(၁) COVID-19 လက္ခဏာရပ် အနေအထား
ယခုအထိ ကိုရီးယားတွင် အတည်ပြုပြီး COVID-19 လူနာများသည် Shincheonji Church ဟူသည့် သီးသန့်ဒေသ၊ သီးသန့်ဘာသာရေးအုပ်စု တစ်စုနှင့်သာ အကြီးအကျယ် ပတ်သက်နေသည်။
ယင်းဒေသ၌ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုသည် ဖေဖော်ဝါရီအစောပိုင်းမှ စတင်ပြီး ဒေဂူးမြို့ Shincheonji Church အဖွဲ့ဝင်များအကြား လျင်မြန်စွာ ကူးစက်ပျံ့နှံ့ခဲ့သည်။ မည်သည့်အချိန်၊ မည်သည့်နေရာ၌ လျင်မြန်စွာ ပျံ့နှံ့မှု စတင်ခဲ့သနည်း ဆိုသည်နှင့် ပတ်သက်၍ သက်သေအထောက်အထားများက ဖေဖော်ဝါရီ ၁ ရက်၌ ဒေဂူးမြို့တွင် အဆိုပါ ဘုရားကျောင်းအဖွဲ့ဝင်များ ထောင်နှင့်ချီလျက် အကြီးအကျယ် စုဝေးခဲ့မှုကို ညွှန်ပြနေသည်။ ထို့နောက် ဒေဂူးမြို့ရှိ ဘုရားကျောင်း အဖွဲ့ဝင် ၉,၃၀၀ ခန့်ကို မိမိဘာသာ ရောဂါခြေချုပ် ချထားခြင်း ပြုလုပ်စေလျက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ နိုင်ငံတစ်လွှားရှိ အဆိုပါ ဘုရားကျောင်းအဖွဲ့ဝင် ပေါင်း ၂၅၀,၀၀၀ ကျော်ကိုလည်း အများစုအား ခြေရာခံလျက် မေးခွန်းများ မေးမြန်းခြင်း ပြုလုပ်ကာ ရောဂါလက္ခဏာရပ်များ ရှိကြောင်း သတင်းပို့သည့်အခါ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
မတ် ၁၅ ရက်အထိ အတည်ပြုပြီး လူနာ ၆၁ ရာခိုင်နှုန်းသည် Shincheonji Church နှင့် ပတ်သက်နေပြီး ၈၈ ရာခိုင်နှုန်းသည် Gyeongsang ပြည်နယ်မြောက်ပိုင်း/ဒေဂူးမြို့၌ နေထိုင်သူများဖြစ်ကြသည်။
ဒေဂူး/Gyeongsang ပြည်နယ်မြောက်ပိုင်း ဒေသများရှိ အတည်ပြုပြီး ရောဂါပိုး ကူးစက်ခံရသူ အရေအတွက်သည် ၉၇၄ ဦးရှိသည်။
နေ့အလိုက် အသစ်ထပ်မံ အတည်ပြုနိုင်သည့် ရောဂါကူးစက်ခံရသူ အရေအတွက်သည် ဖေဖော်ဝါရီ ၂၉ ရက်၌ အမြင့်ဆုံးအဖြစ် ၉၀၉ ဦးသို့ ရောက်ရှိပြီးနောက် ဖြည်းဖြည်းမှန်မှန် ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။ မတ် ၁၃ ရက်တွင် အပြည့်အဝ ပြန်လည်နာလန်ထလျက် COVID-19 နဂ္ဂတစ်ဖြစ်ကာ ဆေးရုံ သို့မဟုတ် ဆေးကုသရေး ဌာနများမှ ထွက်ခွာသွားနိုင်သူ အရေအတွက်သည် ထပ်မံကူးစက်ခံရကြောင်း တွေ့ရှိသူ အရေအတွက်ကို ကျော်လွန်စ ပြုလာသည်။
(၂) ကိုရီးယားအစိုးရ၏ ရောဂါခြေချုပ်ချထားနိုင်စွမ်း
ကိုရီးယား၌ အတည်ပြုနိုင်သည့် ရောဂါပိုးကူးစက်ခံရသူ အရေအတွက် အလျင်အမြန် တိုးပွားလာခြင်းမှာ ကိုရီးယားအစိုးရ အနေဖြင့် နေ့စဉ်ရောဂါ ဖော်ထုတ်ရန် စစ်ဆေးမှုပေါင်း ၁၈,၀၀၀ ပြုလုပ်ခြင်းနှင့် ရောဂါကူးစက်နိုင်ခြေ မြင့်မားသည့် အုပ်စုများကို အပြင်းအထန် သုံးသပ်ဖော်ထုတ်ခြင်းတို့ကြောင့် ဖြစ်သည်။
မတ် ၁၅ ရက်အထိ ကိုရီးယား၌ ရောဂါဖော်ထုတ်ရန် စစ်ဆေးမှုပေါင်းသည် ၂၆၈,၂၁၂ သို့ ရောက်ရှိခဲ့သည်။ ကိုရီးယားတွင် နေထိုင်သူ ၁၉၃ ဦးလျှင် တစ်ဦးနှုန်း စစ်ဆေးပြီး အနေအထားသို့ ရောက်ရှိသွားသည့် သဘောဖြစ်သည်။
ရောဂါရှာဖွေစိစစ်ရေးအတွက် လိုအပ်သဖြင့် အချိန်ကို လျှော့ချရန်နှင့် ရှေ့တန်းဆေးဝန်ထမ်းများအပြင် စစ်ဆေးခံရန် စောင့်ဆိုင်းနေရသူများ၏ ထိတွေ့မှုအချိန် ကို ကန့်သတ်ရန် ကိုရီးယားအစိုးရသည် “ကားဖြင့် ဖြတ်သန်းသူများကို စမ်းသပ်စစ်ဆေးရန် (Drive – through Testing Stations) ကို တီထွင်မှု ပြုလုပ်ခဲ့သည်။ ယင်းစနစ်၌ ကားဖြင့် ဖြတ်သန်းသွားသူများသည် ကားထဲမှ ထွက်စရာမလိုဘဲ ၁၀ မိနစ်အတွင်း မှတ်ပုံတင်ခြင်းနှင့် နမူနာယူခြင်း လုပ်ငန်းစဉ်ကို ဖြတ်ကျော်နိုင်သည်။ ယင်းသည် ဆေးရုံစောင့်ဆိုင်းရေးခန်းများ ပြင်ပ၌ လူနာဖြစ်နိုင်ခြေရှိသူများ ထားရှိရခြင်းကြောင့် ရောဂါကူး စက်နိုင်ခြရှိခြင်းကိုသာမက ဆေးရုံ များအပေါ် သက်ရောက်မည့် ဖိအား များကိုပါ လျှော့ချနိုင်သည်။ ထို့ပြင် ဆေးရုံနံရံများအတွင်း နမူနာယူရ ခြင်းအတွက် လိုအပ်သည့် မျက်နှာ ပြင်များကို ပိုးသတ်ရခြင်းနှင့် အခြား ရောဂါ ထိန်းချုပ်ရေးနည်းလမ်းများ ကို ဆောင်ရွက်ရခြင်းတို့အတွက် လိုအပ်သည့် အချိန်များကိုလည်း လျှော့ချပစ်နိုင်သည်။ နိုင်ငံတစ်လွှား ၌ စမ်းသပ်စစ်ဆေးရန် စခန်းပေါင်း ၅၀ ခန့် ဖွင့်လှစ်လုပ်ကိုင်လျက်ရှိပြီး တစ်နိုင်ငံလုံး၌ စခန်းအသစ်များ ထပ်မံတည်ဆောက်လျက်ရှိသည်။
အတည်ပြုပြီးသား ရောဂါ ကူး စက်ခံရသူများနှင့် ထိတွေ့ခဲ့သူများကို ခြေရာခံဖော်ထုတ် စစ်ဆေးရန် အတွက် ကိုရီးယားအစိုးရသည် ခရက်ဒစ်ကတ် ငွေကူးပြောင်းမှု ရာဇဝင်၊ CCTV မှတ်တမ်းနှင့် မိုဘိုင်းဖုန်း GPS Data များအား လိုအပ်သလို အသုံးပြုလျက် အပြင်းအထန် ဆောင်ရွက်ခဲ့သည်။ အတည်ပြုပြီး ရောဂါကူးစက် ခံထားရသူများနှင့် တွေ့ကြုံထိတွေ့နိုင်ခဲ့သူများ အနေဖြင့် မိမိတို့ဘာသာ အစစ်ဆေးခံနိုင်စေရန်အတွက် အမည်မဖော်ပြသည့် သက်ဆိုင်ရာ အချက်အလက်များကို လူထုထံသို့ ထုတ်ပြန်ပေးသည်။ ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ စုံစမ်းထောက်လှမ်းမှုများအရ အနီးကပ် ထိတွေ့ခဲ့သူများအဖြစ် ဖော်ထုတ်ခံရသူများ အနေဖြင့် မိမိတို့ဘာသာ ရောဂါခြေချုပ်ဖြင့် နေစေလျက် ပြည်ထဲရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနနှင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့များမှ ဝန်ထမ်းများက တစ်ဦးချင်းစီစနစ်ဖြင့် စောင့်ကြည့်ကြီးကြပ်ပေးသည်။
COVID-19 ၏ အစောပိုင်း ရောဂါလက္ခဏာရပ်များသည် သာမန်အအေးမိခြင်း၏ ရောဂါလက္ခဏာရပ်များနှင့် ဆင်တူသောကြောင့် ကိုရီးယားအစိုးရသည် စမ်းသပ်စစ်ဆေးရေး လမ်းညွှန်ကို ချဲ့ထွင်ကာ ၎င်းတို့အနေဖြင့် အတည်ပြုပြီးသား ရောဂါကူးစက်ခံရသူများနှင့် ထိတွေ့မှုရှိခဲ့ခြင်း ရှိ/မရှိနှင့် မသက်ဆိုင်ဘဲ ကူးစက်ခံရနိုင်ခြေ မြင့်မားသော ဒေသဖြစ်သည့် ဒေဂူးအတွင်း အအေးမိလက္ခဏာများရှိခြင်းကိုပါ ထည့်သွင်းထားသည်။
တစ်ချိန်တည်းမှာပင် ခေတ်မီသည့် ကျန်းမာရေးစောင့်ရှောက်မှုမှတစ်ဆင့် COVID-19 ကူးစက်ခံရသူများ၏ အလျင်အမြန် ပြန်လည် နာလန်ထရေးကို အဓိကထားသည်။
COVID-19 ရောဂါကူးစက်ခံရမှုသည် ရောဂါလက္ခဏာရပ်များ အနည်းငယ်သာရှိခြင်း သို့မဟုတ် လက္ခဏာ လုံးလုံးမပြခြင်းတို့ ဖြစ်နိုင်သော်လည်း အလွန်မြင့်မားသော ရောဂါဖော်ထုတ်နိုင်စွမ်းက အဖြစ်နိုင်ဆုံး ဆောလျင်စွာ ရောဂါကို တွေ့ရှိနိုင်ခြင်းကြောင့် ဖြစ်နိုင်သမျှ အစောဆုံးအဆင့်၌ ကုသမှုများ ပေးနိုင်ပြီး အောင်မြင်စွာ နာလန်ထမှု ဖြစ်နိုင်ခြေကို တိုးတက်စေသည်။
ရောဂါစတင်ဖြစ်ပွားမှု အစောပိုင်းအဆင့်တွင် ရောဂါလက္ခဏာ ပြင်းထန်မှုနှင့် မဆိုင်ဘဲ အတည်ပြုပြီးသား ရောဂါကူးစက်ခံရသူ အားလုံးကို မဖြစ်မနေ ဆေးရုံတင်ထားရန် အစိုးရက ညွှန်ကြားထားသည်။ သို့သော် ဒေဂူးနှင့် ဝန်းကျင်ဆင်ခြေဖုံးများတွင် ရောဂါကူးစက်ပျံ့နှံ့ခဲ့ပြီးနောက် ဆေးရုံကုတင်များ မလုံလောက်မှုကို ရင်ဆိုင်လာရသောကြောင့် ဆေးကုမှုဆိုင်ရာ ရင်းမြစ်များနှင့် ပတ်သက်၍ ကုသမှု လိုအပ်နေသူများအတွက် ဦးစားပေးရန် အစိုးရက ဆုံးဖြတ်ခဲ့ရသည်။ ဆေး ၀ါးကုသမှုခံယူရန် သိပ်မလိုအပ် သည့် အတည်ပြုပြီး ရောဂါကူးစက် ခံရသူများအား ယခုအခါ ယာယီ ကုသရေးဌာနများ၌ ရောဂါခြေချုပ် ချထားခြင်းသာ ပြုလုပ်တော့သည်။ သို့သော် ၎င်းင်းတို့အား ရောဂါလက္ခ ဏာရပ်များအတွက် စောင့်ကြည့် ကုသမှုများ ပြုလုပ်ပေးသည်။
(၃) ပြည်ပမှနေ၍ COVID-19 စီးဝင်မှုကို ကာကွယ်ခြင်း
အခြားရောဂါ သက်ရောက်မှု ခံထားရသည့် နိုင်ငံများမှ လာရောက်သူများအား ပြည်ဝင်ခွင့် အပြည့်အဝ ပိတ်ပင်ထားမှုမရှိဘဲ ပြီးပြည့်စုံပြီး တိကျသည့် ရောဂါခြေချုပ်စနစ်မှ တစ်ဆင့် ရောဂါပိုး ပြည်ပမှ စီးဝင်မှု ကို ထိရောက်စွာ ပိတ်ဆို့ထားသည်။
ရောဂါကူးစက်ပျံ့နှံ့မှုသည် တရုတ်နိုင်ငံ၌သာ အဓိကဖြစ်ပွားနေသည့် ဇန်နဝါရီက COVID-19 အနေအထား အစောပိုင်းအဆင့်၌ရှိစဉ် နိုင်ငံတကာ လေဆိပ်များ၌ “အထူးပြည်ဝင်ခွင့် လုပ်ငန်းစဉ်” (Special Entry Procedure) ကို ဆောင်ရွက်ပြီး စမတ်ဖုန်းများအတွက် Self-Diagnosis Mobile App စနစ်ကို စတင်ထည့်သွင်းခဲ့သည်။ တရုတ်နိုင်ငံရှိ သက်ရောက်မှု အခံရဆုံး ပြည်နယ်တစ်ခုမှ လာသူများကိုသာ ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့သည်။
Special Entry Procedure ကို ဖေဖော်ဝါရီ ၄ ရက်တွင် စတင်ကျင့်သုံးခဲ့ပြီး တရုတ်နိုင်ငံမှလာသည့် နိုင်ငံခြားသားများကိုသာမက ပြည်တွင်း၌ နေထိုင်သူများကိုပါ ယင်း စနစ် ကျင့်သုံးခဲ့သည်။ ယင်းနောက် ၎င်းင်းလုပ်ငန်းစဉ်ကို ဟောင်ကောင် နှင့် မကာအို (ဖေဖော်ဝါရီ ၁၂ )၊ ဂျပန် (မတ် ၉ )၊ အီတလီနှင့် အီရန် (မတ် ၁၂) နှင့် ဥရောပနိုင်ငံအားလုံး (မတ် ၁၆) တို့ကဲ့သို့သော COVID-19 သက်ရောက်မှုရှိသည့် အခြားနိုင်ငံများ အတွက်ပါ ချဲ့ထွင်ခဲ့သည်။ သက်ဆိုင်ရာ ခရီးသွားများအား ၎င်းတို့ ကိုရီးယားနိုင်ငံသို့ ဝင်ရောက်ပြီး နောက် ၁၄ ရက်အတွင်း စောင့်ကြည့်မှုက အလွန်ထိရောက်ကြောင်း သက်သေပြနိုင်ခဲ့ပြီး ဖြစ်သည်။ သက်ဆိုင်ရာ ခရီးသွားများ အားလုံးသည် လူဝင်မှုကြီးကြပ်ရေးအတွက် သီးခြားအဝင်ခန်းမမှ ဝင်ရောက်ရန် လိုအပ်သည်။ ယင်းနေရာတွင် ၎င်းတို့သည် ခန္ဓာကိုယ်အပူချိန် တိုင်းတာမှု ခံယူရခြင်း၊ ကျန်းမာရေးဆိုင်ရာ မေးခွန်းများကို ဖြည့်စွက်တင် သွင်းရခြင်း၊ ၎င်းတို့၏ ထိတွေ့မှု အချက်အလက်များကို မှတ်တမ်းတင်ထားသည့် အထူးခရီးသွားမှတ်တမ်း ကြေညာချက်ကို ပေးရခြင်းနှင့် ကိုရီးယားရှိ နေထိုင်မည့်လိပ်စာကို ပေးရခြင်းတို့အား ဆောင်ရွက်ရသည်။ လူဝင်မှု ကြီးကြပ်ရေး အရာရှိများသည် နေရာ၌ပင်လျှင် ပေးထားသည့် ဖုန်းနံပါတ်ကို ဆက်ကာ သက်ဆိုင်ရာ ခရီးသွားရောက်နိုင် မရောက်နိုင် စုံစမ်းပြီး ခရီးသွားများအနေဖြင့် ၎င်းတို့ ရောက်ရှိနိုင်သည့် ဖုန်းနံပါတ်ကို မပေးပါက ပြည်ဝင်ခွင့်ကို ငြင်းဆိုခံရမည်ဖြစ်သည်။
သက်ဆိုင်ရာ ခရီးသွားများ အနေဖြင့် ၎င်းတို့၏ စမတ်ဖုန်းများတွင် Self-Diagnosis Mobile App ကို အင်စတော လုပ်ရန်လည်း လိုအပ်ပြီး ၁၄ ရက်အတွင်း ၎င်းတို့၏ နေ့စဉ်ကျန်းမာရေး အခြေအနေကို တင်သွင်းအစီရင်ခံ နေရမည်ဖြစ်သည်။ နှစ်ရက်ဆက်တိုက်ထက် ကျော်လွန်လျက် COVID-19 ၏ အစောပိုင်း လက္ခဏာရပ်များကို ပြသပါက ကိုရီးယားရောဂါ ထိန်းချုပ်ရေးဌာနနှင့် ဒေသဆိုင်ရာ အာဏာပိုင်များက လိုအပ်သော ဆောင်ရွက်မှုများကို ပြုလုပ်မည်ဖြစ်သည်။ ကျန်းမာရေး အခြေအနေကို တင်သွင်းအစီရင်ခံရန် ပျက်ကွက်သူသည် ၎င်းတို့ရှိနေရာ နေရာနှင့် ကျန်းမာရေး အခြေအနေကို ဖော်ထုတ်ရန် ကျန်းမာရေး အာဏာပိုင်များ၏ ခြေရာခံလိုက်ခြင်းကို ခံရမည်ဖြစ်သည်။ မတ် ၁၁ ရက်မှစ၍ အဆိုပါ App မှတစ်ဆင့် ခရီးသွားအားလုံးကို ထိန်းချုပ်စောင့်ကြည့်ခဲ့ရာ လူပေါင်း ၉၈၅ ဦးကို ၎င်းတို့ တင်သွင်းအစီရင်ခံသည့် ကျန်းမာရေး အခြေအနေအပေါ် အခြေခံလျက် ကျန်းမာရေး အာဏာပိုင်များက လိုက်လံစစ်ဆေးခဲ့သည်။ ယင်းတို့အနက် ၁၅၅ ဦးကို COVID-19 အတွက် စစ်ဆေးခဲ့ရာ အားလုံးသည် နဂ္ဂတစ်ဖြစ်ကြောင်း သိရသည်။
(၄) ပြည်ပနိုင်ငံများသို့ ပြည်တွင်းမှ နေ၍ ရောဂါပိုးပျံ့နှံ့မှု မရှိစေရန် ကာကွယ်ခြင်း
သက်ဆိုင်ရာ ပြည်တွင်းဥပဒေ (ရောဂါခြေချုပ် အက်ဥပဒေအပိုဒ် - ၂၄) နှင့်အညီ ကိုရီးယားအစိုးရသည် COVID-19 ရောဂါလက္ခဏာရပ်များ ရှိခြင်း/မရှိခြင်းနှင့် မသက်ဆိုင်ဘဲ COVID-19 ရောဂါပိုး တွေ့ရှိရသူများနှင့် ထိတွေ့ဆက်ဆံခဲ့သူများဟု သတ်မှတ်ခံရသူများကို မိမိဘာသာ ရောဂါခြေချုပ်ချထားမှု ခံယူနေရစဉ် ၁၄ ရက်အတွင်း ကိုရီးယားမှ ထွက်ခွာသွားခြင်းကို တားမြစ်ထားသည်။
ထိတွေ့ခဲ့သူ တစ်ဦးစီကို အစိုးရအရာရှိ တစ်ဦးစီ တာဝန်ပေးထားပြီး ယင်းအရာရှိများက ထိတွေ့ခဲ့သူများထံသို့ တစ်ရက်နှစ်ကြိမ် ဆက်သွယ်ကာ ၎င်းတို့၏ ခြေချုပ်ကာလအတွင်း မည်သည့်နေရာ၌ ရှိသနည်းဟူသည်နှင့် ရောဂါလက္ခဏာများအကြောင်း မေးမြန်းစုံစမ်းစစ်ဆေးမှု ပြုလုပ်သည်။
မတ် ၁၂ ရက်အထိ အတည်ပြုပြီးသား ရောဂါပိုးကူးစက်ခံရသူများနှင့် ထိတွေ့မှုရှိခဲ့သည်ဟု သတ်မှတ်ခံရသော ကိုရီးယားနိုင်ငံသား စုစုပေါင်း ၂၂,၀၀၀ ကျော်ကို ကိုရီးယားနိုင်ငံမှ ထွက်ခွာခွင့် ပိတ်ပင်ထားခဲ့သည်။
COVID-19 ကင်းစင်သော လေဆိပ်ဖြစ်လာရန် ကတိပြုထားချက်နှင့်အညီ အင်ချွန်နိုင်ငံတကာ လေဆိပ်သည် ပြည်ပသို့ ထွက်ခွာမည့် ခရီးသည်များအပေါ် အဆင့်သုံးဆင့် ပါဝင်သည့် ခန္ဓာကိုယ်အပူချိန် တိုင်းတာရေး စီမံချက်ကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ခန္ဓာကိုယ်အပူချိန် စစ်ဆေးမှုကို (၁) ထွက်ခွာခန်းမသို့ ဝင်ရောက်ချိန် (၂) လုံခြုံရေး စစ်ဆေးရာနေရာသို့ မဝင်ရောက်မီ အချိန်တို့အပြင် (၃) လေယာဉ်ပေါ်သို့ တက်ရောက်သည့် ဂိတ်ဝ၌ပါ စစ်ဆေးသည်။ ခန္ဓာကိုယ် အပူချိန် ၃၇.၅ ဒီဂရီ စင်တီဂရိတ်နှင့် အထက် ရှိကြောင်း အတည်ပြုခံရပါက ခရီးသည်များ အနေဖြင့် နောက်ထပ် စစ်ဆေးမှုများကို ခံယူရန် အမျိုးသားရောဂါ ခြေချုပ်ရုံးသို့ အစောင့်အရှောက်များဖြင့် သွားရောက်ရမည်ဖြစ်ပြီး လေယာဉ်ပေါ်သို့ တက်ရောက်စီးနင်းခွင့် မရှိပေ။
၎င်းအပြင် အင်ချွန်နိုင်ငံတကာ လေဆိပ်သည် စစ်ဆေးရေးကောင်တာများနှင့် လုံခြုံရေးဆိုင်ရာရှာဖွေမှု ကိရိယာများကို တစ်နေ့သုံးကြိမ် အထူးပိုးသတ်မှုလုပ်ငန်း လုပ်ဆောင်ခြင်း အပါအဝင် ၎င်းအဆောက်အအုံနှင့် ပစ္စည်းများအားလုံးကို ပိုးသတ်ခြင်း လုပ်ငန်းများအား မြှင့်တင်ထားသည်။ ဓာတ်လှေကားများနှင့် စက်လှေကားများကဲ့သို့ ခရီးသည်များနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုများရှိသည့် နေရာများကိုလည်း အရက်ပြန်ဖြင့် တစ်နေ့လျှင် သုံးကြိမ်ပိုးသတ်မှုများ လုပ်ဆောင်သည်။
(၅) အနည်းဆုံး စွက်ဖက်မှုဖြင့် ပွင့်လင်းမြင်သာသော တုံ့ပြန်မှု
ကိုရီးယားအစိုးရသည် WHO ၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်ကာလအတွင်း လူများနှင့် ကုန်စည်များ ရွှေ့ပြောင်းမှုကို အရေးပါစွာ ဝင်ရောက်စွက်ဖက်သည့် နိုင်ငံတကာ ခရီးသွားလာမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်။ ယင်းတွင် ပြည်သူ့ကျန်းမာရေး အန္တရာယ်နှင့် အချိုးညီစွာ ဆောင်ရွက်ခြင်း၊ ကြာချိန်ကို လျှော့ချခြင်းနှင့် ဖြစ်ပေါ်ပြောင်းလဲလာသော အခြေအနေရပ်များနှင့် လျော်ညီအောင် ပုံမှန်ပြန်လည် စဉ်းစားသုံးသပ်ခြင်းတို့ လိုအပ်ကြောင်း ပါဝင်သည်။
ကိုရီးယားအစိုးရ၏ နိုင်ငံတကာ ခရီးသွားလာမှုဆိုင်ရာ အနည်းဆုံး စွက်ဖက်မှု၊ ပွင့်လင်းမြင်သာမှု သဘောတရား စည်းမျဉ်းများကို လိုက်နာခြင်းသည် နိုင်ငံအတွင်းသို့ ဝင်ရောက်မှုနှင့် နိုင်ငံပြည်ပသို့ ထွက်ခွာမှု နှစ်ရပ်စလုံး၌ မူဝါဒများကို အဆက်မပြတ် ကျင့်သုံးသည်။
ကိုရီးယားအစိုးရသည် ပြည်တွင်းရော၊ ပြည်ပနှင့်ပါ အချက်အလက်များ ဖလှယ်ခြင်းကို လျင်မြန်ပြီး ပွင့်လင်းမြင်သာမှုရှိသည့် ပုံစံဖြင့် အပြည့်အဝ လိုက်နာဆောင်ရွက် သည်။ ပြည်တွင်း ဥပဒေ (ပိုးမွှား ကြောင့် ဖြစ်ပွားသော ရောဂါများ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ အက်ဥပဒေ) က ရောဂါဖြစ်ပွား ကူးစက်မှုများနှင့် ရောဂါပိုး ထိန်းချုပ်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့် တုံ့ပြန်မှုများ နောက်ဆုံး အနေအထားများအား ပြည်သူများ သိပိုင်ခွင့်ကို အာမခံပေးထားသည်။ ပထမဆုံးနေ့မှစ၍ သတင်းရှင်းလင်းမှုများကို တစ်နေ့နှစ်ကြိမ် ဆောင်ရွက်သည်။ နံနက်ပိုင်းတွင် ဘေးဒုက္ခများနှင့် ဘေးကင်းလုံခြုံမှု တန်ပြန်ရေးဆိုင်ရာဌာနရုံးချုပ်က ဆောင်ရွက်ပြီး မွန်းလွဲပိုင်းတွင် ဗဟိုရောဂါ ထိန်းချုပ်ရေးရုံးချုပ်က ဆောင်ရွက်သည်။ ယင်းသတင်း ရှင်းလင်းမှုများကို တစ်ပြိုင်နက် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုမှုနှင့်တကွ အင်တာနက်မှတစ်ဆင့် Live-stream ထုတ်လွှင့်သည်။ အတည်ပြုပြီး ရောဂါကူးစက်ခံရသူ အရေအတွက်နှင့် သံသယလူနာ အရေအတွက်၊ ရောဂါရှာဖွေ ဖော်ထုတ်ရန် စစ်ဆေးမှု ပြုလုပ်သည့် အရေအတွက်၊ ဒေသအလိုက် ပျံ့နှံ့မှုနှင့် ရောဂါကူးစက်ပျ့ံနှံ့မှုနှင့် ဆက်နွှယ်ချက်များ အပါအဝင် ကျယ်ပြန့်သော အတိုင်းအတာရှိသည့် အချက်အလက်များကို ခြံငုံမိစေရန် ရည်ရွယ်သော ပုံမှန်သတင်းထုတ်ပြန်မှုများကို အင်္ဂလိပ်ဘာသာဖြင့် နေ့စဉ်ထုတ်ပြန်သည်။
ယင်းကဲ့သို့ ပွင့်လင်းမြင်သာမှု ရှိခြင်းသည် ပြည်သူတို့၏ ယုံကြည်မှုနှင့် လူထုအာရုံစိုက် သတိပြုမှုတို့ မြင့်မားစွာ ရရှိရန် အချက်အချာကျသည်။ ယင်းတို့က လူထုအား မိမိတို့ဘာသာ စေတနာ့ဝန်ထမ်းအနေဖြင့် ရောဂါခြေချုပ်အဖြစ် နေထိုင်ရန်နှင့် COVID-19 ပျံ့နှံ့မှုကို ထိထိရောက်ရောက် နှေးကွေးသွားစေမည့် လူလူချင်း ခပ်ခွာခွာနေထိုင် ခြင်းကဲ့သို့သော အခြားရောဂါ ကာကွယ်ရေး နည်းလမ်းများ လုပ်ဆောင်ရန် တိုက်တွန်းအားပေးသည်။ COVID-19 ကို ကျော်လွှားနိုင်ရန် အားထုတ်မှုများ၌ လူထုထောက်ခံမှုနှင့် ပါဝင်မှုများကို တစ်နိုင်ငံလုံး အတိုင်းအထာဖြင့် အရပ်ဘက် တက်ကြွလှုပ်ရှားမှုအဖြစ် ဖော်ဆောင်ခဲ့သည်။ ဥပမာအနေဖြင့် လူနာ သို့မဟုတ် ရောဂါကူးစက်ခံရသူ တစ်ယောက်ရှိတိုင်း စေတနာ့ဝန်ထမ်း ခြောက်ဦးနှုန်း မိမိကိုယ်မိမိ ရောဂါခြေချုပ်ချထားခြင်း လှုပ်ရှားမှုကို ဒေဂူး/Gyeongsang ပြည်နယ်မြောက်ပိုင်းတွင် ဖော်ဆောင်ရာ၌ မရေမတွက် နိုင်လောက်အောင် များပြားသောလူများက စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ခဲ့ကြသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား