Top News

အင်အားကြီးအစုအဖွဲ့ကြားက မြေစာပင်ဖြစ်ခဲ့ရသည့် ပုဒ်မ ၂၆၁ ပြင်ဆင်မှု 
24htopnews | October 31, 2024 7:12 PM CST

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ဒုတိယအကြိမ်ပြင်ဆင်ရန် ကြိုးပမ်းမှုဖြစ်သည့် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုများ ပြီးဆုံးခဲ့ပြီး ကိုးရက်တာပြုလုပ်သည့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်များတွင် ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်ရန် တင်ပြထားသည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၃၅ ခုအနက် ပုဒ်မ၊ ပုဒ်မခွဲလေးခုကိုသာ ပြင်ဆင်နိုင်ခဲ့သည်။

ဒုတိယကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကျောင်းကုန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း ဦးဆောင်တင်သွင်းသည့် ဥပဒေမူကြမ်း၊ မိတ္ထီလာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း ဦးဆောင်တင်သွင်းသည့် ဥပဒေမူကြမ်း၊ တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင် ဦးဆောင်တင်သွင်းသည့် ဥပဒေမူကြမ်း၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်စန်းချစ် ဦးဆောင်တင်သွင်းသည့် ဥပဒေမူကြမ်း ၊ ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၅)မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင် ဦးဆောင်တင်သွင်းသည့် ဥပဒေမူကြမ်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် ဦးဆောင်တင်သွင်းသည့် ဥပဒေမူကြမ်းနှစ်ခု စသည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများကို စုစည်း၍ ပုဒ်မ ၄၃၆ (က) နှင့် (ခ) အရ ပြုစုထားသော ဥပဒေမူကြမ်းများကို လွှတ်တော်၏ အဆုံးအဖြတ် ရယူခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများနှင့်ပတ်သက်၍ လွှတ်တော်၌ မဲခွဲဆုံးဖြတ်ခြင်းများကို ဆန္ဒမဲလက်မှတ် ကိုးခုဖြင့် မတ် ၁၀ ရက်မှ ၂၀ ရက်အထိ ပြုလုပ်ခဲ့ပြီး ပုဒ်မ ၄၃၆ (က) နှင့် ပုဒ်မ ၄၃၆(ခ)တို့ တွင် အကျုံးဝင်သော ပုဒ်မ၊ ပုဒ်မခွဲ ၁၃၅ ခုကို မဲခွဲဆုံးဖြတ်ခဲ့ရာ၌ မသန်စွမ်းနှင့် သက်ကြီးရွယ်အို စသည့် စကားရပ်ပြင်ဆင်ချက် ပုဒ်မများအပါအဝင် ပုဒ်မ၊ ပုဒ်မခွဲလေးခုကိုသာ ပြင်ဆင်နိုင်ခဲ့သည်ကို တွေ့ရသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ကြိုးပမ်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်တွင် ပြင်ဆင်နိုင်ခဲ့သည့် ပုဒ်မများမှာ ၄၃၆ (က)၌ အကျုံးဝင်သည့် ပုဒ်မ ၃၂ (က)၊ ပုဒ်မ ၃၂ (ခ) တို့ပါ မသန်စွမ်းနှင့် သက်ကြီးရွယ်အိုဆိုသည့် စကားရပ် ပြင်ဆင်ချက်များဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲ ရရှိခဲ့သည့်အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်၍ ပြင်ဆင်ရေးဆောင်ရွက်မည်ဖြစ်သည်။

ထို့ပြင် ပုဒ်မ ၄၃၆(ခ)တွင် အကျုံးဝင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ခန့်အပ်ခြင်းနှင့်သက်ဆိုင်သည့် ပုဒ်မ ၂၆၂ (က) (၁) ပါ မူလပြဋ္ဌာန်းချက်မှ စကားရပ် ဖြုတ်ခြင်းနှင့် ပုဒ်မ ၃၄၄ ပြဋ္ဌာန်းချက်မှ မသန်စွမ်းဆိုသည့် ပြင်ဆင်ချက်များသည်လည်း လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံဆန္ဒမဲပေးခဲ့သည့်အတွက် ပြင်ဆင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။

အထက်ပါ ပုဒ်မ၊ ပုဒ်မခွဲ၊ ပုဒ်မခွဲငယ်များကို ပြင်ဆင်နိုင်ခဲ့သော်လည်း တိုင်းရင်းသားများ မျှော်လင့်တောင့်တနေသည့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များ၏ ဝန်ကြီးချုပ်များကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်သည့် ပုဒ်မ ၂၆၁ ပါ ပြင်ဆင်ချက်များကို လွှတ်တော်၏အဆုံးအဖြတ်ရယူရာတွင် ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းကျော် မရရှိသည့်အတွက် ပြင်ဆင်နိုင်ခြင်းမရှိခဲ့ပေ။

 

ပြင်ဆင်ရန်တင်ပြခဲ့သော်လည်း

တိုင်းရင်းသားများအခွင့်အရေးနှင့် ပတ်သက်သည့် ပုဒ်မများကို ပြင်ဆင်ရန်အတွက် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီများက တင်ပြထားသည့် ပုဒ်မ၊ ပုဒ်မခွဲများနှင့်ပတ်သက်၍ တိုင်းရင်းသားပါတီအချို့က လွှတ်တော်ကိုုယ်စားလှယ်များက ထောက်ခံဆွေးနွေးမှုများရှိခဲ့သည်ကို တွေ့ရှိရသည်။

“ အန်ကယ်တို့လည်း စဉ်းစားပြီးတော့ ဗဟိုချုပ်ကိုင်မှုကနေ ခုနက ဖက်ဒရယ်ကို သွားကြမှာကို။ ဖက်ဒရယ်ကလည်းပဲ အန်ကယ်တို့ လေ့လာဆန်းစစ်ထားသလိုပဲ တို့နိုင်ငံ၊ သူများဖက်ဒရယ်မဟုတ်ဘူး။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဒေသနဲ့ ကိုယ့်တိုင်းရင်းသားတွေနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဖက်ဒရယ်မူကိုသွားရမှာပဲ။ အဲဒီလိုသွားတဲ့အခါမှာ ခုနက ပြည်နယ်၊ တိုင်းဒေသကြီးကို အုပ်ချုပ်တာဝန်ယူမယ့်ပုဂ္ဂိုလ်ဟာ ဒီတိုင်းဒေသကြီးက တိုင်းရင်းသားပြည်သူတွေ လိုလားတဲ့သူဖြစ်သင့်တယ်လို့ အန်ကယ်တို့က ယုံကြည်လို့ ဒါကို ပြင်ဆင်ပေးတာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြားသည်။

သို့သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ပြင်ဆင်၍မရခဲ့ခြင်းကြောင့် တိုင်းရင်းသားပါတီများအနေဖြင့် အာဏာရပါတီ၏ သဘောထားကို သိမြင်သွားကြောင်း ၎င်းက ဆိုသည်။

“ ဒီဟာကို တစ်ဖက်ပါတီက လက်မခံလို့ အတည်မဖြစ်သွားတာဖြစ်တဲ့အတွက် တိုင်းရင်းသားပါတီတွေရဲ့ ရင်ထဲမှာတော့ သူတို့ သင်ခန်းစာတစ်ခုတော့ ရသွားတယ်။ ဒါကိုလည်းပဲ အားလုံး တူတူညီညီ စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမယ်ဆိုရင်တော့ ပြဿနာမရှိဘူးပေါ့။ သို့သော်လည်းပဲ အစိုးရရဲ့သဘောထားပေါ့။ လက်ရှိ အာဏာရပါတီရဲ့သဘောထားကို သိမြင်သွားတဲ့အတွက်တော့ အမျိုးသားရင်ကြားစေ့ရေးရော၊ နောက်ရှေ့ဆက်သွားမယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရေးမှာရော တော်တော်လေး ကိုယ်တို့ ကြိုးစားရဦးမယ့် သဘောရှိပါတယ်” ဟု ဦးသောင်းအေးက ပြောကြားသည်။

ယင်းပုဒ်မကို ပြင်ဆင်ခြင်းကြောင့် မလိုအပ်သည့် ပြဿနာများဖြစ်လာမည်ဟု မမြင်မိကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုသည်မှာ လက်ရှိအနေအထားတွင် ရပ်သွားမည့်ကိစ္စမဟုတ်ဘဲ လွှတ်တော်များ ရှိနေသည့် ကာလပတ်လုံး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်သည့် ဥပဒေမူကြမ်းများကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်သဖြင့် အခွင့်အရေးများ ထပ်ရနိုင်ကြောင်း ဦးသောင်းအေးက ပြောကြားသည်။

 

မျှော်လင့်ခဲ့သော်လည်း

သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များ၏ ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်သည့် ပုဒ်မ ၂၆၁ ပါ ပြင်ဆင်ချက်များကို လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းကျော် မရရှိသည့်အတွက် တိုင်းရင်းသားများ၏ မျှော်လင့်ချက်များက သဲထဲရေသွန် ဖြစ်ခဲ့ရသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ကြိုးပမ်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ရလဒ်များသည် တိုင်းရင်းသားများ လိုလားသည့် မည်သည့်အချက်ကိုမျှ မရရှိခဲ့သော်လည်း ၂၆၁ (ခ) ကို ပြင်ဆင်နိုင်မည်ဟု ထင်မြင်ခဲ့ကြောင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝေစိန်အောင်က ပြောကြားသည်။

“ ရှင်းရှင်းပြောရရင် အာဏာရပါတီက ကန့်ကွက်လိုက်တော့ ဘာမှလည်း မရတော့ဘူး။ တပ်မတော်က ထောက်ခံတယ်။ ကြံ့ခိုင်ရေးက ထောက်ခံပေမဲ့ NLD က ကန့်ကွက်လိုက်တော့ ၂၆၁ လည်း ဘာမှအကောင်အထည် မပေါ်ဘူးဆိုတော့ တိုင်းရင်းသားရဲ့ အခွင့်အရေးဟာ ဘာမှမရဘူး။ အဲဒီလိုပဲ ခံစားရတယ်။ နောက်ဆုံးပိတ်မှာ ဘယ်လိုလဲဆိုတော့ ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ စာလုံးတောင်မှ မပြင်လိုက်နိုင်ဘူး။ ၂၁ ရာစုမှာဆိုရင် ဖက်ဒရယ်ဒီမိုကရေစီသို့ သွားရအောင် ဆိုပြီး ၅၁ ချက်မှာပါပြီးသား။ အဲဒါတောင် ဒီလွှတ်တော်မှာ မပြင်ရဘူးဆိုတော့ တော်တော်လည်းရှုံးတယ်လို့ပဲ သတ်မှတ်တယ်။ တိုင်းရင်းသားတွေလည်း ရှုံးတယ်။ ပြည်ထောင်စုအတွက်လည်း အရှုံးပေါ်တယ်။ ပင်ပန်းပြီးတော့ ငွေကုန်ပြီးတော့ ဘာမှလည်း မထူးလာဘူးလို့ပဲ သုံးသပ်တယ်” ဟု ဦးဝေစိန်အောင်က ပြောကြားသည်။

ပုဒ်မ ၂၆၁ ပြင်ဆင်ရေးအတွက် လွှတ်တော်အတွင်း အများဆုံးကိုယ်စားပြုနေသည့် အုပ်စုများက ပြင်ဆင်ပေးမှရမည်ဖြစ်ပြီး တိုင်းရင်းသား ကိုယ်စားလှယ်များသည် လွှတ်တော်၌ ကိုယ်စားပြုသည့်နေရာက နည်းနေသည့်အတွက် စတင်ဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက သုံးသပ်ပြောကြားသည်။

“ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းပြည်က ဖက်ဒရယ်ပြည်ထောင်စုကို ချီတက်မယ်ဆိုရင်တော့ ဒီရဲ့ဟာတွေကိုတော့ မလွဲမသွေ ပြင်ဆင်ပေးရလိမ့်မယ်။ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးမျှော်လင့်ချက်တွေ မှေးမှိန်လာမယ်ပေါ့။ ဘာလို့လဲဆိုတော့ ကိုယ့်ပြည်နယ်မှာ ကိုယ်ရွေးချယ်လိုက်တဲ့လူက စီမံခန့်ခွဲမှုမရှိဘူးဆိုရင် သူတို့မှာ နိုင်ငံရေးစိတ်ဆန္ဒအရ အများကြီးထိခိုက်သွားနိုင်တယ်။ အဲဒီတော့ နိုင်ငံရေးနည်းလမ်းအားဖြင့် ဖြေရှင်းနေတဲ့ နိုင်ငံရေးစနစ်တွေက အားကောင်းမောင်းသန်နဲ့ ရှင်သန်လာဖို့ အလားအလာနည်းပြီးမှ လက်နက်ကိုင်လမ်းစဉ်နဲ့ မိမိတို့ရဲ့နိုင်ငံရေး ရည်မှန်းချက်ကို အရောက် အကောင်အထည်ဖော်မယ့် သဘောမျိုးတွေ ပိုလာလို့ရှိရင် ကျွန်တော်တို့ တိုင်းပြည်အတွက် မကောင်းဘူး” ဟု ဦးစိုင်းထွန်းအေးက ပြောကြားသည်။

ပုဒ်မ ၂၆၁ ၏ အနှစ်သာရသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း၌ရှိသော ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များက ၎င်းတို့ကို အုပ်ချုပ်မည့် အစိုးရအဖွဲ့ကို ရွေးချယ်ခြင်းဖြစ်သည့်အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် အနေအထားဖြစ်ကြောင်း ဦးစိုင်းထွန်းအေးက ပြောကြားသည်။

ထို့ပြင် တိုင်းရင်းသားအခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေးဆိုသည်မှာ ဒင်္ဂါးပြားတစ်ခု၏ ခေါင်းနှင့်ပန်းလိုဖြစ်သည့်အတွက် တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောကြားသည်။

“ ကျွန်တော်တို့ကတော့ မကြိုက်ဘူးပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မြင်တာကတော့ အမြင်ကမတူဘူး။ သူတို့က ဒီမိုကရေစီကို ဒီမိုကရေစီစံနှုန်းတွေနဲ့ အပြည့်အဝ အကောင်အထည်ဖော်မယ်ဆိုလို့ရှိရင် တိုင်းရင်းသားအခွင့်အရေး ရလာနိုင်မယ်လို့ ပြောတယ်။ ကျွန်တော်တို့မြင်တာ တိုင်းရင်းသား အခွင့်အရေးနဲ့ ဒီမိုကရေစီအခွင့်အရေးဆိုတာ ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ပန်းလိုပဲ။ တစ်ပြိုင်နက် အကောင်အထည်ဖော်ရမယ်လို့ ပြောတယ်။ အဲဒီတော့ သူတို့က ဒီဘက်ကို ဒီမိုကရေစီကို ဇောင်းပေးတယ်။ တိုင်းရင်းသားအခွင့်အရေးတွေကို နောက်မှလုပ်မယ်လို့ ပြောတယ်။ အဲဒါ မရရင် မရဘူး” ဟု ဦးဦးလှစောက ပြောကြားသည်။

 

အချိန်နှင့် ငွေကုန်သော်လည်း အရာမထင်သည့်ပြင်ဆင်မှု

လွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ပြင်ဆင်ရန်ကြိုးစားရာတွင် ငွေကုန်အချိန်ကုန်ခံ၍ လူများပင်ပန်းခဲ့သော်လည်း မည်သို့မျှ ထူးခြားမှုမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ရှုမြင်ကြသည်။

“ လေးခုပြင်တယ်လို့ပဲ အဖြေထွက်ပေမဲ့ ဘာမှလည်း မထူးလာဘူး။ နောက်ဆုံးပြောရရင်တော့ ၄၃၆(က) က နှစ်ခုပြင်တာလည်း ပြည်လုံးကျွတ် ဆန္ဒခံယူရမယ်ဆိုတဲ့ဟာလည်း ခေါ်ဖို့မလွယ်ဘူး။ ဒီအတိုင်း ပြန်ထားရမယ်လို့ပဲ မြင်တယ်။ အဲဒါကြောင့် ဒီနှစ်က ငွေကုန်ခံပြီး အချိန်ကုန်ခံပြီး လူအပန်းခံပြီးလုပ်တာ ဘာမှမထူးဘူးလို့ သတ်မှတ်တယ်” ဟု ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင်က ပြောကြားသည်။

လက်ရှိသက်တမ်းအတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ တတိယလွှတ်တော်သက်တမ်းတွင် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက တပ်မတော်နှင့် ညှိနှိုင်းရန် လိုအပ်ကြောင်းလည်း ဦးဝေစိန်အောင်က အကြံပြုပြောကြားသည်။

ထို့အတူ ဖွဲ့စည်းပုံကို ပြင်ဆင်လိုပါက အနိုင်ရပါတီ၊ တိုင်းရင်းသားအနိုင်ရပါတီနှင့် ယင်းဥပဒေကို ပြုပြင်ပြောင်းလဲနိုင်သော အခွင့်အာဏာရှိသည့် တပ်မတော်ခေါင်းဆောင်များ အမှန်တကယ် ညှိနှိုင်းဆွေးနွေးမှုကို စတင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောကြားသည်။

“ ဖွဲ့စည်းပုံရဲ့ ပြင်ဆင်ရေးပုဒ်မတွေ ခက်ခဲလွန်းတာကြောင့် ဘယ်လောက်ပဲ အများစုနဲ့ရထားတဲ့မဲ ဖြစ်ပါလေ့စေ လိုအပ်သည်ထက် ၇၅ ရာခိုင်နှုန်းကျော်မှ ဒီဥပဒေကို ပြင်ဆင်နိုင်မယ်။ တစ်ဖက်ကလည်း ၇၅ ရာခိုင်နှုန်း ဘယ်လိုမကျော်နိုင်အောင် ဆောင်ရွက်ထားတယ်။ ဒီလိုမျိုးနှစ်ခု တိုက်ဆိုင်သွားတဲ့အခါမှာ ဘယ်လိုမှ ပြုပြင်ပြောင်းလဲလို့မရတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ ဒီဘောင်ထဲက ပေးထားတဲ့ ဘောင်ထဲက သွားမယ်ဆိုလို့ရှိရင် အခုလက်ရှိ ဦးဆောင်ပါတီက သောင်ပြိုကမ်း ပြိုနိုင်ပါလေ့စေ အနိုင်မရနိုင်ဘူး” ဟု ဒေါ်ထုမေက ပြောကြားသည်။

ဆက်လက်၍ ၎င်းက” ဖွဲ့စည်းပုံကို ပြင်ဆင်၍ရသည့် လမ်းကြောင်းက ဖွဲ့စည်းပုံပြင်လို့ရတဲ့ ပုဒ်မကနေပြီး သွားလို့ရမယ်။ တစ်ဖက်က လုံးဝမလျှော့ဘူး။ ၂၅ ရာခိုင်နှုန်းက လုံးဝမလျှော့ဘူးဆိုလို့ရှိရင် ၇၅ ရာခိုင်နှုန်း ကျော်စရာကို အကြောင်းမရှိဘူး။ အစကလည်း ဒီရလဒ်ကို မျှော်လင့်ထားပြီးသား ဖြစ်ကြလိမ့်မယ်။ ဘာလို့ဆိုတော့ ကျွန်မတို့သိသာနိုင်တယ်။ ဖွဲ့စည်းပုံစပြီးတော့ ပြင်ဆင်ကတည်းကနေပြီးတော့ တပ်ကိုယ်စားလှယ်က အပြင်းအထန် ကန့်ကွက်ခဲ့တာတွေ ရှိတယ်။ နောက်တစ်ခုက ဆွေးနွေးစဉ်မှာလည်းပဲ အပြန်အလှန် ကန့်ကွက်တာတွေ ရှိခဲ့တယ်” ဟု ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာတွင် တစ်နှစ်ကျော်ကြာ အချိန်ယူခဲ့သော်လည်း ထိရောက်မှုမရှိဘဲ အချိန်ကုန်သွားခြင်းသာ အဖတ်တင်ခဲ့ပြီး ယင်းသို့မဟုတ်ဘဲ အခြားနည်းလမ်းဖြင့် သိမ်သိမ်မွေ့မွေ့ညှိနှိုင်းပြီးမှ ရရှိလာသည့်အချက်များကို မဲခွဲဆုံးဖြတ်ပြုလုပ်မည်ဆိုပါက ပို၍ ထိရောက်မည်ထင်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ထောက်ပြသည်။

“ အခုတော့ ၂၀၁၉ ဇန်နဝါရီက စလိုက်တာ အခု ၂၀၂၀ မတ်လထဲ ရောက်လာတယ်။ ဒီလေးခုလောက်ပဲ ရလိုက်တော့ လေးခုလည်း ဘာလဲဆိုတော့ ဘာမှမဟုတ်ဘူး။ မသန်စွမ်းနဲ့ မသန်မစွမ်းနဲ့ ဒါလေးပဲဆိုတော့ မထိရောက်ဘူးလို့ ကျွန်တော်ယူဆတယ်။ နောက်လာမယ့် တတိယအစိုးရပေါ့။ တတိယအကြိမ်ကျတော့ ဒီလိုမဟုတ်ဘဲနဲ့ အောင်မြင်မယ့်နည်းလေး စဉ်းစားပြီးတော့ ပြင်သင့်တာ ပြင်ဖို့ကောင်းတယ်။ ပြင်သင့်တာမှာလည်း လုပ်စရာတွေက အများကြီးဖြစ်ချင်ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဦးစားပေးတော့ ရွေးရမယ်” ဟု ဦးစိုးသိန်းက ပြောကြားသည်။

 

NLD နှင့် တပ်မတော်သဘောထား

ပုဒ်မ ၂၆၁ ပြင်ဆင်ခြင်းနှင့်ပတ်သက်ပြီး NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ သဘောမတူသည့် အနေအထားရှိခဲ့သော်လည်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များမှာမူ ပြင်ဆင်သင့်သည့်ပုဒ်မအဖြစ် ရှုမြင်ထားသည်။

နိုင်ငံတော်သမ္မတကို ရွေးချယ်ရာ၌ ပြည်သူများက ရွေးချယ်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များ ပါဝင်သော ပြည်ထောင်စုလွှတ်တော်က ရွေးချယ်သကဲ့သို့ ပုဒ်မ ၂၆၁ တွင်လည်း ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ တိုင်းဒေသ၊ ပြည်နယ်လွှတ်တော်များက ပြည်သူများ ရွေးချယ်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်သည်ကိုသာ လိုချင်၍ ပြင်ဆင်လိုခြင်းဖြစ်ကြောင်း တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်သားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောကြားသည်။

“ ကျွန်တော်တို့အခု ပုဒ်မ ၂၆၁ ကို ပြင်တယ်။ ပုဒ်မ ၂၆၁ ရဲ့ သဘောသဘာဝက ကျွန်တော်တို့ Power Sharing လုပ်ပေးတာ။ တိုင်းဒေသကြီးတွေမှာ ဥပမာဆိုကြပါစို့ဗျာ။ နိုင်ငံတော်ရဲ့သမ္မတကို ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်က ရွေးပေးတယ်။ ပြည်ထောင်စုလွှတ်တော်က ဘယ်သူတွေနဲ့ ဖွဲ့ထားတာလဲဆိုတော့ ပြည်သူတွေပေးထားတဲ့ Mandate ပေးထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပေးဖွဲ့တာ။ အဲဒီပြည်သူရဲ့ Rate ကို ကိုယ်စားလှယ်ရတဲ့သူရဲ့ ကိုယ်စားလှယ်က ရွေးပြီးတော့မှ သမ္မတကို ရွေးပေးတာ။ အဲဒီတော့ ကျွန်တော်တို့ ၂၆၁ ကိုပြင်တာလည်း အဲဒီဟာကို လိုချင်တာ” ဟု  ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ဆိုသည်။

တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ပြည်သူများက ရွေးကောက်ပေးလိုက်၍ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လာပြီး ယင်းလွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့ထဲမှ စိတ်ကြိုက်ရွေးချယ်၍ နိုင်ငံတော်သမ္မတထံသို့ တင်ပြမှသာ သမ္မတကခန့်အပ်ခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောကြားသည်။

“ သမ္မတကလည်း ဒီဝန်ကြီးချုပ်လောင်းကို သူစိစစ်မယ်။ ခန့်အပ်မယ်။ ခန့်အပ်ပြီးရင် သူတကယ်လို့ အဲဒီဝန်ကြီးချုပ်က အလုပ် မလုပ်ဘူး။ အဆင်မပြေဘူး။ စည်းကမ်းဖောက်နေတယ်ဆိုလို့ရှိရင် သူက အဲဒီဝန်ကြီးကို နုတ်ထွက်ဖို့လည်း သူက အကြံပြုလို့ရတယ်။ ပြီးရင် နုတ်ထွက်ခွင့်လည်း ပေးလို့ရတယ်။ ထွက်ခိုင်းလို့လည်း ရတယ်။ အဲဒါမျိုးပြောတာ။ ကျွန်တော်တို့ ပြောတဲ့ဟာက ဒီလိုဆက်စပ်နေတဲ့ Process က အများပြည်သူတွေက ဆင်းသက်တဲ့ Process ပဲ။ ငြိမ်းချမ်းရေးညီလာခံတွေ လုပ်တဲ့အခါတွေ၊ ပြီးရင် လွှတ်တော်ထဲမှာ ဆွေးနွေးတဲ့အခါတွေ ကျန်တဲ့တိုင်းရင်းသားတွေရဲ့ ဆွေးနွေးချက်တွေကိုကြည့်ရင် သူတို့ပြည်နယ်တွေမှာ ဒီလိုဟာမျိုးကို ဘယ်လောက်လိုချင်တယ်ဆိုတာကို သိပြီးသားဖြစ်မယ်ထင်ပါတယ်။ ဒါကျွန်တော်တို့ ပြောမှမဟုတ်ပါဘူး” ဟု ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောကြားသည်။

သို့သော် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များဘက်ကမူ ပုဒ်မ ၂၆၁ မဲ ရလဒ်နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆(က) နှင့် အကျုံးဝင်သော ပုဒ်မများအနက် တပ်မတော်သားကိုယ်စားလှယ်များကို လျှော့ချရန်ပြင်ဆင်ချက်ကို အောင်မြင်မှုရရှိခဲ့ပါက မဲရလဒ်ပြောင်းလဲနိုင်ကြောင်း ထောက်ပြပြောဆိုမှုများ ရှိခဲ့သည်။

“ ပုဒ်မ ၂၆၁ ပြင်ဆင်ဖို့က ပထမအကြိမ် လွှတ်တော်သက်တမ်းမှာကတည်းက NLD က စပြီး အဆိုပြုတင်ပြခဲ့တာပါ။ ဒါပေမဲ့ နှစ်ခုက ချိတ်ဆက်နေတယ်။ ပုဒ်မ ၂၆၁ ကို ပြင်ဆင်မယ်။ တစ်ဖက်မှာလည်း ရွေးကောက်ခံ မဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပါဝင်မှု ရာခိုင်နှုန်းကို လျှော့ချဖို့ဆိုတာ ပထမအကြိမ် လွှတ်တော်သက်တမ်းကတည်းက ပါခဲ့ပြီးပြီ။ ရှေ့မှာလည်း ၄၃၆ နဲ့ ပတ်သက်လို့ မဲတွေ တောက်လျှောက်ပေးခဲ့ပြီးပြီ။ ရွေးကောက်ခံမဟုတ်တဲ့ ကိုယ်စားလှယ်တွေရဲ့ လျှော့ချမှုအနေအထားက အောင်မြင်မှုရခဲ့သလား။ မရခဲ့ဘူး။ အဲဒီအချိန်မှသာ အောင်မြင်မှုရခဲ့တယ်ဆိုရင် မဲဆိုတာက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တိုင်းက တစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ဆန္ဒနဲ့ ပေးနေတာပါ။ စိတ်ဆန္ဒနဲ့ သွားနေတာမို့လို့ ရလဒ်တွေက နေ့တိုင်းပြောင်းလဲသွားနိုင်တယ်။ ရှေ့မှာဘာတွေဖြစ်ခဲ့သလဲ။ ဘယ်လိုပုဒ်မတွေ ပြင်နိုင်ခဲ့သလဲဆိုတဲ့ အခြေအနေအပေါ်မှာ မူတည်ပြီးတော့ ဆင့်ကဲဆင့်ကဲ ပြောင်းလဲနိုင်တာပေါ့။ ဘာကိုမှ မပြင်နိုင်တဲ့အနေအထားမှာ ကျွန်တော်တို့က ဒီဟာကတိုင်းပြည်အတွက် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်နိုင်တဲ့အတွက်ကြောင့်မို့လို့ ဒီနေ့ ၂၆၁ နဲ့ စပ်လျဉ်းလို့ ဒီလိုရလဒ်မျိုး ထွက်လာတယ်လို့ ထင်ပါတယ်” ဟု NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

 

မြေစာပင်

တိုင်းရင်းသားများ၏ ဖက်ဒရယ်အငွေ့အသက်ဖြစ်သော တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အား သက်ဆိုင်ရာလွှတ်တော်က ရွေးချယ်တာဝန်ပေးနိုင်မည့် ပုဒ်မ ၂၆၁ ပြင်ဆင်ချက်ကို NLD ပါတီက ထောက်ခံမဲမပေးသဖြင့် ဝမ်းနည်းမိကြောင်း ရခိုင်အမျိုးသား (ANP) ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဆိုသည်။

“ မဲရလဒ်ကိုကြည့်ရတာတော့ NLD ပါတီရဲ့ မဲက အဆုံးအဖြတ်ဖြစ်သွားတာပေါ့။ ဒီဘက်က ပြည်ခိုင်ဖြိုးရယ်၊ တပ်မတော်ရယ်၊ တိုင်းရင်းသားတွေက အကုန်လုံးပေးတယ်။ ဒါပေမဲ့ အဆုံးအဖြတ် NLD ရဲ့မဲပါ။ ဒါ မဲရလဒ်ကြည့်ရင် သိပါတယ်။ အစကတည်းက ကန့်ကွက်ဆွေးနွေးတယ်ဆိုတော့ အခုလည်းပဲ မဲမပေးဘူးဆိုတာ သိပါတယ်။ ဒါက ကျွန် တော်တို့အတွက် ဝမ်းနည်းစရာပေါ့။ ဒီမိုကရေစီပါတီကနေပြီး ဗဟိုချုပ်ကိုင်မှုကို လျှော့ချမပေးဘူး။ တိုင်းရင်းသားတွေရယ် ဖက်ဒရယ်စနစ်ကို အငွေ့အသက်လေးတောင်မှ ရှူရှိုက်ခွင့်မပေးဘူး။ မလိုက်လျောပေးဘူးဆိုတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေအတွက်တော့ ဝမ်းနည်းစရာပါ” ဟု ဦးဖေသန်းက ပြောကြားသည်။

ပုဒ်မ ၂၆၁ ကို မပြင်ဆင်နိုင်ခဲ့သည့်အတွက် ရှေ့ဆက်ခရီးများတွင် ခလုတ်ကန်သင်းတစ်ခုဖြစ်ခဲ့ပြီး  ဒီမိုကရေစီရဲဘော်ရဲဘက်များဟု မှတ်ယူထားသည့် NLD ပါတီ၏ဆန္ဒသည် တိုင်းရင်းသားများ၏ အခွင့်အရေး ဆုံးရှုံးမှုဖြစ်သဖြင့် စိတ်မကောင်းကြောင်းနှင့် လွှတ်တော်အတွင်းမှာ တပ်မတော်သားကိုယ်စားလှယ်များ ထွက်မည့်အချိန်ကို မည်သူ့မျှ မပြောနိုင်သဖြင့်  ပြင်သင့်သည့် ပုဒ်မများကို ပြင်ရမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

“ တပ်မတော်သား ကိုယ်စားလှယ်တွေက ဘယ်တော့ထွက်မလဲ။ ဘယ်သူပြောလို့ရလဲ။ ဒီမိုကရေစီသွားတဲ့ခရီးမှာ မပြင်နိုင်သေးဘူးဆိုတာ အချိန်နှောင့်နှေးသွားတာပဲ ရှိမယ်။ ပြင်သင့်ရင် ပြင်လိုက်ပေါ့။ တပ်မတော်သားထွက်မှဆိုတာ ဘယ်သူအာမခံနိုင်လဲ။ ဘယ်တော့ထွက်မလဲ။ ဘယ်တော့ငြိမ်းချမ်းရေးရမလဲ။ မလိုအပ်ဘဲ နှောင့်နှေးသွားတာကို ပြောချင်တာပါ။ ဒီမိုကရေစီ ဖွင့်ပေးလိုက်ပေါ့။ သူဒေသနဲ့သူ နိုင်ရင်အုပ်ချုပ်ပေါ့။ မနိုင်ရင် မအုပ်ချုပ်နဲ့ပေါ့။ ဒါက Power Sharing မဟုတ်ပါဘူး။ သူ့ဒေသရဲ့ အကြီးအကဲကို သူ့ဘာသာသူ အုပ်ချုပ်နိုင်အောင် ဗဟိုချုပ်ကိုင်မှု လျှော့ချပေးတဲ့သဘောပါ” ဟု ဦးဖေသန်းက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်၌ ပြည်ခိုင်ဖြိုးပါတီက တင်သွင်းသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးခြင်းအစား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်က ရွေးချယ်တာဝန်ပေးနိုင်မည့် ပုဒ်မ ၂၆၁ ပြင်ဆင်ချက်ကို မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၂၃၉ မဲသာရရှိခဲ့သဖြင့် အောင်မြင်မှုမရရှိခဲ့ဘဲ တိုင်းရင်းသားများ၏ မျှော်လင့်ချက်များကလည်း အင်အားကြီးမားသည့် အစုအဖွဲ့ နှစ်ခုအကြားတွင် မြေစာပင်ဖြစ်ခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ပုဒ်မ ၂၆၁ ကို ပြည်ခိုင်ဖြိုးပါတီက ပြင်ဆင်ချက်တင်သွင်းရာတွင် လွှတ်တော်ထဲသို့ရောက်နေသည့် ကိုယ်စားလှယ်အားလုံး၏ ဆန္ဒမဲနှင့်ရွေးချယ်သည့် သဘောမျိုးဖြစ်ပြီး NLD ပါတီဘက်ကမူ လွှတ်တော်အတွင်းရှိ ရွေးကောက်ခံ ကိုယ်စားလှယ်များသာ မဲပေးရမည်ဆိုသည့်ပုံစံသို့ သွားနေခြင်းကြောင့်ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦစိုင်းထွန်းအေးက “ အဲဒီတော့ အဓိကကတော့ အာဏာအားပြိုင်မှုပါပဲ။ ဥပမာပေါ့ ကြံ့ခိုင်ရေးပါတီဘက်ကတင်လာတဲ့ သဘောတရားကတော့ ရှမ်းပြည်နယ်လွှတ်တော် လိုဟာမျိုးမှာ၊ ရခိုင်ပြည်နယ်လွှတ်တော်လိုဟာမျိုးမှာ သူတို့အတွက် အစိုးရဖွဲ့နိုင်တဲ့ အခွင့်အလမ်းတွေ သူက ရရှိလာစေမယ်။ တစ်ဖက်မှာလည်း NLD က သူတို့ရဲ့ ဒီအခွင့်အရေးမျိုး သူတို့ကလည်း မပေးချင်ဘူး။ အဲဒီသဘောမျိုး မြင်နေရတယ်” ဟု ပြောကြားသည်။


READ NEXT
Cancel OK