Top News

စီးပွားရေးထိခိုက်မှုအများဆုံး လုပ်ငန်းသုံးမျိုးနှင့် ကျပ်ဘီလျံ ၁၀၀
24htopnews | October 31, 2024 7:12 PM CST

(၁)

ယိုင်နဲ့နဲ့ မြန်မာ့စီးပွားရေးနှင့် ရုန်းကန်နေရသည့် မြန်မာလုပ်ငန်းရှင်များသည် လက်ရှိအချိန်တွင် COVID-19 ဂယက်ကို ထပ်မံခံစား နေရပြန်သည်။

ကမ္ဘာ့နိုင်ငံ အတော်များများသို့ လတ်တလော ကူးစက်ပျံ့နှံ့နေသည့် COVID-19 ကြောင့် မြန်မာနိုင်ငံ တွင် ဖြစ်ပေါ်လာနိုင်သည့် ပြည်တွင်း စီးပွားရေးသက်ရောက်မှုများ ဖြေ ရှင်းနိုင်ရန်အတွက် ဝန်ကြီးဌာနများ နှင့်အသင်းအဖွဲ့များ ပူးပေါင်း၍ တုံ့ပြန်ဆောင်ရွက်မည့် အစီအစဉ် များရေးဆွဲရန် ကော်မတီတစ်ရပ် ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာအမှတ်- ၄၆/၂၀၂၀ အဖြစ် မတ် ၁၃  ရက်က ထုတ်ပြန်လိုက်သည်။

အဆိုပါ ကော်မတီအနေဖြင့် လုပ်ငန်းတာဝန်ခြောက်ခုကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။        

အဆိုပါ ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ ကမ္ဘာ့နိုင်ငံ အများအပြားတွင် လတ်တလော ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းများ ကျဆင်းနေမှုအပေါ် အရေးပေါ်စီမံ ဆောင်ရွက်မည့် နည်းလမ်းများ၊ ကာလတို၊ ကာလရှည်ဆောင်ရွက်မည့် နည်းလမ်းများကို သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ တုံ့ပြန်ဆောင်ရွက်မည့် အစီအစဉ်များ ရေးဆွဲနိုင်ရန် ဖြစ်သည်။

ထို့ပြင် စက်ရုံများရပ်ဆိုင်း၍ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်စဉ် ကာလအတွင်း အခြားအလုပ်အကိုင် အသစ်များ ဖော်ဆောင်ပေးခြင်း၊ အလုပ်သမားများအတွက် အကျိုးရှိမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာသင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးရန်ဖြစ်သည်။

COVID-19 ကဲ့သို့ဖြစ်စဉ်များမှာ အနာဂတ်တွင်လည်း ထပ်မံပေါ်ပေါက်လာနိုင်ရာ CMP လုပ်ငန်းများအနေဖြင့် ကုန်ကြမ်းပစ္စည်းများ ရရှိရေးကို တရုတ်နိုင်ငံ တစ်ခုတည်းကိုသာ အမှီပြုနေရခြင်းအစား အခြားနိုင်ငံများမှ ကုန်ကြမ်းပစ္စည်းများ ဖြန့်ခွဲရယူနိုင်ရေး ပြင်ဆင်ဆောင်ရွက်ရန် ဖြစ်သည်။

ကာလရှည်မျှော်မှန်းမှု အနေဖြင့် မိမိနိုင်ငံအတွင်း Weaving၊ Knitting၊ Dying and Sewing Industry များ ထူထောင်၍ Supply Chain တစ်ခုလုံး မိမိနိုင်ငံတွင် ထုတ်နိုင်ရေးအစိုးရနှင့် ပုဂ္ဂလိကကတို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် မတ် ၁၈ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပသည့် Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၀) ၏ဆုံးဖြတ်ချက်အရ COVID-19 ကြောင့် လတ်တလော စီးပွားရေးထိခိုက်မှု အများဆုံး ခံစားရသည့်လုပ်ငန်း ကဏ္ဍများအဖြစ် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများနှင့် အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများကို ဦးစားပေး ကုစားရမည့် ကဏ္ဍအဖြစ် သတ်မှတ်လိုက်သည်။

“COVID-19 နဲ့ပတ်သက်လို့ ဒီရောဂါက မြန်မာပြည်မှာ လက်ရှိအချိန်အထိ ကူးစက်တဲ့သူ မတွေ့သေးပေမဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေးကိုတော့ တော်တော်သက် ရောက်မှုရှိနေပြီ။ ဒီအနေအထားမှာ သက်ရောက်မှု အများဆုံးရှိတဲ့ Industry တွေကို နိုင်ငံတော်အစိုးရ အနေနဲ့ ဘယ်လိုမျိုး ပံ့ပိုးပေးမလဲဆိုတဲ့ဥစ္စာကို ကျွန်တော်တို့ စဉ်းစားပြီး ဘီလျံ ၁၀၀ ပံ့ပိုးမယ်ဆိုတဲ့ အစီအစဉ် ပေါ်ပေါက်လာတာပါ” ဟု ကုန်သည်စက်မှု အသင်းချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းက ပြောကြားသည်။

(၂)

ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော် လှည့်ပတ်ရန်ပုံငွေ (Revolving Fund) မှ ကျပ်ဘီလျံ ၅၀ နှင့် လူမှုဖူလုံရေး ရန်ပုံငွေမှ ကျပ်ဘီလျံ ၅၀ စုစုပေါင်း ကျပ်ဘီလျံ ၁၀၀ ကို ကနဦး မတည်ငွေအဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် COVID-19 Fund ထူထောင်သွားမည်ဖြစ်သည်။

COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုအများဆုံး ခံစားရသည့် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ (SME) ကို အတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် ကနဦး မတည်ရန်ပုံငွေ ကျပ်ဘီလျံ ၁၀၀ မှ ချေးငွေ ထုတ်ချေးမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။

“အဓိကအားဖြင့် ဘယ်ကဏ္ဍကို ထုတ်ချေးမလဲ ဆိုတာမှာ COVID-19 ကြောင့် ထိခိုက်မှုနစ်နာမှု ဖြစ်နေတဲ့ လုပ်ငန်းကဏ္ဍတွေကို အဓိက ထုတ်ချေးမယ်ဆိုတဲ့ မူဝါဒကို အားလုံးသဘောတူညီခဲ့တယ်။ လတ်တလောမှာ သိသာထင်ရှားစွာ ထိခိုက်မှု ဖြစ်နေတဲ့ CMP နဲ့ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍကိုတော့ အဓိက ထိခိုက်မှု အများဆုံး ကဏ္ဍနှစ်ရပ်အနေနဲ့ သတ်မှတ်ပါတယ်။ ပြီးရင် SME လုပ်ငန်းတွေက COVID-19 ကြောင့် အနည်းနဲ့ အများ ဆိုသလို စတင်သက်ရောက်နေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ SME ဆိုတာ ပြောရရင် အများကြီး ကျယ်ပြန့်ပါတယ်။ ဒီအပေါ်မှာမှ ဘယ် Industry က ဘယ်လုပ်ငန်းကဏ္ဍတွေက ဘယ်လောက်အထိ ထိခိုက်မှုရှိနေလဲဆိုတာ ကျွန်တော်တို့တွေ အချက်အလက်တွေ ရယူနေပါတယ်။ ပြီးသွားရင် ဘယ် Industry ကတော့ ထိခိုက်မှုများတယ်ဆိုတာ ဆက်လက် တင်ပြသွားမှာပါ” ဟု ကုန်သည်စက်မှု အသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်းက ပြောကြားသည်။

အဆိုပါ ရန်ပုံငွေဖြင့် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံး ခံစားရသည့် မြန်မာနိုင်ငံသားပိုင် CMP လုပ်ငန်းများ၊ ဟိုတယ်နှင် ့ခရီးသွားလာရေး လုပ်ငန်းများနှင့် အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများကို အတိုးနှုန်း တစ်ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ထုတ်ချေးသွားမည်ဖြစ်ပြီး စီးပွားရေး ထိခိုက်မှုအပေါ် မူတည်၍ အတိုးနှုန်းနှင့် ချေးငွေကာလကို လိုအပ်သလို ပြန်လည်သုံးသပ်သွားမည် ဖြစ်သည်။

ပြည်တွင်းအသေးစား၊ အငယ်စားနှင့် စီးပွားရေး လုပ်ငန်းများအပေါ် COVID-19 ဖြစ်စဉ် သက်ရောက်မှု ကြီးမားလာပါက အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များပေးရေး နိုင်ငံတော်သမ္မတရုံးသို့ သုံးသပ်တင်ပြရန်နှင့် လိုအပ်ပါက ပြည်တွင်းစီးပွားရေး လုပ်ငန်းများအတွက် သက်သာသည့် အတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ပေးနိုင်ရေး နိုင်ငံတော်သမ္မတရုံးသို့ သုံးသပ်တင်ပြရန်မှာ COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးကော်မတီ၏ တာဝန်များတွင် ပါဝင်သည်။

ထိခိုက်မှုအများဆုံး ခံစားရသည့် လုပ်ငန်းသုံးမျိုးအပေါ် ကျပ်ဘီလျံ ၁၀၀ ထုတ်ချေးမည်ဆိုခြင်းကို ကြိုဆိုကြောင်း၊ ပြည်တွင်း၌ အဆိုပါ လုပ်ငန်းသုံးမျိုးအပြင် အခြားကဏ္ဍများတွင်လည်း ကွင်းဆက်အနေဖြင့် သက်ရောက်မှုများ ရှိနေကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

“ဘာပဲဖြစ်ဖြစ် မရှိတာထက်စာရင်တော့ ကောင်းတာပေါ့။ နည်းတာများတာတော့ ပြောလို့မရဘူးပေါ့။ လုပ်ငန်းတွေကတော့ အများကြီး ရှိပေမဲ့ ဒါကတော့ အရေးကြီးတဲ့ဟာလို့ ပြောလို့ရတာပေါ့။ ဘာပဲပြောပြော လုပ်ပေးတာတော့ ကျေးဇူးတင်တာပေါ့။ ဒီထက်ပိုပြီးတော့ ထည့်သင့်တာပေါ့။ ဘီလျံ ၁၀၀ ဆိုတာ ဒေါ်လာနဲ့တွက်ရင် ဘာမှမရှိဘူး။ ဒေါ်လာသန်း ၇၀ လောက်ပဲရှိတယ်။ သူက ချေးငွေဖြစ်နေတာ။ တခြားနိုင်ငံတွေမှာက ချေးငွေမဟုတ်ဘူး။ ထောက်ပံ့ပေးတာရှိတယ်” ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဆိုသည်။

COVID-19 ကြောင့် စီးပွားရေး ထိခိုက်မှုအများဆုံး ခံစားရသည့် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများနှင့် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများကို ချေးငွေထုတ်ချေးသည့်နည်းတူ အဆိုပါ လုပ်ငန်းများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သုံးလတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်နှင့် လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်တို့နှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက်တွင် ကုန်ဆုံးမည့် ဒုတိယ သုံးလပတ်အတွက် လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် ဇွန် ၃၀ ရက်တွင် ကုန်ဆုံးမည့် တတိယ သုံးလပတ်အတွက် လည်းကောင်း သုံးလတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်များကို စက်တင်ဘာ ၃၀ ရက်အထိ ပေးဆောင်နိုင်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မတ် ၃၁ ရက်တွင် ကုန်ဆုံးမည့် လအတွက်မှစတင်၍ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၃၁ ရက်တွင် ကုန်ဆုံးမည့်လအတွက်အထိ လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်များကို စက်တင်ဘာ ၃၀ ရက်အထိ ပေးဆောင်နိုင်သည်ဟု သိရသည်။

ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပို့ကုန်လုပ်ငန်းများမှ ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်ကုန်အထိ ကင်းလွတ်ခွင့် ပေးမည်ဖြစ်သည်။

အဆိုပါ အခွန်နှင့် ပတ်သက်သည့် ဖြေလျှော့ပေးမှုများသည် အခွန်ပေးဆောင်ရမည့် ကာလကို နောက်ဆုတ်ပေးလိုက်သည့် သဘောသာဖြစ်ပြီး အခွန်သက်သာခွင့်ပေးခြင်းမျိုး မဟုတ်ကြောင်း လုပ်ငန်းရှင် အချို့က ထောက်ပြကြသည်။

“အခု ဘီလျံ ၁၀၀ က ပေးတာ မဟုတ်ဘူး။ ချေးတာ။ အခုချပေးတဲ့ အတိုးနှုန်းကလည်း သက်သာပေမဲ့ အတိုးမပေးရရင် ပိုကောင်းတာပေါ့။ ဒါပေမဲ့ အတိုးနှုန်းကတော့ တဖြည်းဖြည်း ချပေးသွားမယ်ပြောတယ်။ သုည ဒသမ ၅ ကနေ နောက်ပိုင်းမှာ ဆက်သွားမယ်ပေါ့။ အတိုးနှုန်းက နှစ်ရာခိုင်နှုန်းလောက်အထိ ချပေးရင်တော့ ပိုကောင်းတာပေါ့” ဟု ဒေါက်တာစိုးထွန်းက သုံးသပ်ပြောကြားသည်။

နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် ထိရောက်မြန်ဆန်စွာ အကျိုးသက်ရောက်မှု ရရှိနိုင်စေရန် ဗဟိုဘဏ် အတိုးနှုန်း၊ အပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် ကောက်ခံနိုင်သည့် အတိုးနှုန်းများ ပြင်ဆင်သတ်မှတ်ခြင်းကို ဧပြီ  ၁ ရက်အစား မတ် ၁၆ ရက်တွင်စတင်ရန် ပြင်ဆင်သတ်မှတ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိပေး ကြေညာထားသည်။

ဖေဖော်ဝါရီ ၁ရက် ညပိုင်းက မူဆယ်မြို့သို့ ရောက်ရှိလာသည့် နေရပ်ပြန်သူများအား မြန်မာ-တရုတ်နယ်စပ် ဝင်ထွက်ဂိတ် အနီးတွင် တွေ့ရစဉ် (ဓာတ်ပုံ - U Thaung Tun)

မြန်မာနိုင်ငံတော်ဗဟိုဘဏ် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၄၁ (စျ) အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အတိုးနှုန်း (Bank Rate) ကို တစ်နှစ်လျှင် ၁၀ ရာ ခိုင်နှုန်းမှ ၉ ဒသမ ၅ ရာခိုင်နှုန်းသို့ ပြောင်းလဲပြင်ဆင် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ဘဏ်များ၏ အပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် တောင်းခံနိုင်သည့် အတိုးနှုန်းများမှာ ငွေစာရင်းအပ်ငွေ၊ ငွေစုလက်မှတ်နှင့် အချိန်စေ့မှ ပေးရမည့် အပ်ငွေတို့အပေါ်တွင် ပေးရမည့် အနည်းဆုံး အတိုးနှုန်းကို ဗဟိုဘဏ် အတိုးနှုန်းအောက် နှစ်ရာခိုင်နှုန်း (၉ ဒသမ ၅ ရာခိုင်နှုန်း-နှစ်ရာခိုင်နှုန်း = ၇ ဒသမ ၅ ရာခိုင်နှုန်း) ထက်မနည်းစေရဟု သတ်မှတ်ထားသည်။

အာမခံပစ္စည်းများဖြစ်သော မြေ၊ အဆောက်အအုံ၊ ရွှေ-ရွှေထည်ပစ္စည်း၊ စိန်နှင့် အဖိုးတန်ကျောက် မျက်ရတနာများ၊ ငွေစုလက်မှတ်၊ အစိုးရငွေတိုက်စာချုပ်၊ စာရင်းသေအပ်ငွေ (အချိန်ပိုင်းအပ်ငွေ)၊ အပေါင် ပြုလုပ်နိုင်သည့် ငွေချေးသက်သေခံ လက်မှတ်များနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ၊ လက်ရောက်အပေါင် (Pledge)၊ ချေးငွေအာမခံ (Credit Guarantee) ဖြင့် ထုတ်ချေးသည့် ချေးငွေများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အခါအားလျော်စွာ သတ်မှတ်သည့် အာမခံပစ္စည်းများ စသည်တို့ကို အခြေပြု၍ ထုတ်ချေးသည့်ချေးငွေများ အာမခံပစ္စည်းများရယူ၍ ထုတ်ချေးသည့်ချေးငွေများ အပေါ်တွင် တောင်းခံနိုင်သည့် အများဆုံး အတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းအထက် သုံးရာခိုင်နှုန်း (၉ ဒသမ ၅ ရာခိုင်နှုန်း+ သုံးရာခိုင်နှုန်း = ၁၂ ဒသမ ၅ ရာခိုင်နှုန်း) ထက်ကျော်လွန်၍ ကောက်ခံခြင်း မပြုရန် သတ်မှတ်ထားသည်။

ထို့ပြင် အထက်ပါ အာမခံပစ္စည်းများမှအပ အခြားအာမခံပစ္စည်း ရယူ၍ဖြစ်စေ၊ အာမခံပစ္စည်း ရယူခြင်း မပြုဘဲဖြစ်စေ၊ ထုတ်ချေးသည့် ချေးငွေများအပေါ်တွင် ကောက်ခံ နိုင်သည့် အများဆုံးအတိုးနှုန်းကို ဗဟိုဘဏ် အတိုးနှုန်းအထက် ခြောက်ရာခိုင်နှုန်း (၉ ဒသမ ၅ ရာခိုင်နှုန်း+ ခြောက်ရာခိုင်နှုန်း= ၁၅ ဒသမ ၅ ရာခိုင်နှုန်း) ထက်ကျော်လွန်၍ ကောက်ခံခြင်းမပြုရဟု သတ်မှတ်ထားသည်။

ဘဏ်များမှ ကောက်ခံနိုင်သည့် အများဆုံးအတိုးနှုန်းတွင် ကတိခံကြေး၊ စီမံခန့်ခွဲမှု စရိတ်စသည့် အခ ကြေးငွေများပါဝင်ပြီးဖြစ်ပြီး ဤညွှန်ကြားချက်သည် ၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်စ၍ အကျိုးသက်ရောက် စေရမည်ဟု နိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားထားသည်။

“နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိ သူတွေကလည်း ခေါင်းကြီးကြီးနဲ့ စဉ်းစားပြီး ဖြစ်သင့်တဲ့အချိန်ရောက် ပြီ၊ ကုစားရမယ့် အချိန်ရောက်ပြီဆိုပြီး ဒါကို ဖြေလျှော့ရုံတင်မကဘဲ နိုင်ငံ တော်က အတိုးနှုန်းကို ပုံမှန်ခုနစ် ကျပ်၊ ရှစ်ကျပ်ရှိတဲ့အနေအထားမှာ အနစ်နာခံပြီး တစ်ကျပ်နှုန်းနဲ့ စိုက်ထုတ်ချေးပေးလိုက်တာပေါ့။ အဲဒီလို နိုင်ငံတော်က စီစဉ်ပေးတဲ့ကိစ္စမှာ ကျွန်တော်တို့ဘက်က စနစ်တကျနဲ့ စီမံခန့်ခွဲမှုကတော့ အတော်လေးအ ရေးကြီးပါးတယ်” ဟု ဦးသက်လွင်တိုး၊ တတ်သိပညာရှင်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကော်မတီက နိုင်ငံပိုင် သတင်းစာများနှင့် တွေ့ဆုံဆွေးနွေးရာ၌ ပြောကြားထားသည်။

COVID-19 ကြောင့် ထိခိုက်မှုအများဆုံးဖြစ်သည့် လုပ်ငန်းသုံးမျိုးကို ကျပ်ဘီလျံ ၁၀၀ မှ ချေးငွေ ထုတ်ချေးမည်ဖြစ်ပြီး ချေးငွေမရသည့် လုပ်ငန်းများမှာမူ ဒုက္ခပို ရောက်နိုင်ကြောင်း၊ လက်ရှိချထားပေးသည့် အတိုးနှုန်းကိုလည်း ငါးရာခိုင်နှုန်းအထိ ချပေးသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ကိုနေလင်းဇင်က သုံးသပ်ပြောကြားခဲ့သည်။  

(၃)

လက်ရှိအချိန်တွင် နိုင်ငံတော်က ကူညီပံ့ပိုးမည့် ကျပ်ဘီလျံ ၁၀၀ နှင့်ပတ်သက်ပြီး အဓိက ထိခိုက်မှုဖြစ်နေသည့် ကဏ္ဍကြီးသုံးခုကို ဦးစားပေးပြီး ချေးငွေများ ချထားပေးရန် ဆောင်ရွက်နေပြီဖြစ်သည်။ မည်သည့်ပုံစံဖြင့် ချေးမည်ဆိုသည်ကို ဆွေးနွေးမှုများ ပြုလုပ်ထားကြပြီ ဖြစ်သည်။

“အဓိကက ဒီလုပ်ငန်းတွေကို ချေးငွေရရှိဖို့ဆိုရာမှာ အရင်တုန်းကလိုမျိုး အဖွဲ့အစည်းတစ်ခုက ထောက်ခံပေးရုံနဲ့ ဒီလူတွေကို ထုတ်ချေးလိုက်မယ်ဆိုတဲ့ ပုံစံမျိုးထက်စာရင် တကယ်ထိခိုက်တယ်လို့ သတ်မှတ်ထားတဲ့ လုပ်ငန်းတစ်ခုချင်းစီကို တစ်ခုချင်းစီအလိုက် Criteria တွေ သတ်မှတ်ပါမယ်။ အဲဒီသတ်မှတ်ပြီးတော့မှ အဲဒီသတ်မှတ်ချက်အပေါ် မူတည်ပြီး သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ လုပ်ငန်းတွေဆိုရင် ချေးသွားမယ်လို့ ဆွေးနွေးထားပါတယ်” ဟု ကုန်သည်စက်မှု အသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်းက ဆိုသည်။

ယင်းသတ်မှတ်ချက်များတွင်  အဓိကအားဖြင့် လုပ်ငန်းတစ်ခုတွင် အရေးကြီးဆုံးဖြစ်သည့် ဆက်လက် ရှင်သန်နိုင်မည့် လုပ်ငန်းမျိုးဖြစ်ရမည် ဖြစ်ကြောင်း၊ ဥပမာအားဖြင့် လက်ရှိအခင်းအကျင်းကြီး မဖြစ်ခင် ကတည်းက ကျဆုံးလုနီးနီး ဖြစ်နေသည့် လုပ်ငန်းမျိုးကို ချေးငွေထုတ်ချေးပါက ယင်းလုပ်ငန်းရှင်အတွက် အကြွေးထပ်တင်သွားနိုင်သည့် အခြေအနေဖြစ်ကြောင်း၊ ယင်းအခြေအနေမျိုးထက် ဆက်လက်ရှင်သန်နိုင်မည့် လုပ်ငန်းများကို ချေးငွေထုတ်ချေးလိုက်ခြင်းအားဖြင့် ယင်းလုပ်ငန်းများ၏ လုပ်သားထုသည်လည်း အလုပ်အကိုင် အခွင့်အလမ်း ဆက်လက်ရရှိနိုင်မည်ဖြစ်ရာ ဆက်လက်ရှင်သန်နိုင်မည့် လုပ်ငန်းများကို ချေးငွေထုတ်ချေးမည်ဟု သိရသည်။

ထို့ပြင် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မှုတွင် လုပ်ငန်းပမာဏကြီးသော်လည်း ဝန်ထမ်းအင်အား လေး၊ ငါးဦးခန့်ဖြင့် လည် ပတ်နေသည့်လုပ်ငန်းမျိုးထက် လုပ်ငန်းပမာဏ သေးသော်လည်း လုပ်သားအင်အား ၅၀၊ ၁၀၀ ခန့်အထိ ဖန်တီးပေးနိုင်သည့် လုပ်ငန်းများကို ဦးစားပေးသင့်ကြောင့်လည်း လုပ်ငန်းရှင်များက ဆိုသည်။

“နောက်ဆုံးတစ်ခုကတော့ ဒီလုပ်ငန်းက ရှေ့ဆက်အလားအလာ ဘယ်လိုရှိမလဲ။ COVID-19 အခင်းအကျင်း ပြီးသွားရင် ဆက်ပြီးတော့ ရှင်သန်နိုင်ဖို့ အလားအလာနည်းတဲ့ လုပ်ငန်းမျိုးပေါ့။ ဘာလို့လဲဆိုတော့ ခေတ်တစ်ခုက ပြောင်းသွားပြီ။ ပြောင်းသွားပြီဆိုတဲ့နေရာမှာ တချို့လုပ်ငန်းတွေက ဆက်ပြီးရှင်သန်ဖို့ မလွယ်ကူတော့ဘူး။ အဲလိုလုပ်ငန်းမျိုးဆိုရင် ထုတ်ချေးဖို့ တော်တော်လေး စဉ်းစားရပါမယ်။ အဲဒီတော့ ဆိုလိုတာက နံပါတ်တစ် ဘီလျံ ၁၀၀ သည် လတ်တလောကာလမှာ Cash Flow အခက်အခဲ ဖြစ်နေတယ်။ နောက်ပြီးတော့ ဝန်ထမ်းတွေ လုပ်သားတွေကို လစာပေးဖို့ လုံလောက်မှုမရှိဘူး၊ အခက်အခဲဖြစ်နေတယ် ဆိုတဲ့ဟာမျိုးကို ရည်ရွယ်ပြီး ပေးတာပါ။ အဓိကက Working Capita အတွက်ကို ပေးတာပါ။ တကယ်လို့ ဒီဂယက်က ဒီထက်ထပ်ပြီး ဆိုးလာမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ လက်ရှိထိခိုက်နေတဲ့ CMP တို့ ဟိုတယ်နှင့် ခရီးသာမက ကဏ္ဍတော်တော်များများကိုပါ အနည်းနဲ့အများ ဆိုသလို ရိုက်ခတ်လာတော့မှာ ဖြစ်ပါတယ်။ အထူးသဖြင့် အင်အားအနည်းဆုံးဖြစ်တဲ့ SME လုပ်ငန်းတွေက တော်တော်ကြီး ထိခိုက်လာမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်း လုပ်တယ်ဆိုတာ လုပ်ငန်းတစ်ခုနဲ့ တစ်ခုက အပြန်အလှန်မှီခိုပြီးမှ လုပ်တာဖြစ်တဲ့အတွက် SME လုပ်ငန်းတွေ ထိခိုက်လာပြီဆိုရင် အဲဒီ SME လုပ်ငန်းလေးတွေကို ကုန်ပစ္စည်းတွေ ပေးသွင်းနေတဲ့၊ SME လုပ်ငန်းတွေကနေ ကုန်ပစ္စည်းရယူနေတဲ့နောက်က Supply Chain တစ်လျှောက်မှာရှိတဲ့ လုပ်ငန်းကြီးတွေအကုန်လုံးက ထိခိုက်လာမှာ ဖြစ်ပါတယ်” ဟု ကုန်သည်စက်မှု အသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်းက သုံးသပ်ပြောကြားသည်။

COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် လုပ်ငန်းသုံးမျိုးတွင် ပါဝင်သည့် ခရီးသွား ကဏ္ဍသည် လူသားအရင်းအမြစ်များစွာ ပြုစုပျိုးထောင်ရသည့် ကဏ္ဍဖြစ်ကြောင်း၊ ၎င်းတို့ကို ကျွမ်းကျင်လုပ်သားအဖြစ် မွေးထုတ်နိုင်ရန် အချိန်တစ်ခုယူကာ ဆောင်ရွက်ရကြောင်း သိရသည်။

ယင်းသို့သော အခြေအနေတွင် ခရီးသွားကဏ္ဍတွင် လုပ်ကိုင်နေသည့် အလုပ်သမားများကို အလုပ်ဖြုတ်၍ မရကြောင်း၊ ၎င်းတို့၏ အလုပ်အကိုင် ပြောင်းလဲသွား၍ မရသဖြင့် ခရီးသွားကဏ္ဍတွင် လုပ်ကိုင်နေသူများကို  အတိုင်းအတာ တစ်ခုအထိ ရပ်တည်နိုင်မည့် လစာတစ်ခုဖြင့် ထိန်းထားပေးရန် လိုအပ်ကြောင်း ဦးသက်လွင်တိုး၊ တတ်သိပညာရှင်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ကော်မတီက နိုင်ငံပိုင်သတင်းစာများနှင့် တွေ့ဆုံမေးမြန်းရာ၌ ပြောကြားခဲ့သည်။

ထို့ပြင် ကျပ်ဘီလျံ ၁၀၀ မှ ချေးငွေရရှိမည့် အခြားလုပ်ငန်း တစ်ခုဖြစ်သည့် အသေးစား အလတ်စား စီးပွားရေး လုပ်ငန်း (SME) များသည် မြန်မာနိုင်ငံတွင် ၉၉ ရာခိုင်နှုန်းခန့် ရှိသည့်အတွက် လုပ်ငန်းများပြားသည့် ယင်းကဏ္ဍထိခိုက်သည် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ကြီးကျယ်သည့် ထိခိုက်မှု ဖြစ်သွားနိုင်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

“အဲဒီကနေတစ်ဆင့် ဝယ်ယူစားသုံးမှုတွေ ကျလာမယ်။ ပြီးရင် ဒီကနေ ကွင်းဆက်အားဖြင့် ကျန်တဲ့ Sector တွေအကုန်လုံးကို ထိခိုက်သွားမှာ ဖြစ်ပါတယ်။ အဲလိုအခြေအနေမှာ စီးပွားရေးတစ်ခုကို ပြန်လည်နိုးထဖို့ ပြန်လည် လည်ပတ်ဖို့ဆိုတာ တော်တော်ကြီးကို ရုန်းကန်ရတော့မယ့် အခြေအနေကို ရောက်သွားမှာပါ” ဟု ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းက သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများသည် ကျွမ်းကျင်လုပ်သား၊ ချေးငွေနှင့် မြေယာရရှိမှု၊ သယ်ယူပို့ဆောင်ရေး၊ စီးပွားရေး လုပ်ငန်းများ လုပ်သာကိုင်သာရှိစေရန် အားပေးသည့် မူဝါဒနှင့် ဥပဒေစိုးမိုးမှု စသည်တို့တွင် အားနည်းလျက် ရှိနေသောကြောင့် တာဝန်ယူမှု တာဝန်ခံမှုရှိသည့် စီးပွားရေး လုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်အောင်မြင်နိုင်ရန် ခက်ခဲလျက်ရှိကြောင်း ကမ္ဘာ့ဘဏ်၏ “မြန်မာ့စီးပွားရေး လေ့လာမှု အစီရင်ခံစာ အနှစ်ချုပ်” တွင် ဖော်ပြထားသည်။

နဂိုကတည်းကပင် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရသည့် မြန်မာစီးပွားရေး လုပ်ငန်းအပေါ် ကမ္ဘာ့နိုင်ငံ အများစုသို့  ကူးစက်ပျံ့နှံ့နေသည့် COVID-19 ဂယက်၏ သက်ရောက်မှုများ ခံစားနေရပြီဖြစ်သည်။

သို့သော် စီးပွားရေးထိခိုက်မှု အများဆုံး ခံစားရသည့် လုပ်ငန်းကဏ္ဍ သုံးမျိုးကို ဦးစားပေးကဏ္ဍအဖြစ် သတ်မှတ်ပြီး ချေးငွေများ ထုတ်ချေးရန် စီစဉ်ခဲ့သော်လည်း ယင်းကဏ္ဍသုံးမျိုးနှင့် ဆက်စပ်လျက်ရှိသည့် လုပ်ငန်းများ၏ သက်ရောက်နေမှုများကို မည်ကဲ့သို့ ဖြေရှင်းသွားမည်ကို ပြင်ဆင်ထားရတော့မည် ဖြစ်သည်။


READ NEXT
Cancel OK