Top News

မီးဝစခန်းတိုက်ပွဲနှင့် ရပ်တန့်ရန်နည်းလမ်းမတွေ့သေးသော တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများ
24htopnews | October 31, 2024 7:12 PM CST

(၁)

မီးဝဗျူဟာစခန်းကို ရက်ပေါင်း ၄၀ ကျော်ကြာ ဝိုင်းဝန်းပိတ်ဆို့ထားသည့် AA အဖွဲ့ကို တပ်မတော်စစ်ကြောင်းများက ထိုးဖောက်တိုက်ခိုက်နိုင်ခဲ့သည့်အတွက် AA အဖွဲ့ အကျအဆုံးများစွာဖြင့် ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်ဟု မတ် ၁၉ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

AA အဖွဲ့သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်မှစ၍ တပ်မတော်စစ်ကြောင်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးစခန်းများအား အင်အားအလုံးအရင်းဖြင့် နှောင့်ယှက်တိုက်ခိုက်၍ 2020 Arakan Dream ကို ဖော်ဆောင်ခဲ့သည်ဟု မတ် ၁၉ ရက် တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုးသားသော ဒေသခံများအား စည်းရုံး၍လည်းကောင်း၊ အကြောက်တရားဖြင့် လွှမ်းမိုး၍လည်းကောင်း၊ ကျေးရွာများ၊ မြို့များနှင့် ပြည်သူလူထုအား အကာအကွယ်ရယူ၍လည်းကောင်း ဆောင်ရွက်ခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

သို့သော်လည်း တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ နှိမ်နင်းမှုစစ်ဆင်ရေးအား ထိရောက်စွာ ဆောင်ရွက်နိုင်မှုကြောင့် AA အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားနိုင်မှု၊ စစ်ဆင်နိုင်မှု တစ်စတစ်စလျော့နည်းလာသဖြင့် ၎င်းတို့ အခြေခံဝင်ရောက်လာခဲ့သည့် ပလက်ဝဒေသကို စိုးမိုးရန် ဆောင်ရွက်လာခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ပလက်ဝဒေသကို စိုးမိုးနိုင်ရန်အတွက် ရေလမ်း၊ ကုန်းလမ်း စသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား ဖြတ်တောက်၍ အစိုးရ၏ အုပ်ချုပ်ရေးယန္တရား၊ လုံခြုံရေးယန္တရားတို့ ပြိုလဲသွားစေရန် ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှစ၍ ထပ်မံလုပ်ဆောင်ခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ AA အဖွဲ့က ထိုသို့လုပ်ဆောင်ရာတွင် ပလက်ဝနှင့် ကျောက်တော် ကားလမ်းကြောင်းနှင့် ရေလမ်းကြောင်းကို စိုးမိုးထားသော နှုန်းဘူးစခန်းအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာအတွင်းက သာလွန်အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သည်။

ထို့ပြင် AA အဖွဲ့သည် ပလက်ဝဒေသ အနောက်မြောက်ဘက်ခြမ်း နယ်စပ်ဒေသအနီးရှိ (ပွိုင့်- ၉၆၉ စခန်း)၊ (ပွိုင့်- ၈၃၈ စခန်း)နှင့် (ပွိုင့်- ၈၈၆ စခန်း) တို့အား ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီအတွင်းက တိုက်ခိုက်ခဲ့သည်။

ဆက်လက်၍ ဘူးသီးတောင်- ရသေ့တောင်ဒေသအတွင်းရှိ ရက်ခုံတိုင်ကျေးရွာအနီးနှင့် ရေစိုးချောင်းကျေးရွာတစ်ဝိုက် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော စစ်ကြောင်းများအား ဖေဖော်ဝါရီ ၂ ရက်နှင့် ၁၀ ရက်တို့တွင် စုဖွဲ့တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သော်လည်း တပ်မတော်စစ်ကြောင်းများ၏ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုကြောင့် AA အဖွဲ့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ပလက်ဝနှင့် ဘူးသီးတောင်- ရသေ့တောင်ဒေသတို့တွင် AA အဖွဲ့ အကျအဆုံးများပြားခြင်း၊ နယ်မြေဒေသများအား ထိန်းချုပ်နိုင်မှုမရှိခြင်းအပေါ် ဒေသခံများ၏ ထောက်ခံမှု ကျဆင်းလာခြင်းနှင့် 2020 Arakan Dream မျှော်လင့်ချက်ကင်းမဲ့လာမှုများ ပေါ်ပေါက်လာခဲ့ပြီးနောက် AA အဖွဲ့အနေဖြင့် ဒေသတွင်း အချက်အချာကျသည့် မီးဝစခန်းကို ဖေဖော်ဝါရီ ၅ ရက်မှ စတင်ကာ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သည်။

မီးဝစခန်းသည် ပလက်ဝ- ကျောက်တော်လမ်းကြောင်းနှင့် မီးစာ- မတူပီ လမ်းကြောင်းဆုံရာနေရာတွင် တည်ရှိပြီး AA အနေဖြင့် ၎င်းတို့၏ အမာခံများ၊ အတင်း အဓမ္မစုဆောင်းထားသည့် လူသစ်များကိုပါ စုစည်း၍ သာလွန်အင်အားဖြင့် မီးဝစခန်းကို အကြိမ်ကြိမ် ဝိုင်းပတ်တိုက်ခိုက်ကာ ရေနှင့် ရိက္ခာဖြတ်တောက်ခြင်းများ ဆောင်ရွက်ခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

မီးဝစခန်းအား ရေ၊ ရိက္ခာ၊ ခဲယမ်းများ၊ စစ်ကူများ မလာနိုင်စေရန် AA အမာခံများသည် စခန်းပတ်လည်၌ ကျင်းများတူး၍ ထိန်းချုပ်ခြင်း၊ လမ်းကြောင်းများကို မိုင်းထောင် ပိတ်ဆို့ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့ကြောင့် ၎င်းဒေသရှိ တပ်မတော်စစ်ကြောင်းများထံသို့ လေကြောင်းဖြင့် ရိက္ခာပို့ဆောင်မှုအား တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ တိုက်ခိုက်ရေးလေယာဉ်များ အစောင့်လိုက်ပါစေ၍ ဆောင်ရွက်ခဲ့ရသည်။

ထိုသို့ လေကြောင်းအရန် ပစ်ကူတိုက်ခိုက်ရေး ရဟတ်ယာဉ်များလိုက်ပါ၍ လုံခြုံရေး ဆောင်ရွက်နေသည့်ကြားမှပင် AA အဖွဲ့က လေယာဉ်ပစ်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် တပ်မတော် ရဟတ်ယာဉ်များ ၁၀ ကြိမ်ခန့် ကျည်ထိမှန်ခဲ့သည်။

AA အဖွဲ့၏ ပိတ်ဆို့ခံနေရသည့် မီးဝစခန်းသို့ စစ်ကူများ အမြန်ဆုံးရောက်ရှိနိုင်ရေးအတွက် ရဟတ်ယာဉ်လုံခြုံရေးမရှိသော်လည်း စခန်းနှင့် အနီးဆုံး ရဟတ်ယာဉ်ဆင်းသက်နိုင်သည့် မီတာ ၃၀၀၀ ခန့်အကွာရှိ နေရာများသို့ လှုပ်ရှားစစ်ကူ စစ်ကြောင်းတစ်ခုအား ရဟတ်ယာဉ်များဖြင့် ဆင်းသက်စစ်ကူ ပေးနိုင်ရေးဆောင်ရွက်ခြင်းအား မတ် ၄ ရက်တွင် ဆောင်ရွက်ခဲ့သည်။

စစ်ကူစစ်ကြောင်းအနေဖြင့် စစ်ကူ အချိန်မီပေးနိုင်ရေးအတွက် စစ်ဗျူဟာအရေးကြီး နေရာများသို့ အဆင့်ဆင့် ခြေကုပ်ယူ ချီတက်ခဲ့ရာ မတ် ၅ ရက်မှ ၁၀ ရက်အထိ တပ်မတော်နှင့် AA တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

မြေအနေအထား ကောင်းမွန်မှုမရှိခြင်းနှင့် AA အဖွဲ့၏ ၀ိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်မှုများခံနေရသဖြင့် အထက်ဌာနမှ စစ်ကူစစ်ကြောင်းကို မြေအနေအထား ကောင်းမွန်ပြီး အသာစီးရမည့်နေရာသို့ ပြောင်းရွှေ့စေခဲ့သော်လည်း ယာယီခြေကုပ်နေရာသို့ ဖြန့်ခွဲချီတက်စဉ် AA အဖွဲ့က သာလွန်အင်အားဖြင့် ထပ်မံတိုက်ခိုက်လာခြင်းနှင့် ညအမှောင်ထုကြောင့် လူစုကွဲ၍ အရာရှိ၊ စစ်သည်အချို့ ဆက်သွယ်မှု ပြတ်တောက်ခဲ့သည်။

မတ် ၈ ရက်တွင် မီးဝစခန်းအား အမြန်ဆုံး စစ်ကူပေးနိုင်ရေး လှုပ်ရှားစစ်ကြောင်းတစ်ခုကို ရဟတ်ယာဉ်ဖြင့် ထပ်မံပို့ဆောင်ခဲ့ရာ ၎င်းစစ်ကူစစ်ကြောင်းကိုလည်း မီးဝစခန်းသိမ်းပိုက်ရန် ထပ်မံအင်အားဖြည့်တင်းထားသည့် AA အဖွဲ့က ၀ိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခြင်းခဲ့သည်။

AA အနေဖြင့် ယင်းစစ်ကြောင်းတစ်ခုလုံး အပြီးတိုင် ထပ်မံလူစုကွဲစေရေး အပြင်းအထန် ကြိုးပမ်းခဲ့သော်လည်း အဆိုပါစစ်ကြောင်းသည် ယာယီခြေကုပ်နေရာတစ်ခုအား အခိုင်အမာရရှိလျက် ခုခံနိုင်ခဲ့သည်။

အဆိုပါ အခြေအနေအတွင်း ကျောက်တော်- ပလက်ဝ ကားလမ်းမှတစ်ဆင့် စစ်ကူပေးနိုင်ရေးအတွက် မတ် ၅ ရက်တွင် ကျောက်တော်မြို့ လုံခြုံရေးဆောင်ရွက်နေသော စစ်ကြောင်းသုံးကြောင်းသည် မီးဝစခန်းအား စစ်ကူပေးရန် လာရောက်စဉ် တင်းမကျေးရွာအတွင်းနှင့်အနီးဝန်းကျင် နေရာများမှ AA အဖွဲ့နှင့် အမာခံများက ဖြတ်တောက် ပိတ်ဆို့တိုက်ခိုက်ခဲ့သဖြင့် စစ်ကြောင်းများ ရပ်တန့်နေခဲ့ရသည်။ ထို့ကြောင့် မင်းပြား-ကျောက်တော်ဒေသ၌  တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရာတွင် အပြင်စည်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းများအား မတ် ၁၁ ရက်တွင် မီးဝစခန်းသို့ မော်တော်ယာဉ်ဖြင့် စစ်ကူပေးနိုင်ရေး ချီတက်စေခဲ့သည်။

ထို့အတူ မင်းပြား- ရာမောင်တံတား အနီးလေ့ကျင့်ရန် စုဖွဲ့နေသည့် တပ်ရင်းများအား ထပ်ဖြည့်တပ်များအဖြစ် မီးဝစခန်းသို့ စစ်ကူပေးနိုင်ရေး ချီတက်စေခဲ့သည်။               

အဆိုပါ တပ်များ မင်းပြား- မြောက်ဦး -ကျောက်တော် လမ်းကြောင်းပေါ်ရှိ ပေါင်းတုတ်ကျေးရွာ၊ တိမ်ညိုကျေးရွာ၊ တောင်ဦးကျေးရွာနှင့် သာစည်ကျေးရွာများအနီးသို့ အရောက်တွင် AA အဖွဲ့က ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်း၊ မော်တော်ယာဉ်များ မသွားနိုင်စေရန် လက်လုပ်သုံးမြှောင့်သံချွန်များဖြင့် လမ်းအပြည့် ဖြန့်ခင်းထားခြင်းများ လုပ်ဆောင်ခဲ့သည်။

၎င်းစစ်ကူတပ်များသည် ကျောက်တော်- ပလက်ဝ ကားလမ်းတစ်လျှောက်ရှိ ကျေးရွာများအား အမှီပြု၍ အဆင့်ဆင့် ခံစစ်ဆင်ထားသော AA အဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။

မတ် ၁၁ ရက်တွင် တင်းမကျေးရွာ၊ မတ် ၁၃ ရက်တွင် ပြိုင်းတိုင်းကျေးရွာနှင့် အနီးတစ်ဝိုက်၊ မတ် ၁၄ ရက်တွင် မုန့်သန်းပြင်ကျေးရွာနှင့် အနီးတစ်ဝိုက်တို့အား တပ်မတော်စစ်ကြောင်းများက ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့သည်ဟု တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့နောက် ရဟတ်ယာဉ်များဖြင့် စစ်ကူဆောင်ရွက်ကာ ၀ိုင်းပတ်ပိတ်ဆို့ခံနေရသည့် စစ်ကူတပ်ရင်းအား လေးရက်အတွင်း မြေပြင်၌ တပ်ချင်းပေါင်းမိကာ AA အဖွဲ့အား တိုက်ထုတ်နိုင်ခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

AA အဖွဲ့နှင့် ၎င်းတို့၏ အမာခံများက အဆင့်ဆင့်သော ကျေးရွာများအတွင်း အခြေပြု၍ နှောင့်ယှက်တိုက်ခိုက်ခဲ့ရာ လမ်းကြောင်းတစ်လျှောက်တွင် တိုက်ပွဲပေါင်း အကြိမ် ၃၀ ခန့်ဖြစ်ပွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ထိုသို့တိုက်ခိုက်ရာတွင် AA အဖွဲ့အနေဖြင့် အရပ်ဝတ်များဝတ်၍ အရပ်သားများ အသွင်တိုက်ခိုက်ခြင်း၊ ကျေးရွာများတွင်နေရာယူ၍ ရွာသူရွာသားများအား တိမ်းရှောင်စေခြင်းမရှိဘဲ လူသားဒိုင်းအဖြစ် ရွာသူရွာသားများနှင့် ရောနှော၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကျေးရွာများတွင် မိုင်းထောင် ဖောက်ခွဲ၍ တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ၎င်းတို့၏ အမာခံများအား ၎င်းတို့နှင့်အတူ ပူးပေါင်းစေ၍ ဓား၊ လှံ၊ ၀ါးချွန်၊ လက်လုပ်ဗုံးများ ကိုင်ဆောင် အော်ဟစ်ငြာသံပေးကာ ရောနှောတိုက်ခိုက်စေခြင်းစသည့် ရိုးသားသော ဒေသခံများအပေါ် လူမဆန်စွာ ယုတ်မာရက်စက်သည့် နည်းလမ်းများဖြင့် ကြိုတင်စီစဉ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

တပ်မတော်က ကျေးရွာများသို့ အကြောင်းမဲ့ပစ်ခတ်သည်၊ သေဆုံးထိခိုက်ဒဏ်ရာရရှိသော AA အဖွဲ့ဝင်များနှင့် အမာခံများကိုလည်း အရပ်သားများ သေဆုံးထိခိုက်ဒဏ်ရာရသည်ဟူသော သတင်းမှားများ ထုတ်လွှင့်ခြင်းဖြင့် တပ်မတော်အပေါ် ပြည်သူလူထုနှင့် နိုင်ငံတကာက အထင်အမြင်လွဲမှားအောင် AA အဖွဲ့က ဖန်တီးနေသည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။    

အထက်ပါဖြစ်စဉ်များတွင် တပ်မတော် အရာရှိ၊ စစ်သည်အချို့ကျဆုံး၊ ဒဏ်ရာရရှိခဲ့ကာ AA အဖွဲ့ဝင်များနှင့် ၎င်းတို့၏ အမာခံများလည်း သေဆုံး၊ ဒဏ်ရာရရှိမှုများ ရှိခဲ့သည့်အပြင် ကျေးရွာအချို့ မီးလောင်ခြင်း၊ ရွာသူရွာသားများ ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရရှိခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ AA အဖွဲ့က မီးဝစခန်းအား စစ်ကူ၊ စစ်ကြောင်းများ မရောက်နိုင်အောင် အဆင့်ဆင့် ပိတ်ဆို့တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သော်လည်း တပ်မတော်စစ်ကြောင်းများ၏ ထိုးဖောက်တိုက်ခိုက်မှုများကြောင့် လူစုကွဲနေသည့် အရာရှိ၊ စစ်သည် ၁၃ ဦးအား ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ အရာရှိ၊ စစ်သည်အချို့ ပျောက်ဆုံးနေကာ ပြန်လည်ကယ်တင်နိုင်ရေး ဆောင်ရွက်နေကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

AA အဖွဲ့က ရက်ပေါင်း ၄၀ ကျော်ကြာ ၀ိုင်းပတ်ပိတ်ဆို့ထားသည့် မီးဝစခန်းသို့ မတ် ၁၈ ရက် နံနက်ပိုင်းတွင် ရိက္ခာ၊ ခဲယမ်းများနှင့် စစ်ကူများ ထိုးဖောက်ရောက်ရှိခဲ့ပြီး စခန်း ကုန်းပတ်လည်ရှိ AA အဖွဲ့နှင့် ၎င်းတို့၏ အမာခံများကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကာ ၎င်းတို့၏ ရည်မှန်းချက်ဖြစ်သည့် ပလက်ဝဒေသအား ဖြတ်တောက်ပိတ်ဆို့ရေး အစီအစဉ်ကို ရိုက်ချိုးနိုင်ခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် AA အဖွဲ့၏ ရခိုင်ပြည်နယ်အတွင်း ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေမှုကို ဟန့်တားထိန်းချုပ်ရန်နှင့် ပလက်ဝဒေသ နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရန် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဟု တပ်မတော်က ကြေညာခဲ့သည်။

တပ်မတော်က အဆိုပါသတင်းထုတ်ပြန်ချက် မထုတ်ပြန်မီရက်ပိုင်းတွင် AA အဖွဲ့က ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်မှု တစ်ရပ်ပြုလုပ်ခဲ့ပြီး ၎င်းတို့၏ သတင်းထုတ်ပြန်မှုတွင် ၎င်းတို့ ဖမ်းဆီးရမိထားသော တပ်မတော် အရာရှိ၊ စစ်သည်အချို့နှင့် လက်နက်၊ ခဲယမ်းအများအပြား ပါဝင်ခဲ့သည်။

မတ် ၁၀ ရက်နှင့် ၁၁ ရက်တွင် ကျောက်တော်မြို့နယ် မုန့်သန်းပြင်ရွာအနီးတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး အခြေစိုက် တပ်မ (၇၇) လက်အောက်ခံ ခမရ (၇) ၏ ယာယီတပ်ရင်းမှူးအပါအဝင် တပ်မတော် အရာရှိ၊ စစ်သည် စုစုပေါင်း ၃၆ ဦးကို AA အဖွဲ့က အရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တပ်မတော်က မတ် ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည့် မီးဝဗျူဟာနှင့်ပတ်သက်၍ တပ်မတော်၏ သတင်းထုတ်ပြန်ချက်နှင့် ကွဲလွဲနေသည့် အခြေအနေတစ်ရပ်ကိုလည်း AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတင်းမီဒီယာအချို့သို့ ထုတ်ဖော်ပြောဆိုခဲ့သည်။

AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ဖော်ပြောဆိုမှုများအရ မီးဝစခန်းသို့ တပ်မတော်စစ်ကူများ မရောက်ရှိစေရန် ၎င်းတို့က ဖြတ်တောက်ပိတ်ဆို့ထားဆဲဖြစ်ပြီး အဆိုပါ စခန်း၏ အနီးဝန်းကျင်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

သို့သော်လည်း မီးဝစခန်းတွင် တိုက်ပွဲဝင်နေသော တပ်မတော်စစ်ကြောင်းများနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရမူ တပ်မတော်၏ လေကြောင်းထိုးစစ်ကြောင့် မီးဝဗျူဟာအား ဝိုင်းဝန်းပိတ်ဆို့ထားသည့် AA အဖွဲ့ဝင်များသည် မတ် ၁၇ ရက် ညပိုင်းမှပင် စတင်ကာ ကုလားတန်မြစ်ကြောင်းမှ စက်လှေများဖြင့် အသုတ်လိုက် ဆုတ်ခွာသွားခဲ့သည်။     

 

(၂)

မတ် ၁၄ ရက်မှ ၁၆ ရက်အတွင်း ပလက်ဝမြို့နယ်အတွင်းရှိ မိတ်စာဝ (၁)၊ မိတ်စာဝ (၂)၊ မိတ်စာဝ (၃)၊ ဝက်မရွာနှင့် ပြိုင်တိန်းကျေးရွာများသို့ တပ်မတော်၏ လေကြောင်း ပစ်ခတ်မှုကြောင့် ချင်းလူမျိုး ၂၁ ဦး သေဆုံးကာ ၂၈ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်ဟု ချင်းအရပ်ဘက်အဖွဲ့အစည်းများက မတ် ၁၆ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါကာလသည် တပ်မတော်နှင့် AA တို့ မီးဝစခန်းကုန်းတွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသော ကာလအတွင်းဖြစ်ပြီး မီးဝစခန်းသို့ စခန်းကုန်းပတ်ဝန်းကျင်ရှိ ကျေးရွာများမှ စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် တပ်မတော်က လေကြောင်းပစ်ကူ ရယူခဲ့ရကြောင်း တပ်မတော်စစ်ကြောင်းနှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။

ချင်းအရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သောရွာများ၌ AA အဖွဲ့များ ရှိမနေဘဲ အရပ်သားများသာ ရှိသည်ဟုဆိုသော်လည်း ၎င်းကမူ စခန်းကုန်း ပတ်ဝန်းကျင်ရှိရွာများမှ စခန်းကုန်းသို့  ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အပြစ်မဲ့အရပ်သားများကို အကာအကွယ်ပေးရန် တာဝန်ရှိသည့် တပ်မတော်အနေဖြင့် အရပ်သားများအား ပစ်ခတ်ခဲ့ခြင်း မရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အဆိုပါကာလအတွင်း ပြောကြားခဲ့သည်။

ဆန်တောင်းသည်ကို မပေးနိုင်သည့်အတွက် မတ် ၁၄ ရက်တွင် ပလက်ဝမြို့နယ်ရှိ ကေသကျေးရွာမှ ချင်းလူမျိုးသုံးဦးကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

မည်သည့်အကြောင်းကြောင့်ဖြစ်စေ လက်နက်ကိုင်အဖွဲ့အစည်းများ၏ အရပ်သားများအား ထိခိုက်စေသည့် ပစ်ခတ်မှုများ၊ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများ၊ စားနပ်ရိက္ခာ ပြတ်လပ်စေရန် ဆောင်ရွက်ခြင်းများနှင့် အဓမ္မဖမ်းဆီးခြင်းများ စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ကန့်ကွက်ရှုတ်ချကြောင်း ချင်းအရပ်ဘက်အဖွဲ့အစည်းများက ကြေညာသည်။

တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် ပလက်ဝဒေသတွင် ဒေသခံများအပေါ် ကြီးမားသော သက်ရောက်မှုများ ရှိခဲ့ပြီး အရပ်သား သေဆုံးဒဏ်ရာရရှိမှုများအပြင် စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်ခဲ့သည်။

ထို့ကြောင့် ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံအရပ်သားများအတွက် ဆန်အပါအဝင် စားနပ်ရိက္ခာ ပြတ်လပ်မှုမရှိစေရေး၊ အသက်အန္တရာယ်လုံခြုံရေး၊ နေရပ်စွန့်ခွာလာရသူများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ အချိန်နှင့်တစ်ပြေးညီရရှိရေးတို့ကို အစိုးရက ဆောင်ရွက်ပေးရန် ချင်းအရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုခဲ့ကြသည်။    

ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားနေသော တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများ ရပ်တန့်ပေးရန်နှင့် AA အနေဖြင့် ချင်းပြည်နယ်တွင် စစ်ရေးအရ အခြေချလှုပ်ရှားခြင်း မပြုရန် ချင်းအမျိုးသားတပ်ဦး (CNF) ကလည်း မတ် ၁၉ ရက်တွင် ကြေညာချက် ထုတ်ပြန်ကာ တောင်းဆိုသည်။

NCA စာချုပ် လက်မှတ်ရေးထိုးထားသော CNF ၏ သတ္တမအကြိမ်ညီလာခံကို မတ် ၁၆ ရက်မှ ၁၉ ရက်အထိ ၀ိတိုရိယဗဟို ဌာနချုပ်တွင်ပြုလုပ်ခဲ့ပြီး အဆိုပါညီလာခံက အထက်ပါအတိုင်း ကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုခဲ့ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် တပ်မတော်နှင့် AA အကြား ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခသည် ချင်းလူမျိုးများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများ ရှိနေခြင်းကြောင့် ချင်းအမျိုးသားများအတွက် အရေးပေါ်အခြေအနေ ရောက်နေပြီဟု မှတ်ယူကြောင်း CNF က ကြေညာသည်။

ထို့ပြင် AA အနေဖြင့် ချင်းပြည်နယ်နှင့် ချင်းလူမျိုးများ နေထိုင်ရာဒေသများတွင် စစ်ရေးအရ အခြေချလှုပ်ရှားနေထိုင်ခြင်းများ လုံးဝမပြုလုပ်ရန်ကိုလည်း CNF က အဆိုပါ ကြေညာချက်တွင် ထည့်သွင်းတောင်းဆိုခဲ့သည်။

CNF အနေဖြင့် AA အဖွဲ့အား ပလက်ဝမြို့နယ်တွင် အခြေချလှုပ်ရှားခြင်း မပြုရန် ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုခဲ့သော်လည်း အဆိုပါ တောင်းဆိုချက်အပေါ် လိုက်နာဆောင်ရွက်ရန်မရှိကြောင်း AA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတင်းမီဒီယာအချို့သို့ ဖြေကြားကာ တုံ့ပြန်ခဲ့သည်။

ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ချင်းလူမျိုးများ နေထိုင်ရာဒေသများတွင် တိုက်ပွဲများကြောင့် လူမှုဒုက္ခခံစားနေကြရသော ချင်းပြည်သူများအတွက် လိုအပ်သော ကူညီထောက်ပံ့မှုများနှင့် ပြန်လည်နေရာချထားနိုင်ရေးကို ချင်းပြည်နယ်အစိုးရ၊ ပြည်တွင်းပြည်ပရှိ ချင်းလူမှုအဖွဲ့အစည်းများနှင့်  ဘာသာရေးအသင်းအဖွဲ့များက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တာဝန်ယူဆောင်ရွက်ပေးကြရန်လည်း CNF က တိုက်တွန်းခဲ့သည်။

ချင်းပြည်နယ် အထူးသဖြင့် ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့်လည်းကောင်း၊ AA ၏ စစ်ရေးလှုပ်ရှားမှုများကြောင့်လည်းကောင်း ချင်းလူမျိုးများ အသက်ဆုံးရှုံးထိခိုက်နစ်နာမှုများ ရှိနေခဲ့သည်။

နှစ်ဖက်တိုက်ပွဲများကြောင့် အရပ်သားများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ ပေါ်တာဆွဲခံရခြင်း၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံရခြင်း၊ နေရပ်စွန့်ခွာရခြင်း၊ စားနပ်ရိက္ခာ ပြတ်တောက်ခြင်းနှင့် ယင်း၏အကျိုးဆက်အဖြစ် ကုန်စျေးနှုန်းများ အဆမတန် စျေးမြှင့်တက်ခြင်းတို့ကို ပလက်ဝဒေသခံများ ခံစားနေရခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခအတွင်း ချင်းလူမျိုးများအပေါ် ကျရောက်ခဲ့သော အထက်ပါလူ့အခွင့်အရေး ချိုးဖောက်မှုများမှာ ၂၀၂၀ ပြည့်နှစ်အထိ ရပ်တန့်နိုင်ခြင်းမရှိဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများကြောင့် တိမ်းရှောင်လာသူများကို တွေ့ရစဉ်

(၃)

ရခိုင်ပြည်နယ်အတွင်း AA ၏ အဖျက်အမှောက်လုပ်ရပ်များသည် ပိုမိုပြင်းထန်စွာ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး  တိုက်ပွဲများကြောင့် အရပ်သားများ ထိခိုက်သေကျေမှုများမှ ကာကွယ်တားဆီးရေးအတွက် လိုအပ်သည့် အစီအမံအားလုံး ဆောင်ရွက်မည်ဟု မတ် ၂၀ ရက်စွဲဖြင့် အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယခုသတင်းထုတ်ပြန်ချက်တွင် AA အဖွဲ့ကို သောင်းကျန်းသူအဖြစ် သုံးနှုန်းထားပြီး အစိုးရအနေဖြင့် AA အဖွဲ့အား သောင်းကျန်းသူအဖြစ် တရားဝင်ခေါ်ဝေါ်သုံးစွဲလာခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ပြင်းထန်းစွာဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း အရပ်သားများ သေဆုံးမှုများနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများရှိခဲ့ပြီးနောက် အစိုးရက ယခုကဲ့သို့ ကြေညာခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် AA ၏ အဖျက်အမှောင့် လုပ်ရပ်များ ပိုမိုပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည့်အတွက် တပ်မတော်နှင့် AA သောင်းကျန်းသူအဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားပြီး လူမှုအသိုက်အဝန်းပေါင်းစုံမှ ပြည်တွင်း နေရပ်စွန့်ခွာသူ အများအပြား ပေါ်ပေါက်စေခဲ့သည်ဟု ဖော်ပြခဲ့သည်။

အစိုးရအနေဖြင့် နေရပ်စွန့်ခွာသူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်လျက်ရှိပြီး လုံခြုံရေး အခြေအနေပေးမှုအပေါ်မူတည်၍ အခြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်များအား လူသားချင်းစာနာမှု အကူအညီများ သွားရောက်ပေးအပ်ခွင့်ကို ဆက်လက်ပေးအပ်ထားကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

သို့သော်လည်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ အစောပိုင်းမှစတင်၍ လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် လူသားချင်းစာနာမှုအကူအညီများ ဖြန့်ဝေရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်များမှ အကူအညီများ သွားရောက်ပေးအပ်နိုင်ရန် စီစဉ်ပေးရာတွင် စိန်ခေါ်မှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။

ထိုသို့ စိန်ခေါ်မှုများ ကြုံတွေ့ခဲ့ရသော်လည်း မကြာသေးမီက သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အစိုးရအနေဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွား ရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း အစိုးရ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများတွင် အကူအညီများ ပေးအပ်နေသည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အပါအဝင် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်များအား လုပ်ငန်းဆောင်ရွက်ခွင့်များ တိုးမြှင့်ပေးအပ်သွားရန်  ဆုံးဖြတ်ခဲ့ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။

ထိုသို့ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပိုမိုထိရောက်စွာ ပေးအပ်နိုင်ရေးအတွက် အသေးစိတ်အစီအစဉ်များကို ကုလသမဂ္ဂ၊ ICRC အဖွဲ့များနှင့် မကြာမီအတွင်း ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

 

(၄)

အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယခုကြေညာချက်သည် ပဋိပက္ခအတွင်း ထိခိုက်ခံစားနေရသည့် လူမှုအသိုက်အဝန်းများအတွက် စိတ်သက်သာရာရစေနိုင်သည့် အခြေအနေတစ်ရပ်ဟု ဆိုနိုင်သည်။

ယင်းကြေညာချက်၏ နောက်ဆက်တွဲအနေဖြင့် မည်မျှ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုသည်ကိုမူ ဆက်လက်စောင့်ကြည့်ရမည့် အနေအထားသာ ဖြစ်သည်။

တပ်မတော်နှင့် AA တို့၏ ပလက်ဝဒေသ စစ်ရေးပဋိပက္ခအကြားတွင် များပြားလှသော ဒေသခံများမှာ ထိခိုက်နစ်နာမှုများရှိခဲ့သော်လည်း ၎င်းတို့၏ လုံခြုံရေး၊ စားနပ်ရိက္ခာ၊ အသက်မွေးဝမ်းကျောင်းမှု၊ သွားလာရေးနှင့် ပြန်လည်ကုစားရေး စသည့် ကိစ္စရပ်များတွင် အဖွဲ့အစည်းအသီးသီးက လိုအပ်သည်ထက် အသံထွက်မှုနည်းပါးခဲ့သည်။

၂၀၁၉ ခုနှစ် တစ်နှစ်ပတ်လုံးနှင့် ၂၀၂၀ ပြည့်နှစ် နှစ်စတွင်ပင် တိုက်ပွဲများကြောင့် ပလက်ဝတွင် အရပ်သားများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ စားနပ်ရိက္ခာ ပြတ်လပ်မှု၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရမှုများ ရှိခဲ့သော်လည်း အာဏာရပါတီနှင့် ချင်းနိုင်ငံရေးပါတီများသည် ဒေသခံများအား အကာအကွယ်ပေးရန်အတွက် အသံကျယ်လောင်စွာ ထွက်ပေါ်ရန် ပျက်ကွက်ခဲ့သည်။

အာဏာရပါတီသည် ၎င်းတို့၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို AA အဖွဲ့က ဖမ်းဆီးသွားသည့်ဖြစ်စဉ်၊ ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်များတွင်သာ ကြေညာချက်ထုတ်ပြန်၍ ၎င်းတို့၏ စိုးရိမ်သောကအား ဖော်ပြခဲ့ သော်လည်း များပြားလှသော ဒေသခံများ၏ ထိခိုက်နစ်နာမှုများအပေါ်တွင် အနည်းငယ် လျစ်လျူရှုသကဲ့သို့ ဖြစ်ခဲ့သည်။ 

တပ်မတော်နှင့် AA တို့သည် ၂၀၁၉ ခုနှစ်၏ အစောပိုင်းနှစ်များက ရခိုင်ပြည်နယ်တွင် တိုက်ပွဲ အနည်းငယ်ဖြစ်ပွားခဲ့သော်လည်း ၂၀၁၉ ခုနှစ် နှစ်အစမှပင် စတင်ကာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ အဆိုပါ တိုက်ပွဲများမှာ ၂၀၂၀ ပြည့်နှစ်အထိပင် ရပ်တန့်နိုင်ခြင်း မရှိသေးပဲ ဆက်လက်ကူးစက်လာခဲ့သည်။

AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၏ သတင်းမီဒီယာများသို့ ထုတ်ဖော်ပြောဆိုထားမှုများအရ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ပလက်ဝဒေသတို့တွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများမှာ လက်ရှိအချိန်အထိ ရပ်တန့်နိုင်ရန် နည်းလမ်းမရှိသေးဘဲ ပိုမိုပြင်းထန်လာမည့် အနေအထားဖြစ်သည်။

“ လောလောဆယ်မှာတော့ တိုက်ပွဲ လျှော့ချဖို့ လမ်းမမြင်သေးဘူးလို့ပဲ ပြောရမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ AA ကလည်း ပလက်ဝနဲ့ ရခိုင်မြောက်ပိုင်းမှာ ခြေကုပ်ယူဖို့ အသည်းအသန် ကြိုးစားနေသလို တပ်မတော်ဘက်ကလည်း ဒါကိုပြန်ပြီးတော့ တုံ့ပြန်တဲ့ စစ်ဆင်ရေးတွေ ပြင်းပြင်းထန်ထန် လုပ်နေတယ်။ အခုနှစ်လလောက် အတွင်းမှာဆို တိုက်ပွဲတွေက ပိုပြီးတော့ ပြင်းထန်လာတယ်။ မီးဝတိုက်ပွဲတို့ ဘာတို့ဆိုရင် အတော်ပြင်းထန်ပြီးတော့ တပ်ဘက်ကလည်း ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး သဘောမျိုးနဲ့ တိုက်ခိုက်နေတာ တွေ့ရတာကိုး။ အဲဒီလိုအခြေအနေမျိုးမှာ တိုက်ပွဲလျှော့ချဖို့ဆိုတာ အတော်ခက်တယ်။ လောလောဆယ်မှာတော့ တိုက်ပွဲလျှော့ချနိုင်ခြေဟာ အတော်အလားအလာ နည်းတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောကြားသည်။

တပ်မတော်ကိုယ်စားလှယ်များ ပါဝင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် AA ပါဝင်သော မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့သည် ၂၀၁၉ ခုနှစ်တွင် Bilateral လက်မှတ်ရေးထိုးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ရလဒ်ကောင်းများ ရရှိခဲ့ခြင်း မရှိပေ။

ယခုနှစ်တွင် သုံးလတာကာလ ကုန်ဆုံးရန် နီးကပ်နေသော်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တရုတ်အစိုးရဘက်က အားလပ်မှု မရှိသေးသည့်အတွက် အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးမှာ ခက်ခဲနေဦးမည်ဟု ဦးမောင်မောင်စိုးက သုံးသပ်သည်။

ထိုသို့သော အနေအထားမျိုးရှိသည့်အတွက် လတ်တလောတွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများလျှော့ချရေးမှာ အခွင့်အလမ်း နည်းနေဆဲသာဖြစ်ကြောင်း ဦးမောင်မောင်စိုးက သုံးသပ်သည်။

“ လောလောဆယ်က စစ်ပန်းတာကြောင့် ရပ်ဖို့အလားအလာ အတော်နည်းသေးတယ်ဗျ။ မီးကုန်ယမ်းကုန် တိုက်ကြဦးမှာပဲ။ကျွန်တော် ထင်တယ်။ မေ၊ ဇွန်ဆိုရင်တော့ မိုးဦးကျမှာပေါ့။ မိုးဦးကျလို့ မိုးတွင်းမို့လို့ ရခိုင်ဆိုရင် မိုးရာသီဆို မိုးလည်းကြီးတယ်။ မုန်တိုင်းလည်း ဝင်တတ်တယ်ဆိုတဲ့ အနေအထားမျိုးမှာတော့ ဒီတိုက်ပွဲလျော့ကျသွားနိုင်ပါတယ်။ လောလောဆယ်မှာ ရာသီဥတုကြောင့် လျော့ကျသွားတာကလွဲလို့ လူတွေကြောင့်တော့ လျော့ကျဖို့ အလားအလာ မရှိသေးဘူး” ဟု ဦးမောင်မောင်စိုးက သုံးသပ်ပြောကြားသည်။

Rakhine Ethnics Congress က ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၉ ရက်အထိ ကောက်ယူရရှိထားသော စာရင်းဇယားများအရ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် ဦးရေ ၁၂၈၀၀၀ ကျော် ရှိနေပြီး လူအများအပြားလည်း သေဆုံး ဒဏ်ရာရရှိခဲ့သည်။

ပလက်ဝဒေသတွင်လည်း မတ်လအတွင်း၌ပင် တိုက်ပွဲကြောင့် လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်း ၂၀၀၀ ကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားလည်း ရှိခဲ့သည်။

ပလက်ဝဒေသတွင် ၂၀၁၉ ခုနှစ်အတွင်းက ဒေသခံအများအပြား ပျောက်ဆုံးခဲ့ပြီး ၎င်းတို့ကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း အရပ်ဘက် အဖွဲ့အစည်းများကပြောဆိုခဲ့ကြပြီး ထိုသို့ဖမ်းဆီးခံရသူများအနက် အချို့မှာ ပြန်လည်လွတ်မြောက်လာသော်လည်း အချို့မှာ ယနေ့တိုင် ပျောက်ဆုံးနေဆဲဖြစ်သည်။

ထိုသို့ ပျောက်ဆုံးနေသူများနှင့်ပတ်သက်၍မူ AA အဖွဲ့က ၎င်းတို့နှင့်သက်ဆိုင်ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။   

ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ပလက်ဝဒေသတို့တွင် တိုက်ပွဲများ ရပ်တန့်ရန် နည်းလမ်းမရှိသေးသည့်အတွက် တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာဖွယ် ရှိနေပြီး ယင်းအခြေအနေကြောင့် ဒေသခံများအနေဖြင့် အမျိုးမျိုး အဖုံဖုံသော ဆင်းရဲဒုက္ခမျိုးစုံနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ခံစားနေရဦးမည်သာ ဖြစ်သည်။

 


READ NEXT
Cancel OK