Top News

ရိုးသားမှုနှင့် ပွင့်လင်းမြင်သာမှု
24htopnews | October 31, 2024 7:12 PM CST

လောကတွင် ပြီးပြည့်စုံသူဟူ၍ကား မရှိပေ။ သို့သော် ပြီးပြည့်စုံမှုကို လိုလားသည့် ယနေ့ခေတ်ယဉ်ကျေးမှုသည် ပြီးပြည့်စုံသော ခေါင်းဆောင်များကိုသာ တောင်းဆို၍ နေတတ်သည်။ အကျိုးရလဒ်အရ အမှန်တကယ် ပိုမိုကောင်းမွန်လာစေရန် ခေါင်းဆောင်များအတွက်ရော နောက်လိုက်များအတွက်ပါ ပိုမိုခက်ခဲ၍လာစေသည်။ ထို့ကြောင့် လူတစ်ဦးချင်းအနေဖြင့် ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ် ထားရှိရန်လိုသည်။ ယင်းအစီအစဉ်၌ မိမိကိုယ်မိမိ လေးနက်စွာ ပြန်၍ဝေဖန်ခြင်း၊ အခြားသူများထံမှ မိမိအပေါ် အမြင်အား သဘောထားများ တောင်းခံခြင်းနှင့် တစ်ခါတစ်ရံ ပုံမှန်သုံးသပ်မှုများပြုလုပ်ခြင်းတို့ ပါဝင်သည်။ ယင်းအစီအစဉ်အား အချိန်နှင့်အမျှ ချမှတ်ထားရမည်ဖြစ်ပြီး ချရေးလျက် သိမ်းဆည်းထားရမည်လည်း ဖြစ်သည်။ လူတို့သည် မိမိ၏အမှားများကို ဝန်ခံရမည်ကို ကြောက်ရွံ့နေတတ်သည်။ ငယ်စဉ်အခါကတည်းက ကလေးများအား မိမိကိုယ်မိမိ ဝေဖန်တတ်အောင် သင်ကြားပေးရမည်ဖြစ်သည်။ ကလေးများအနေဖြင့် တတ်နိုင်သမျှ အကောင်းဆုံးလုပ်ရန်နှင့် အမှားလုပ်မိမည်ကို စိုးရိမ်ခြင်းနှင့် အမှားကို ဝန်ခံရမည်ကို ကြောက်ရွံ့ခြင်းတို့ မရှိအောင် လေ့ကျင့်ပေးရမည်ဖြစ်သည်။ ယင်းသည် ရိုးသားမှုနှင့် ပွင့်လင်းမြင်သာမှုရှိရေးအတွက် သင်ယူခြင်းလုပ်ငန်းစဉ် ဖြစ်သည်။

သို့သော် ပွင့်လင်းမြင်သာမှုရှိရန်ထက် ရိုးသားမှုရှိရန် များစွာပို၍ခက်ခဲသည်။ သမာဓိရှိရန်မှာမူ အခက်ခဲဆုံးဖြစ်သည်။ သို့သော် မာသာထရီဆာက “ ရိုးသားမှုနှင့် ပွင့်လင်းမြင်သာမှုသည် သင့်အား အားနည်းချက်ရှိအောင် လုပ်နိုင်သည်။ သို့သော် မည်သို့ပင်ဖြစ်စေ ရိုးသား၍ ပွင့်လင်းမြင်သာမှုရှိပါ” ဟု ဆိုခဲ့သည်။ ဒလိုင်းလားမားကမူ “ သင်သည် ရိုးသား၊ မှန်ကန်ပြီး ပွင့်လင်းမြင်သာမှုရှိပါက သင့်အား လူအများက ယုံကြည်လာလိမ့်မည်။ လူအများက သင့်အား ယုံကြည်ပါက ကြောက်ရွံ့ရန်၊ မယုံသင်္ကာဖြစ်ရန်နှင့် မနာလိုဝန်တိုမှုဖြစ်ရန်သင့်၌ နေရာမရှိတော့” ဟု ဆိုသည်။  အခြားသူများ သိစေရန် လိုအပ်သည်ဟု ခံစားရသော အမှန်တရားများကို ထုတ်ဖော်ပြောဆိုခြင်းသည် ရိုးသားမှုဖြစ်သည်။ အခြားသူများက ၎င်းတို့ သိရန်လိုအပ်သည်ဟု ခံစားရသော အမှန်တရားများကို ထုတ်ဖော်ပြောဆိုခြင်းသည် ပွင့်လင်းမြင်သာမှုဖြစ်သည်။ ပွင့်လင်းမြင်သာမှုသည် အခြားသူများအား အမှန်တကယ်ဖြစ်သည့်အရာကား အဘယ်နည်းဟူသည်ကို တွေ့မြင်သွားစေရန် ခွင့်ပြုသည်။

ရိုးသားမှုဟူသည် လူမျိုးများစွာနှင့် ဘာသာများစွာတို့၏ ယဉ်ကျေးမှုတို့၌ တန်ဖိုးထားသည့်အရာဖြစ်သည်။ အမေရိကန်ပြည်ထောင်စုကို ထူထောင်သူတစ်ဦးဖြစ်သော ဘင်ဂျမင်ဖရန်ကလင် (၁၇၀၆ - ၁၇၉၀) က “ ရိုးသားခြင်းသည် အကောင်းဆုံး မူဝါဒ” ဟု ဆိုပြီး အမေရိကန်ပြည်ထောင်စု၏ တတိယမြောက်သမ္မတ သောမတ်ဂျက်ဖာဆင် (၁၇၄၃ - ၁၈၂၆) က “ ရိုးသားမှုသည် ဉာဏ်ပညာစာအုပ်၌ ပထမဆုံးအခန်းဖြစ်သည်” ဟု ဆိုသည်။ အင်္ဂလိပ်စာရေးဆရာကြီး ဝီလျံရှိတ်စပီးယား (၁၅၆၄ - ၁၆၁၆) ကမူ “ ရိုးသားမှုလောက် မည်သည့်အမွေကမှ ပို၍ ကြွယ်ဝခြင်း မရှိ” ဟု ရေးသားခဲ့သည်။ ပွင့်လင်းမြင်သာမှုဟူသည်ကို နိုင်ငံရေးတွင်သာမက သိပ္ပံပညာ၊ အင်ဂျင်နီယာပညာ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာနှင့် အခြားလူမှုရေး အကြောင်းအရာများတွင်ပါ အသုံးပြုပြီး မည်သည့်လုပ်ဆောင်ချက်များ ပြုလုပ်သည်ကို အခြားသူများ မြင်သာစေရန် ကျင့်သုံးသည့် နည်းလမ်းဖြစ်သည်။ ပွင့်လင်းမြင်သာမှုဟူသည် ပွင့်ပွင့်လင်းလင်းရှိခြင်း၊ ဆက်သွယ်ဆောင်ရွက်မှုရှိခြင်းနှင့် တာဝန်ခံမှုရှိခြင်းတို့ကို ရည်ညွှန်းခြင်းဖြစ်သည်။ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးများနှင့် လူ့အသိုင်းအဝိုင်းများ၌ ပွင့်လင်းမြင်သာမှုကို ကျင့်သုံးကြသည်။

မည်သို့ပင်ဆိုစေကာမူ ရိုးသားမှုရှိခြင်းနှင့် ပွင့်လင်းမြင်သာမှုရှိခြင်းတို့သည် လူသားတစ်ဦး၏ ကောင်းသော ဂုဏ်အင်္ဂါတစ်ရပ်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

 (မတ်လ ၂၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)


READ NEXT
Cancel OK