Top News

ကိုရိုနာဗိုင်းရပ်စ်နဲ့ မြန်မာပြည်
24htopnews | October 31, 2024 7:12 PM CST

ကမ္ဘာတစ်ဝန်းလုံး နိုင်ငံနှင့် ဒေသ ၁၇၀ ကျော်၌ COVID-19 ဗိုင်းရပ်စ်ကူးစက်ခဲ့ပြီး အတည်ပြုလူနာ နှစ်သိန်းကျော်နှင့် သေဆုံးသူ ၁၀၀၀၀ ကျော်ရှိလာပြီဖြစ်သည်။  

လက်ရှိ အီတလီ၊ အီရန်၊စပိန်၊ ပြင်သစ်၊ ကိုရီးယား၊ ဂျာမနီ၊ အမေ ရိကန် စသည့်နိုင်ငံများ၌ ရောဂါဖြစ် ပွားသူနှင့် သေဆုံးသူဦးရေ မြင့်မားနေဆဲဖြစ်သည်။ အီတလီနိုင်ငံတွင် COVID-19 ကြောင့် တစ်ရက်အတွင်း လူ ၆၂၇ ဦး သေဆုံးခဲ့ပြီး ရောဂါဖြစ်ပွားနေသည့် နိုင်ငံများအနက် တစ်ရက်အတွင်း သေဆုံးမှု အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ လက်ရှိတွင် အီတလီနိုင်ငံ၌ ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူအရေအ တွက်သည် ရောဂါစတင် ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံထက် အရေအတွက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

မတ် ၂၁ ရက်နံနက်ပိုင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်အရ တစ်ကမ္ဘာလုံးရှိ COVID-19 ရောဂါဖြစ်ပွား သေဆုံးနှုန်းမှာ ပစိဖိတ်ဒေသတွင် အတည်ပြုလူနာ ကိုးသောင်းကျော် ရှိသည့်အနက် သေဆုံးသူ သုံးထောင်ကျော်၊ ဥရောပဒေသတွင် တစ်သိန်းကျော်ရှိသည့်အနက် သေဆုံးသူ လေးထောင်ကျော်၊  အရှေ့တောင်အာရှ ဒေသတွင် ကိုးရာကျော်ရှိသည့်အနက် သေဆုံးသူ သုံးဆယ်ကျော်၊ မြေထဲပင်လယ် ဒေသတွင် နှစ်သောင်းကျော်ရှိသည့်အနက် သေဆုံးသူ တစ်ထောင့်သုံးရာကျော်၊ အမေရိကဒေသတွင် တစ်သောင်းကျော် ရှိသည့်အနက် သေဆုံးသူ ၁၇၀ ကျော်၊ အာဖရိကဒေသတွင် လေးရာကျော်ရှိသည့်အနက် သေဆုံးသူရှစ်ဦး ရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။

အာဆီယံနိုင်ငံများတွင် အတည်ပြုလူနာအသစ် တွေ့ရှိမှုအရ မလေးရှားတွင် ၉၀၀၊ စင်ကာပူတွင် ၃၄၅ ဦး၊ ဖိလစ်ပိုင်တွင် ၂၁၇ ဦး၊ ဗီယက်နမ်တွင် ၈၅ ဦး၊ ဘရူနိုင်းတွင် ၇၃ ဦး၊ ကမ္ဘောဒီးယားတွင် ၄၇ ဦး၊ ထိုင်းတွင် ၃၂၂  ဦး၊ အင်ဒိုနီးရှားတွင် ၃၀၉ ဦး တွေ့ရှိကြောင်း ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌ COVID-19 ရောဂါအတည်ပြုလူနာ မတွေ့ရှိသေးသော ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အနည်းငယ်သာ ကျန်ရှိပြီး ယင်းနိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်နေသေးသည်။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများကြောင့် သံသယနှင့် စောင့်ကြည့်လူနာများ နေ့စဉ်တွေ့နေရဆဲဖြစ်သည်။

COVID-19 ရောဂါနှင့် မြန်မာနိုင်ငံ အခြေအနေ

ဇန်နဝါရီ ၃၁ ရက်မှ မတ် ၂၀ ရက်အထိ ဝေဘာဂီ အထူးကုဆေးရုံကြီး အပါအဝင် ပြည်သူ့ဆေးရုံ ၁၅ ရုံတွင် အသွားအလာ ကန့်သတ်ခြင်း၊ တားမြစ်ပိတ်ပင်ခြင်း (Hospital Quarantine) ပြုလုပ်ထားသူဦးရေ ၁၈၀ ကျော်ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Hospital Quarantine ပြုလုပ်ထားသူများအနက် မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် ၆၇ ဦး၊ ဝေဘာဂီ အထူးကု ဆေးရုံတွင် ၄၁ ဦး၊ တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် ၅၆ ဦး၊ ကျိုင်းတုံပြည်သူ့ ဆေးရုံကြီးတွင် လေးဦး၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် သုံးဦး၊ မောက်မယ်ပြည်သူ့ ဆေးရုံတွင် သုံးဦး၊ လွိုင်ကော် ပြည်သူ့ဆေးရုံကြီးတွင် နှစ်ဦး၊ ကျောက်ပန်းတောင်း ပြည်သူ့ဆေးရုံတွင် နှစ်ဦး၊ နှဲသမိန် တိုက်နယ်ဆေးရုံ ထန်းတပင်မြို့တွင် နှစ်ဦး၊ သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးတွင် တစ်ဦး၊ ခရိုင်ပြည်သူ့ ဆေးရုံကြီး မြင်းခြံမြို့တွင် တစ်ဦး၊ ခရိုင်ပြည်သူ့ဆေးရုံ တာချီလိတ်မြို့တွင် တစ်ဦး၊ ပြည်သူ့ဆေးရုံ လှည်းကူးမြို့တွင် တစ်ဦး၊ ရွှေပန်းတော တိုက်နယ်ဆေးရုံ အောင်လံမြို့တွင်တစ်ဦး၊ ကြိမ်ချောင်းတိုက်နယ်ဆေးရုံ ဘိုကလေးမြို့တွင် တစ်ဦး စုစုပေါင်း ၁၈၆ ဦးရှိပြီဖြစ်သည်။

ယခုအခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရောဂါဖြစ်ပွားမှုကို စောစီးစွာသိ ရှိနိုင်ရန် ဓာတ်ခွဲနမူနာအရေအ တွက် တိုးမြှင့်စစ်ဆေးခြင်းကို လုပ် ဆောင်လျက်ရှိရာ ဆေးရုံများတွင် အသွားအလာ ကန့်သတ်ခြင်း၊ တား မြစ်ပိတ်ပင်ခြင်း ပြုလုပ်ထားသူများ အနက် ၇၉ ဦးအား ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးခဲ့ရာ ၎င်းတို့တွင် COVID-19 ရောဂါပိုး မတွေ့ရှိရကြောင်း သတင်းထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၃၁ ရက်မှ မတ် ၂၀ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါစောင့်ကြည့်လူနာ ၁၈၆ ဦးနှင့် သံသယလူနာနှစ်ဦး စုစုပေါင်း ၁၈၈ ဦးရှိကြောင်း၊ COVID-19 ရောဂါပိုးမတွေ့ရှိရသူ ၁၇၆ ဦး၊ ဓာတ်ခွဲ နမူနာရယူရန် ပေးပို့ဆဲ၊ စောင့်ဆိုင်းဆဲလူနာ ၁၂ ဦး၊ ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၁၀၆ ဦး၊ COVID-19 ရောဂါပိုး မတွေ့ရှိရသော်လည်း အခြားရောဂါများဖြင့် သေဆုံးသူ ကိုးဦးနှင့် ၎င်းင်းတို့အနက် နာတာရှည် ဆီးချိုရောဂါနှင့် နှလုံးရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများဖြင့် သေ ဆုံးသူသုံးဦး၊ တီဘီရောဂါနှင့် နာ တာရှည်ကျောက်ကပ်ရောဂါဖြင့် သေဆုံးသူတစ်ဦး၊ နာတာရှည် ကျောက်ကပ်ရောဂါဖြင့် သေဆုံးသူ တစ်ဦး၊ နာတာရှည်အဆုတ်ပွရော ဂါဖြင့် သေဆုံးသူတစ်ဦး၊ ဘက်တီးရီးယားပိုးကြောင့် သွေးဆိပ်တက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများဖြင့် သေဆုံးသူနှစ်ဦးနှင့် လတ်တလော အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် သေဆုံးသူ တစ်ဦးရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

“အခုအချိန်အထိ နိုင်ငံတွင်းမှာ COVID Positive လူနာမတွေ့သေးဘူးလို့ ပြောနေသေးတယ်။ မတွေ့သေးတာနဲ့ မရှိတာက မတူဘူး။ မတွေ့သေးတာက တွေ့လာနိုင်တယ်လေ။ အခုလိုအချိန်မှာ Positive ပဲ ဖြစ်နေတာက စိုးရိမ်စရာဖြစ်လာပြီ။ လူအများက မတွေ့သေးဘူး၊ မတွေ့သေးဘူးဆိုပြီး ပညာတွေ ဘယ်လောက်ပေးပေး ကျန်းမာရေးဌာနက ဘယ်လောက်ပဲ အိမ်ထဲမှာနေပါ။ အပြင်မထွက်ပါနဲ့ပြောပြော ဂရုတစိုက် သိပ်မလုပ်ကြဘူး။ ဒါက အန္တရာယ်ပါ။ အမှန်အတိုင်းဆို ကျွန်တော်တို့ ကိုယ်တိုင်လည်း Negative ပဲဖြစ်စေချင်တာပါ။ ဒါပေမဲ့ ဒီ Negative ဆိုတဲ့အဖြေတွေက သေချာဖို့ ကျိန်းသေဖို့ လိုပါတယ်။ အခု မတွေ့တာက စစ်ဆေးတဲ့နေရာမှာ အားနည်းနေတာလား။ စက်ပစ္စည်းတွေကပဲ ခေတ်မမီတာလား။ မစစ်နိုင်တာလား။ လူနာတွေဆီက နမူနာယူတဲ့ နေရာတွေမှာပဲ လိုအပ်ချက် ရှိနေတာလား။ လားပေါင်းများစွာနဲ့ လူတွေ မေးခွန်းထုတ်နေကြတယ်။ ဒါက ဖြစ်မှာပဲ။ ဟိုနေ့က ကိုယ့်နိုင်ငံက ထွက်သွားတဲ့ မြန်မာနှစ်ယောက် ထိုင်းမှာ Positive Case သွားတွေ့တယ်။ ဒီနိုင်ငံမှာတော့ လူနာမရှိဘူး ပြောတယ်။ အဲဒီတော့ သံသယ ဖြစ်ကြတာလည်း မဆန်းပါဘူး” ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ဒေါက်တာစည်သူက သူ၏အမြင်ကို ပြောကြားသည်။

ယနေ့အချိန်အထိ မြန်မာနိုင်ငံအတွင်း COVID-19 သံသယနှင့် စောင့်ကြည့်လူနာများတွင် Positive အဖြေများသာ တွေ့နေခြင်းအပေါ် ဝမ်းသာရမည်မှာ မှန်သော်လည်း ရောဂါစမ်းသပ် စစ်ဆေးမှုများတွင် လိုအပ်ချက်ရှိနေ၍ အဖြေမှန်မရ ဖြစ်မည်ကို လူအများက စိုးရိမ်နေကြသည်။

“လူတွေက အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနက RT-PCR method ကိုပဲ မဲပြောနေကြတယ်။ ကျွန်မအတွေ့အကြုံအရ ဘယ်သူက ဓာတ်ခွဲဖို့အတွက် နမူနာယူတာလဲ။ ဘယ်နေရာက ယူတာလဲ။ ဘာနဲ့ယူတာလဲ။ ယူပြီးရင် ဘာနဲ့ Store လုပ်ပြီး ဘယ်လိုပုံစံနဲ့ NHL ကို ပို့တာလဲ ဆိုတာတွေကို အဓိကထား မေးမိမယ်။ နမူနာယူတဲ့တို့ဖတ်ပေါ်လည်း မူတည်မယ်ထင်တယ်။ မူရင်းကောင်းမှ မိတ္တူကောင်းမှာဆိုတော့ ယူတဲ့ Sample ကောင်းမှပါ။ နောက်စစ်တဲ့ အရေအတွက်က အခုထိ လူဦးရေ ၁၀၀၊ ၂၀၀ ဝန်းကျင်ပဲ ရှိနေသေးတယ်။ အီတလီမှာဆို တစ်နေ့ကို သောင်းချီစစ်တယ်။ လူများများ စစ်လေ ပိုစိတ်ချရလေပါ။ NHL က Test ကို သံသယမရှိပါဘူး။ ထုံးစံအတိုင်း တခြားနိုင်ငံတွေမှာလို False Positive က ၂၅ ရာခိုင်နှုန်း ရှိနိုင်ပါတယ်” ဟု လက်ရှိ အီတလီနိုင်ငံတွင် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသား ဆရာဝန်တစ်ဦးက ဆိုသည်။

COVID-19 ရောဂါစောင့်ကြည့်နှင့် သံသယလူနာများ၏ ဓာတ်ခွဲနမူနာကို NHL က ဘယ်လို စစ်ဆေးနေလဲ

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)တွင် COVID-19 ရောဂါ စောင့်ကြည့်လူနာနှင့် သံသယလူနာများ၏ ဓာတ်ခွဲနမူနာများကို Polymerase Chain Reaction (PCR) နည်းပညာဖြင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။

တိုင်းဒေသကြီး ပြည်နယ်များရှိ ဆေးရုံအသီးသီးမှ စောင့်ကြည့်လူနာနှင့် သံသယလူနာအဖြစ် သတ်မှတ်သော လူနာများ၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်နမူနာများကို တာဝန်ကျ ကျွမ်းကျင်ကျန်းမာရေး ဝန်ထမ်းမှ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ PPE အပြည့်အစုံဖြင့် စံသတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျ ရယူကြောင်းနှင့် ၎င်းဓာတ်ခွဲနမူနာများကို Viral Transport Media (VTM) ဖြင့် ထည့်ကာ စံလုပ်ထုံး လုပ်နည်းများအတိုင်း သေချာစွာ ထုပ်ပိုးပြီး Laboratory Request Form နှင့်တကွ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပို့ဆောင်ခြင်း ဖြစ်သည်ဟု သိရသည်။

Polymerase Chain Reaction (PCR) သည် ဓာတ်ခွဲနမူနာတွင် ပါဝင်သော Deoxyribonucleic acid (DNA) ကို အဆများစွာပွား၍ ဓာတ်ခွဲနမူနာ၏ DNA နှင့် သက်ဆိုင်ရာ ဗိုင်းရပ်စ်ပိုး၏ DNA တို့ ကိုက်ညီမှု ရှိ မရှိ စစ်ဆေးသော ဓာတ်ခွဲစမ်းသပ် စစ်ဆေးနည်းဖြစ်သည်။ PCR စစ်ဆေးသည့်အဆင့်တွင် ဓာတ်ခွဲနမူနာ၏ RNA ကို DNA သို့ ပြောင်းလဲခြင်း (Reverse Transcription)၊ ပြောင်းလဲပြီးသော DNA ကို double stranded မှ single stranded သို့ပြောင်းလဲခြင်း (Denaturing stage)၊ single stranded DNA များကို primer ဖြင့် ပေါင်းခြင်း (Annealing stage)၊ primer ပေါင်းပြီးသော single stranded DNA များကို Polymerase ကို အသုံးပြု၍ nucleotide များ ပေါင်းစပ်ကာ Double stranded DNA ဖြစ်အောင်ဆောင်ရွက်ခြင်း စသည်တို့ကို ၄၅ ကြိမ်အထိ ပြုလုပ်ကြောင်း၊ DNA copies များ Billion copies အထိ တိုးပွားအောင် ဆောင်ရွက်နိုင်ကြောင်းနှင့် သက်ဆိုင်ရာ PCR စက်အမျိုးအစားပေါ် မူတည်၍ သုံးနာရီခန့်အထိ ကြာမြင့်သည်ဟုလည်း သိရသည်။

PCR နည်းပညာဖြင့် အဆများစွာ ပွားပြီးသော ဓာတ်ခွဲနမူနာ၏ DNA ကို COVID-19 ဗိုင်းရပ်စ်ပိုး၏ DNA နှင့် တူညီမှုရှိ မရှိ တိုက်ဆိုင်စစ်ဆေးကြောင်း၊ သံသယလူနာ၏ ဓာတ်ခွဲနမူနာ DNA သည် COVID-19 ဗိုင်းရပ်စ်ပိုး၏ DNA နှင့်တူညီမှုရှိပါက COVID-19 ရောဂါပိုးရှိသည်ဟု သတ်မှတ်ကြောင်းနှင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးရာတွင် Positive Control နှင့် Negative Control တို့ ကောင်းမွန်စွာ အဖြေမှန်ကန်မှသာ စစ်ဆေးချက်အဖြေကို အတည်ပြု သတ်မှတ်နိုင်သည်ဟု အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ သိရသည်။

“အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန အနေနဲ့ လိုအပ်တဲ့ ဓာတ်ခွဲခန်းသုံး ပစ္စည်းတွေကို စုဆောင်းထားပါတယ်။ လောလောဆယ် လူနာ ၃၀၀၀ ကျော်စာရှိပါတယ်။ နောက်ထပ် ရောက်လာဖို့တွေလည်း ရှိပါတယ်။ နောက်ထပ်တောင်းထားတဲ့ US CDC လိုမျိုး အဖွဲ့အစည်းတွေက ရောက်လာဖို့တွေလည်း ရှိပါတယ်။ မရောက်သေးပါဘူး။ စက်ပစ္စည်း အနေနဲ့ဆိုရင် စင်ကာပူအစိုးရက လှူထားတာတွေလည်း ရှိပါတယ်။ စက်တွေ ဓာတ်ခွဲပစ္စည်းတွေအပြင် စစ်ဆေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့လည်း စီမံချက်တွေ ချထားပါတယ်။ First Line Second Line တွေ ခွဲထားပါတယ်။ First Line ကလူတွေ ဖျားတာနာတာမျိုး ရှိသွားရင် Second Line အဖြစ် သင်တန်းပေးထားတဲ့ သူတွေလည်းရှိပါတယ်” ဟု အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒေါက်တာဥမ္မာဆွေတင်က ဆိုသည်။

COVID-19 ရောဂါနှင့်ပတ်သက်၍ False Negative Test ဖြစ်နိုင်သလားဆိုသည့် မေးခွန်းအပေါ် ဒေါက်တာဥမ္မာဆွေတင်က “စမ်းသပ်မှုတွေနဲ့ ပတ်သက်ပြီး သုံးပိုင်းပိုင်းပါတယ်။ နမူနာရယူတာရယ် စမ်းသပ်စစ်ဆေးတာရယ်၊ အဖြေဖတ်တဲ့ အပိုင်းရယ် ခွဲထားပါတယ်။ ဓာတ်ခွဲနမူနာယူတဲ့ အချိန်မှာ အချိန်မှန်ရပါမယ်။ သေချာ Quality ကောင်းတာဖြစ်ရပါမယ်။ စမ်းသပ်မှု အပိုင်းနဲ့ ပတ်သက်ပြီး အခုချိန်အထိ လက်ခံထားတာသည် PCR နည်းပညာနဲ့ပဲ COVID ဟုတ်မဟုတ်ကိုလုပ်ဖို့ သတ်မှတ်ထားပါတယ်။ အခုလုပ်နေတဲ့ PCR ကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ရည်ညွှန်းပြု ဓာတ်ခွဲခန်းကပေးတဲ့ ဓာတ်ခွဲပစ္စည်းတွေနဲ့ သုံးနေတာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့ရဲ့ စမ်းသပ်မှုအပိုင်းနဲ့ ပတ်သက်ပြီး အရည်အသွေးပိုင်းကို အာမခံပါတယ်။ False Negative၊ False Positive တွေသည် အပိုင်းသုံးပိုင်းနဲ့ကြည့်ပြီး ခွဲခြားထားတာ ဖြစ်တဲ့အတွက် ဘယ်ဟာမဆိုကတော့ ရှိနိုင်ပါတယ်။ ကျွန်မတို့သည် မှားမှာစိုးတဲ့အတွက်ကြောင့် မသေချာမချင်း နမူနာတွေကို ယူပြီးတော့ စစ်ပါတယ်” ဟုဒေါက်တာဥမ္မာဆွေတင်က ရှင်းပြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြုချက်အရ သံသယလူနာများမှနေ၍ အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှနေ၍ နမူနာများရယူရမည်။ ယင်းကဲ့သို့ နမူနာရယူခြင်းကို လေ့ကျင့်သင်တန်းပေးထားသူတစ်ဦး (ဆရာဝန် သို့မဟုတ် သူနာပြု သို့မဟုတ် ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်း) က ဆောင်ရွက်ရမည်။ ယင်းကဲ့သို့ ရယူသည့်သူသည် နမူနာရယူစဉ်အတွင်း ရောဂါကာကွယ်ရေးဝတ်စုံ (PPE) ဝတ်ဆင်ထားရမည်ဖြစ်ပြီး ဇီဝဘေးကင်းလုံခြုံမှုဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာရမည်ဖြစ်သည်။ လူနာ၏ ဦးခေါင်းကို နောက်သို့ ၇၀ ဒီဂရီ လှန်ထားရမည်ဖြစ်ပြီး နမူနာရယူသည့် ဂွမ်းစသည် နှာခေါင်းပေါက်ဝမှ နားဝအပြင်ဘက်အထိ အကွာအဝေးခန့်နှင့် ညီမျှသော အနက်အထိ ရောက်ရှိရမည် ဖြစ်သည်။ အလိုရှိသည့်နေရာ၌ ဂွမ်းစကို စက္ကန့်အတော်ကြာ ထားရှိကာ နှာရည်များကို စုပ်ယူစေရမည်ဖြစ်သည်။ အဆိုပါဂွမ်းစကို လှည့်ယူလျက် ဖြည်းညင်းစွာ ထုတ်ယူရမည်ဖြစ်သည်။ နှာခေါင်းပေါက် နှစ်ဖက်စလုံးကို တူညီသော ဂွမ်းစဖြင့်သာ နမူနာ ရယူရမည်ဖြစ်သည်။ ဂွမ်းစ၏ ထိပ်ကို ပိုးသတ်ထားသည့် ဗိုင်းရပ်စ်သယ်ဆောင်ရေး ကြားခံပြွန်ထဲသို့ နေရာချထားကာ ဂွမ်းစတပ်ထားသည့်အတံကို ဖယ်ရှားရမည်ဖြစ်သည်။ ဂွမ်းစသည် လိုအပ်သည့် အနက်အထိ မရောက်ဘဲ အပေါ်ယံဖြစ်နေပါက ယင်းနမူနာကို စမ်းသပ်စစ်ဆေးနိုင်မည် မဟုတ်ပေဟု ဓာတ်ခွဲနမူနာရယူမှုနှင့် ပတ်သက်၍ ဖော်ပြထားသည်။

“False Negative ဆိုတာ ဖြစ်လေ့ရှိပါတယ်။ မြန်မာပြည်က လူတွေအတွက် အရင်ကတည်းက သေသွားရင်တောင် ဘာရောဂါမှန်းမသိဘဲ သေသွားတဲ့သူတွေ ဒုနဲ့ဒေးပါ။ အဆိုးဆုံး အခြေအနေမှာ ရှင်သန်နေရတဲ့ သူတွေအဖို့ ထပ်ဆိုးတာတွေ ကြုံလာလည်း သိပ်မထူးတော့သလိုပဲ။ ဆေးရုံတွေမှာ ဝန်ထမ်းတွေ ပြေးကုန်တော့မယ်။ တကယ်ဖြစ်လာရင် ဆေးရုံတွေမှာ အောက်စီဂျင်တောင် လုံလောက်အောင်ရဖို့ မလွယ်တဲ့ အခြေအနေပါ။ ဒုတိယနာဂစ် မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းတယ်။ သို့သော် ဖြစ်မှန်းမသိ ဖြစ်နေတာလည်း ဖြစ်နိုင်သလို နောက်ဆုံးမဖြစ်တာ မြန်မာပြည်ပဲ ကျန်တာလည်း ဖြစ်နိုင်ပါတယ်” ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာစံကျော်ဦးက ပြောကြားသည်။

Negative ဖြစ်နေဆဲနှင့် ပတ်သက်၍ ဆက်လက်ငြင်းခုံသင့်သလား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြုချက်အရ Case Zero ကို ရှာဖွေရန် ထပ်ကာထပ်ကာ ထပ်ကာ စစ်ဆေးရမည်ဖြစ်ပြီး ပျံ့နှံ့ရာလမ်းကြောင်းကို ခြေရာခံရမည် ဖြစ်သည်ဟု ဆိုထားသည်။ 

ကမ္ဘာတစ်လွှား၌ ဒေသအလိုက် ကူးစက်ပျံ့နှံ့မှု ဖြစ်လာသည့်နေ့များတွင် ရောဂါမည်တပ်ခြင်း သို့မဟုတ် အတည်ပြုခြင်း မပြုသော်လည်း Positive လူနာများကဲ့သို့ ပြုမူရမည်ဖြစ်သည်ဟုလည်း ဆိုထားသည်။

လူနာတစ်ဦးကို တွေ့ရှိပါက အခြားလူနာများစွာရှိနှင့်ပြီး ဖြစ်နေပြီဟူသော အဓိပ္ပာယ်ဖြစ်ပြီး ရောဂါတွေ့ရှိသည့် နိုင်ငံများထဲ၌ ကံကောင်းထောက်မစွာ မပါသေးသည်ကို မျက်စိမှိတ် ယုံကြည်နေခြင်း မပြုဘဲ မိမိတို့ အနီးတစ်ဝိုက်၌ ရောဂါလက္ခဏာ မပြသေးသည့် လူများရှိနေသကဲ့သို့ ပြုမူနေထိုင်သင့်သည်ဟု ရောဂါအတည်ပြုလူနာ မတွေ့ရှိသေးသော နိုင်ငံများကို WHO အကြံပြုထားသည်။

 


READ NEXT
Cancel OK