်း ဖြတ်သန်းခဲ့ကြရတယ်။ ‘ခဲ့ကြရတယ်’ ဆိုတဲ့ အတိတ်ကာလစကားလုံးကို သုံးရတာက အခုနောက်ပိုင်း စာမေးပွဲကို တော်လှန်တဲ့နည်းစနစ်တွေ ဝင်ရောက်လာလို့ပါပဲ။ တချို့က စာမေးပွဲရှိတာကို ကြိုက်ကြတယ်။ တချို့က စာမေးပွဲရှိတာကို မကြိုက်ကြဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံး (ကျောင်းတက်ခဲ့ရဖူးသူတိုင်း) စာမေးပွဲကို ကြောက်ခဲ့ကြဖူးတာတော့ ငြင်းလို့မရနိုင်ပါဘူး။

ပထမဆုံး စာမေးပွဲပြုလုပ်ခဲ့တဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံပါ။ အေဒီ ၆၀၅ မှာ နန်းတွင်းစာမေးပွဲတွေကို Sui Dynasty ကနေ စတင်ပြုလုပ်ခဲ့တယ်။ ဒီစာမေးပွဲတွေဟာ နန်းတွင်းအစိုးရရာထူးတွေအတွက် ကျင်းပတဲ့ စာမေးပွဲတွေပါ။ တရုတ်ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြမှာပါ။ နန်းရင်ပြင်ကြီးထဲမှာ ဖြေကြရတဲ့ စာမေးပွဲမျိုးပေါ့။ ၁၉၀၅ မှာတော့ အဲဒီစာမေးပွဲစနစ်ကို Qing Dynasty က ဖျက်သိမ်းပစ်ခဲ့တယ်။ဒီစာမေးပွဲစနစ်ကို သဘောကျပြီး အင်္ဂလန်နိုင်ငံက ၁၈၀၆ ခုနှစ်မှာ ဘုရင့်ရဲ့ မြို့ပြ ဝန်ဆောင်မှုအတွက် အတုယူအသုံးပြုခဲ့တယ်။ အဲဒီလိုနဲ့ နောက်ပိုင်းမှာတော့ ပညာသင်ကြားရေး နယ်ပယ်မှာပါ စာမေးပွဲစနစ်ကို အသုံးပြုလာကြတယ်။ အဲဒီကမှတစ်ဆင့် တစ်ကမ္ဘာလုံးကို စာမေးပွဲစနစ် ပျံ့နှံ့သွားခဲ့တာပါ။ ကျွန်တော်တို့ အခုဖြေဆိုနေတဲ့ စာမေးပွဲစနစ်ကို တီထွင်ခဲ့သူကတော့ Henry A.Fischel ပဲဖြစ်ပါတယ်။ Henry A.Fischel (၁၉၁၃-၂၀၀၈) ဟာ အင်ဒီယာနာတက္ကသိုလ်က အရှေ့တိုင်းဘာသာစကားနဲ့ ယဉ်ကျေးမှုပါမောက္ခတစ်ဦးပါ။ အင်ဒီယာနာတက္ကသိုလ်မှာရှိတဲ့ ဂျူးပညာ သင်ကြားရေးပရိုဂရမ်နဲ့ ဘာသာရေးဌာနတို့ရဲ့ အကြီးအကဲတစ်ဦးလည်း ဖြစ်ပါတယ်။ သူကတော့ ကျောင်းသားတွေ အကြောက်ဆုံးနဲ့ မလုပ်ချင်ဆုံး စာမေးပွဲကြီးကို တီထွင်ခဲ့သူပါပဲ။

ကျွန်တော်တို့ ခေတ်တုန်းက သီတင်းကျွတ်လလောက်မှာ ဖြေရတဲ့ အစမ်းစာမေးပွဲနဲ့ နှစ်ဆုံးမှာဖြေရတဲ့ အတန်းတင် (နှစ်ကြီး) စာမေးပွဲဆိုပြီး စာမေးပွဲနှစ်ခုပဲရှိတယ်။ နောက်တော့ စနစ်တစ်မျိုးပြောင်းပြီး လစဉ်စာမေးပွဲ ဖြေကြရတယ်။ အခုအချိန်မှာတော့ တချို့အတန်းတွေမှာ စာမေးပွဲ မရှိကြတော့ဘူး။ စာမေးပွဲရှိတဲ့ အတန်းတွေမှာလည်း တစ်ခုနဲ့တစ်ခု သက်ဝင်လှုပ်ရှားမှုက မတူဘူး။ အငယ်တန်းတွေကနေ နဝမတန်း (၉ တန်း) အထိက သက်ဝင်လှုပ်ရှားမှု မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအတန်းတွေမှာ အကျမရှိလို့ပါပဲ။

သက်ဝင်လှုပ်ရှားမှုအရှိဆုံးနဲ့ ကျောင်းသားတွေ  အလေးအထားဆုံး စာမေးပွဲက တက္ကသိုလ်ဝင်တန်း (၁၀ တန်း) စာမေးပွဲပါပဲ။ ကျောင်းသားတွေတင်မဟုတ်ပါဘူး။ မိဘတွေကလည်း အဲဒီစာမေးပွဲကိုမှ အသက်ရှိတယ်လို့ ထင်ကြသူကများတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာဖြေချိန် သုံးနာရီလေးအတွင်းမှာ ကလေးတစ်ယောက်ရဲ့ ဘဝအချိုးအကွေ့တစ်ခုကို ပြောင်းလဲစေနိုင်လို့ပါပဲ။

၁၀ တန်းစာမေးပွဲ နီးပြီဆိုတာနဲ့ အလုပ်ရှုပ်ကြတော့တာပဲ။ တချို့မိဘတွေ၊ ကျောင်းသားတွေဆိုရင် မျက်ကလူးဆန်ပြာနဲ့ပေါ့။ ဗေဒင်ဆရာ မေးသူက မေးတယ်။ ယတြာချေသူက ချေတယ်။ အဲဒီအချိန်ဟာ စာမေးပွဲ အောင်ရေးအတွက် ဘာဖြစ်ဖြစ်လုပ်မယ်ဆို တဲ့အချိန်ပေါ့။ ဖြစ်နိုင်တာ မဖြစ်နိုင်တာ အသာထား၊ စာမေးပွဲအောင်ဖို့အတွက် ကောက်ရိုးလေးတစ်မျှင်ပဲဖြစ်ဖြစ် ဆွဲခိုချင်တတ်ကြတယ်။ ဒီလိုနဲ့ စာမေးပွဲကာလမှာ အုန်းသီး၊ ငှက်ပျောသီးတွေ စျေးတက်ကုန်တယ်။ ကွန်ပျူတာမိတ္တူဆိုင်တွေ အလုပ်ဖြစ်ကြတယ်။ အဲဒီလိုနဲ့ပဲ စာမေးပွဲကို အမှီပြုပြီး အကွက်မြင်သူတို့ ငွေရွှင်တဲ့ကာလလို့ဆိုရင်လည်း မမှားပါဘူး။

ခရစ်နှစ်ရဲ့ မတ်လ၊ မြန်မာနှစ်ရဲ့ တပေါင်းလမှာ ကျင်းပတဲ့ တက္ကသိုလ်ဝင်တန်း (၁၀ တန်း) စာမေးပွဲဟာ ကျောင်းသားတွေကို ချွေးတရွှဲရွှဲဖြစ်စေတယ်။ ဒီကနေ့ ၂၀၂၀ အထိ ဖြေဆိုကြရတဲ့ စာမေးပွဲစနစ်မှာတော့ ဘာသာတွဲ အမျိုးမျိုးရှိပြီး ဘာသာရပ်ခြောက်ခု ဖြေဆိုကြရတယ်။ အဲဒီထဲမှာ ကလေးတွေ အကြောက်ဆုံးက အင်္ဂလိပ်စာပေါ့။ စာမေးပွဲဖြေတိုင်း ပြောတတ်ကြတဲ့ စကားလေးတစ်ခွန်းရှိတယ်။ မြန်မာစာနေ့က အစွမ်းကုန်ပြုံးထားတဲ့အပြုံးတွေဟာ အင်္ဂလိပ်စာနေ့မှာ တစ်ဝက်လောက် အငွေ့ပြန်သွားပြီတဲ့။

မှတ်မှတ်ရရ ကျွန်တော် တက္ကသိုလ်ဝင်တန်း (၁၀ တန်း) စာမေးပွဲကို ဖြေခဲ့ရတုန်းက ဘာသာရပ်တစ်ခုမှာ မျက်ရည်ခခဲ့ရဖူးတယ်။ ကျွန်တော်တို့တုန်းက ဘာသာတွဲနှစ်ခု အပါအဝင် ငါးဘာသာ ဖြေကြရတာ။ ကျွန်တော့် မျက်ရည်တွေ မြေခခဲ့ရတဲ့ ဘာသာရပ်က သိပ္ပံတွဲ။ ရူပဗေဒ၊ ဓာတုဗေဒနဲ့ ဇီဝဗေဒ သုံးခု ပေါင်းစပ်ထားတဲ့ ဘာသာရပ်။ အဲဒီဘာသာရပ်ဖြေတဲ့နေ့က ကျွန်တော် ကောင်းကောင်း မဖြေနိုင်ဘူး။ အခုခေတ်စကားနဲ့ဆိုရရင် ကွဲတယ်ပေါ့။ အဲဒါနဲ့ ကိုယ့်ကိုယ်ကိုယ် ငါ မအောင်တော့ဘူး ထင်ပါတယ်လို့ အတွေးဝင်ပြီး နောက်ဆုံးဘာသာရပ်ကို မဖြေတော့ဘူး ဆုံးဖြတ်လိုက်တယ်။ အဲဒီမှာ မျက်ရည် မြေခရသူကတော့ အမေပါပဲ။

“ သားရယ် အောင်တယ် မအောင်ဘူးဆိုတာ အောင်စာရင်းထွက်မှ သိရတာပါ။ ဘာပဲဖြစ်ဖြစ် တစ်ဘာသာတည်း ကျန်တော့တာ ဖြေလိုက်ပါနော်” ဆိုပြီး ကျွန်တော့်ကို နားချခဲ့တာ။ ဒီလိုနဲ့ ကျန်တဲ့ဘာသာရပ်ကို ကျွန်တော်ဆက်ပြီး ဖြေခဲ့တယ်။ အောင်စာရင်းထွက်လာတော့ ကျွန်တော် စာမေးပွဲ အောင်ခဲ့တယ်။ တကယ်လို့ အမေသာ ကျွန်တော့်ကို အတင်းနားမချခဲ့ဘူးဆိုရင် ကျွန်တော်ဟာ ဘွဲ့ရတစ်ယောက်ဖြစ်လာဖို့ မသေချာဘူးလို့ ဆိုရမယ်။

အခုတော့ တက္ကသိုလ်ဝင်တန်း (၁၀ တန်း) ကျောင်းသားတွေကို သင်ကြားရတဲ့ ဆရာအဖြစ်နဲ့ ဘဝကို ဖြတ်သန်းခဲ့တာ ဆယ်စုနှစ် နှစ်စုနီးပါး ရှိလာခဲ့ပါပြီ။ ဆရာဘဝနဲ့ စာမေးပွဲတွေကို တွေ့ကြုံခဲ့ရတဲ့အခိုက်အတန့် ကာလတွေမှာ အမှတ်ရစရာတွေက တစ်ပုံတစ်ပင်။ အမျိုးမျိုးသော မိဘတွေ၊ အမျိုးမျိုး သောကျောင်းသားတွေကို တွေ့မြင်ခဲ့ရတယ်။ မိဘတစ်ယောက်ဆိုရင် သူ့သားလေး စာမေးပွဲဖြေရတဲ့အပေါ် စိုးရိမ်ပူပန်မှုမပြတာ တွေ့ခဲ့ရဖူးတယ်။ “ ကိုယ့်သားလေး စာမေးပွဲဖြေနေရတာ မစိုးရိမ်ဘူးလား” လို့ မေးကြည့်တော့ ပြန်ဖြေတာက “ မစိုးရိမ်ပါဘူးဗျာ။ ကျွန်တော့် သားက သူငယ်တန်းကနေ ကိုးတန်းအထိ တစ်ခါမှ ကျခဲ့ဖူးတာမဟုတ်ဘူး။ ဒီ ၁၀ တန်းကိုလည်း အေးအေးဆေးဆေး ဖြေနိုင်မှာပါဗျာ” တဲ့။ ကိုးတန်းအထိ အကျမရှိ ပညာရေးအကြောင်း သိပ်ပြီး နားမလည်ကြတဲ့အခါ အဲဒီလူမျိုးလည်း တွေ့ခဲ့ဖူးရဲ့။

စာမေးပွဲဖြေတဲ့ကာလမှာတော့ ကျောင်းသားတွေဟာ ဘုရင်ပါပဲ။ ဘာပဲပူဆာပူဆာ မိဘတွေက ဖြည့်ဆည်းပေးကြတယ်။ တစ်နှစ်ပတ်လုံး တစ်ခါမှ မမြင်တွေ့ရတဲ့ မိဘတချို့ရဲ့ မျက်နှာတွေကို စာမေးပွဲဖြေတဲ့ကာလမှာ အလုအယက်ကို မြင်တွေ့ရတယ်။ အနီးကပ် ပူပင်သောကတွေ ပလူပျံလို့ပေါ့။ သေမင်းနဲ့ မျက်နှာချင်းဆိုင်တွေ့မှ သေရမှာ ကြောက်တတ်တာ လူတွေရဲ့သဘာဝ မဟုတ်လား။

စာမေးပွဲဆိုတာ သေသေချာချာ ထိုင်ကြည့်နေရင် တစိမ့်စိမ့်ခံစားရတဲ့ ရသစုံပန်းချီကား တစ်ချပ်လိုပါပဲ။ ကောင်းကောင်းဖြေနိုင်လို့ တက်တက်ကြွကြွ ပြန်ထွက်လာတဲ့ ကျောင်းသားကိုမြင်ရတာ ဝီရဆိုတဲ့ ရဲရင့်ခြင်းရသ ဖြစ်စေတယ်။ အဲဒီအချိန်မှာပဲ ကျောင်းသားနဲ့ လာကြိုသူမိဘတို့ရဲ့အပြုံးတွေကို မြင်ရတာက သန္တရသဆိုတဲ့ ငြိမ်းအေးပျော်ရွှင်ခြင်းရသပေါ့။ ကောင်းကောင်းမဖြေနိုင်လို့ မျက်နှာပျက်ပျက်နဲ့ ပြန်ထွက်လာသူတွေ၊ မျက်ရည်လေး တစမ်းစမ်းနဲ့ ပြန်ထွက်လာသူတွေကို မြင်ရပြန်တော့ ကရုဏာရသဆိုတဲ့ သနားခြင်းက ပေါ်လာပြန်ရော။ ပြီးတော့ ဘယာနကရသဆိုတဲ့ ကြောက်ရွံ့ပူဆွေးခြင်းရသကလည်း  တွဲကပ်ပါလာသေးတယ်။ သေသေချာချာ ထိုင်ကြည့်လေ ရသတွေက ပိုစုံလေပါပဲ။ ဒီလိုနဲ့ စာမေးပွဲဟာ ပြုံးသူ၊ ရယ်သူ၊ ငိုသူ၊ အားပေးသူ၊ ပြစ်တင်သူ၊ နှစ်သိမ့်သူတွေနဲ့ အချိန် သုံးနာရီအတွင်းမှာ အပြောင်းအလဲတို့က ဖျတ်ခနဲ လွင့်မျောသွားကြတယ်လေ။

 


READ NEXT
Cancel OK