Top News

ပြည်တွင်းအရင်းအမြစ်များကို စုစည်းခြင်း (Domestic Resource Mobilization)
24htopnews | October 31, 2024 6:12 PM CST

ယနေ့အချိန် စာရေးသူတို့၏ တိုင်းပြည် နိုင်ငံတော်နှင့် ပြည်သူ ပြည်သားများ၏ အဆင့်အတန်း အခြေအနေမှာ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းရှိ  အာဆီယံ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာကွာခြားလျက်ရှိနေသည့်အပြင် ယခုကဲ့သို့ အောက်ကျ နောက်ကျ ဖြစ်လျက်ရှိသည့် အခြေအနေများမှ ရုန်းထွက်နိုင်စေရေးအတွက် စာရေးသူ၏ အတွေ့အကြုံ၊ လေ့လာသိရှိရသည့် အကြောင်းအရာများကို အခြေခံကာ ဆောင်းပါးများနှင့် ရေးသားတင်ပြနိုင်ရန် ကြိုးစားလျက်ရှိပါသည်။

မိမိတို့ တိုင်းပြည်နိုင်ငံတော်ကြီးအနေဖြင့် မည်သည့်အကြောင်းရင်းများကြောင့် ယခုကဲ့သို့ အောက်ကျနောက်ကျ အခြေအနေတွင် တည်ရှိဖြစ်ပေါ်စေလျက်ရှိသည်ကို ဆရာကြီး ဦးမြတ်သိန်း၏ စာတမ်း (Reference: 1) ကို အခြေခံကာ တင်ပြပါမည်။ ဆရာကြီးက စီးပွားရေးပညာရပ်နယ်ပယ်နှင့် သက်ဆိုင်သည့် အကြောင်းရင်းအချက်အလက်များ (Economic Factors) နှင့် စီးပွားရေးပညာရပ်နယ်ပယ်နှင့် သက်ဆိုင်ခြင်းမရှိသည့် အကြောင်းရင်းအချက်အလက်များ (Non-Economic Factors) အဖြစ် နှစ်ပိုင်းခွဲပြီး လေ့လာတင်ပြထားပါသည်။ဆရာကြီးဦးမြတ်သိန်း၏ ရှင်းလင်း တင်ပြချက်များမှ စီးပွားရေးပညာရပ်နယ်ပယ်နှင့် သက်ဆိုင်သည့် အကြောင်းရင်းအချက်အလက် အချို့ကို ထုတ်ဖော်တင်ပြပါမည်။ လုံးကောက် ဘာသာပြန်ဆိုခြင်း မဟုတ်ပါ။

(က) ကမ္ဘာကျော် မြန်မာ ဘောဂဗေဒ ပညာရှင်ကြီး တစ်ဦးဖြစ်သည့် ဆရာကြီးဒေါက်တာလှမြင့်သည် ဖွံ့ဖြိုးမှု ဘောဂဗေဒ ပညာရပ်နယ်ပယ်တွင် ကမ္ဘာပေါ်၌ ထင်ရှားကျော်ကြားစေခဲ့သည့် တိုင်းပြည်နိုင်ငံများ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် ပတ်သက်သည့် မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်ရာတွင် အသုံးပြုရသည့် သဘောတရားနှစ်ရပ်ကို တီထွင် ဖော်ထုတ်ခဲ့ပါသည်။ ၎င်းတို့မှာ (၁) ပြည်တွင်းအင်အားကိုသာ အခြေပြုသည့် မဟာဗျူဟာ နည်းဗျူဟာများ (Inward-Looking Strategies) နှင့် (၂) ပြည်ပအင်အားများကိုပါ ရယူအသုံးပြုသည့် မဟာဗျူဟာ၊ နည်းဗျူဟာများ (Outward-Looking Strategies) တို့ ဖြစ်ကြပါသည်။

ဆရာကြီးဒေါက်တာလှမြင့်က အရှေ့တောင် အာရှနိုင်ငံများနှင့် ပတ်သက်၍ ခွဲခြမ်းစိတ်ဖြာ ဖော်ထုတ်ခဲ့ရာတွင် ထိုင်းနိုင်ငံ နှင့် မလေးရှားနိုင်ငံတို့မှာ ပြည်ပအင်အားများကိုပါ ရယူအသုံးပြုသည့် မဟာဗျူဟာ၊ နည်းဗျူဟာများ (Outward-Looking Strategies) ကို အသုံးပြုခဲ့ကြပြီး မြန်မာနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှာ ပြည်တွင်းအင်အားကိုသာ အခြေပြုသည့် မဟာဗျူဟာ၊ နည်းဗျူဟာများ (Inward-Looking Strategies) ကို အသုံးပြုခဲ့ကြပါသည်။

(ခ) ဆက်လက်၍ ရှင်းလင်းတင်ပြရာတွင် အထက်ဖော်ပြပါ ရွေးချယ်ကျင့်သုံးမှုများအရ ပြည်ပအင်အားများကိုပါ ရယူအသုံးပြုပြီး ပြည်ပပို့ကုန် အခြေပြု ဖွံ့ဖြိုးမှု မဟာဗျူဟာကို ကျင့်သုံးခဲ့ကြသည့် အာရှနိုင်ငံများသည် အောင်မြင်မှုများ ရရှိခဲ့ကြပြီး သွင်းကုန်အစားထိုး ပြည်တွင်းအင်အားကိုသာ အခြေပြုသည့် မဟာဗျူဟာ၊နည်းဗျူဟာများကို ကျင့်သုံးခဲ့ကြသည့် နိုင်ငံများမှာ အောင်မြင်မှု မရရှိခဲ့ကြပါ။

(ဂ) မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုနိမ့်ကျစေခဲ့ခြင်း၏ အဓိကအကြောင်းရင်းများတွင် စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့ခြင်း (Lack of Sound Economic Management)သည်လည်း အခြေခံအကြောင်းရင်းများတွင် ပါဝင်ပါသည်။

(ဃ) မြန်မာတို့၏ ကိုယ့်အားကိုယ်ကိုးမူဝါဒ (Myanmar’s Self-Reliant Policy) အရ ပြည်ပအကူအညီများကို လက်မခံဘဲ ငြင်းပယ်ခဲ့ကြပါသော်လည်း ကိုရီးယားသမ္မတနိုင်ငံနှင့် ထိုင်ဝမ်တို့မှာမူ ပြည်ပအကူအညီများကို ရယူပြီး စက်မှုနိုင်ငံကြီးများအဖြစ်သို့ ရောက်ရှိသွားစေခဲ့ပါသည်။

စီးပွားရေးပညာရပ်နယ်ပယ်နှင့် သက်ဆိုင်ခြင်းမရှိသည့် အကြောင်းရင်းအချက်အလက်များကို ဆရာကြီး ဦးမြတ်သိန်း၏ တင်ပြချက်အချို့မှာ  (က) လွတ်လပ်ရေး ရရှိပြီးချိန်ကတည်းက ဖြစ်ထွန်းပေါ်ပေါက်လာစေခဲ့သည့် တိုင်းရင်းသား လူမျိုးများအရေးနှင့် လက်နက်ကိုင် ပဋိပက္ခ ပြဿနာရပ်များကြောင့် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှု နိမ့်ကျစေခဲ့ခြင်း ဖြစ်ပါသည်။ မလေးရှားနိုင်ငံသည် ဖော်ပြပါ ပြဿနာရပ်များကို ကြုံတွေ့ခဲ့ရပါသော်လည်း အောင်မြင်စွာ ကျော်လွှားနိုင်စေခဲ့ပါသည်။

(ခ) အချို့သော ပညာရှင်ကြီးများ၏ ဝေဖန်သုံးသပ်ချက်များအရ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုနိမ့်ကျစေခဲ့ခြင်း၏ အကြောင်းရင်းတစ်ရပ်မှာ မြန်မာတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကြောင့် စီးပွားရေးဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေခဲ့ပါသည်ဆိုသော အကြောင်းပြချက်ဖြစ်ပါသည်။ ထိုင်းနိုင်ငံသည် မြန်မာတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် အနီးစပ်ဆုံးတူညီသော်လည်း စီးပွားရေး တည်ငြိမ်ဖွံ့ဖြိုးမှုကို အောင်မြင်စေရန် ဆောင်ရွက်နိုင်ခဲ့ပါသည်။

(ဂ) ဆရာကြီး ဦးမြတ်သိန်းက နောက်ဆုံးအနေနှင့် မှတ်ချက်ပြုတင်ပြရာတွင် မြန်မာစီးပွားရေး ပညာရှင်ကြီးများသည် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှု နှင့် တည်ငြိမ်မှု ရရှိနိုင်စေရန် အချိန်မီတာဝန်ကျေပွန်စွာ တင်ပြခဲ့ကြသည်များကို သက်သေအဖြစ် စာအုပ်စာတမ်း အထောက်အထားများနှင့် ဖော်ထုတ် တင်ပြခဲ့ပါသည်။

နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားသည့် အဓိကတာဝန်ရှိသူများက အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မပြုကြသည့်အတွက် မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးမှု နိမ့်ကျစေခဲ့ခြင်းဖြစ်ပါသည်။

ထိုစဉ်အချိန်အခါက တည်ရှိဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများကြောင့် ဆရာကြီးက တိုက်ရိုက်တင်ပြခြင်း မပြုခဲ့သည့် အကြောင်းရင်းများကို စာရေးသူအနေနှင့် ဖြည့်စွက် တင်ပြရပါလျှင် (က) လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း အထူးသဖြင့် ၁၉၆၂ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ကို ရယူခဲ့သည့် အင်စတီကျူးရှင်းများသည် “စစ်အင်အား” သို့မဟုတ် “လက်နက်အင်အား” ကိုသာ အသုံးပြုခဲ့ပြီး နိုင်ငံတော်ကို အုပ်ချုပ်ခဲ့သည်မှာလည်း “စစ်အင်အား” သို့မဟုတ် “လက်နက်အင်အား” ကိုသာ အခြေခံခဲ့သဖြင့် နိုင်ငံရေးအင်စတီကျူးရှင်းများနှင့် စီးပွားရေး အင်စတီကျူးရှင်းများမှာ ဖြစ်ပေါ် တည်ရှိ ရှင်သန်နိုင်ခြင်း မရှိတော့ဘဲ နိုင်ငံရေး နှင့် စီးပွားရေးမှာ ချွတ်ခြုံကျစေခဲ့ပါသည်။

(ခ) စီးပွားရေး ဖွံ့ဖြိုးမှုကို ရရှိခဲ့ကြသည့် အချို့သော အာရှနိုင်ငံများသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူချိန်တွင် “စစ်အင်အား” သို့မဟုတ် “လက်နက် အင်အား” ကို အသုံးပြုခဲ့ကြပါသော်လည်း နိုင်ငံရေးအင်စတီကျူးရှင်းများနှင့် စီးပွားရေးအင်စတီကျူးရှင်းများ တည်ရှိ ဖြစ်ပေါ်ရှင်သန်လာနိုင်စေရေးကို ဦးစားပေး တည်ဆောက်နိုင်ခဲ့ကြပါသည်။

(ဂ) တိုင်းပြည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံများဖြစ်ကြသည့် ငွေကြေးစနစ်နှင့် ဘဏ္ဍာရေးစနစ်ကို တည်ငြိမ်ခိုင်မာ အားကောင်းလာစေရေးကို မပြုလုပ်မဆောင်ရွက်နိုင်ခဲ့ခြင်းသည်လည်း မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုနိမ့်ကျစေခဲ့ခြင်း၏ အခြေခံအကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။         

ခေတ်မီ ငွေကြေးစနစ်နှင့် ဘဏ္ဍာရေးစနစ် ကောင်းမွန်စွာ ရှင်သန်ရပ်တည်လည်ပတ်ခြင်းမရှိသော တိုင်းပြည် နိုင်ငံတစ်နိုင်ငံသည် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်နိုင်ငံအဖြစ်သို့ ရောက်ရှိနိုင်စေရန်မှာ လွန်စွာခက်ခဲမည်ဖြစ်ပါသည်။ အချို့က လုံးဝမဖြစ်နိုင်ပါ။ မရောက်ရှိနိုင်ပါဟုပင် ဝေဖန်ထောက်ပြကြပါသည်။ ငွေကြေးစနစ်နှင့် ဘဏ္ဍာရေးစနစ် တည်ငြိမ်ခိုင်မာ အားကောင်းစွာ ရှင်သန်လည်ပတ်နေစေရန်မှာ ပြည်တွင်းအရင်းအမြစ်များကို စုစည်းနိုင်ခြင်းသည် မရှိမဖြစ် အဓိကကျသည့် မောင်းနှင်အား လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။

စာရေးသူ အနေဖြင့် ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှု နိမ့်ကျစေခဲ့ခြင်းအခြေအနေ စီးပွားရေး ချွတ်ခြုံကျမှုမှ လွတ်မြောက်နိုင်စေရန်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်နိုင်ငံတစ်နိုင်ငံဖြစ်လာစေရေးအတွက် ငွေကြေးစနစ်နှင့် ဘဏ္ဍာရေးစနစ်များ အရေးကြီးပုံကို သိမြင်နားလည် သဘောပေါက်လာကြစေရန်နှင့် ငွေကြေးစနစ်နှင့် ဘဏ္ဍာရေးစနစ်များ ခိုင်မာ အားကောင်းစွာ ရှင်သန် လည်ပတ် နေစေ ရေးအတွက် ပြည်တွင်း အရင်းအမြစ်များအား စနစ်တကျ စုစည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင် စေရေးကို ရည်ရွယ်ပါသည်။

ပထမဦးစွာ ပြည်တွင်းအရင်းအမြစ်များအား စုစည်းခြင်းပြုလုပ်ရာတွင် အဓိကကျသည့် အဓိပ္ပာယ်သဘောတရား များကို တင်ပြပါမည်။ ထိုသို့ တင်ပြရာတွင် ရှုပ်ထွေးနက်နဲသော စာရင်းအင်းပညာနည်းလမ်းများကို အသုံးပြုကာ တင်ပြခြင်းမပြုဘဲ လူအများ အလွယ်တကူ သိမြင် နားလည် လွယ်စေမည့် အကြောင်းအရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို တတ်နိုင်သမျှ အသုံးပြုကာ တင်ပြပါမည်။ အချို့သော ပညာရှင်ကြီးများ အသုံးပြုသည့် စကားလုံး စကားရပ်များနှင့် ကွဲပြား ခြားနားခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

တိုင်းပြည် နိုင်ငံတစ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အရေးအကြီးဆုံးမှာ စုစုပေါင်းပြည်တွင်း ထုတ်ကုန်တန်ဖိုး(Gross Domestic Product (GDP)) တိုးတက်ရန်ပင် ဖြစ်ပါသည်။ နောက်ပိုင်းတွင် (ဂျီဒီပီ GDP) ဟု အတိုကောက် စကားလုံးကို အသုံးပြုပါမည်။ (ဂျီဒီပီ GDP) ၏ အဓိပ္ပာယ်ဖွင့်ဆို

ချက်နှင့် တွက်ချက်ရယူပုံများကို မိမိတို့ တိုင်းပြည်နိုင်ငံတွင် တစ်နှစ်လျှင် တစ်ကြိမ် တရားဝင် ထုတ်ပြန်ထားရှိသည့် (Myanmar Statistical Yearbook) တွင် ပါဝင်သည့် အကြောင်းအရာများကို အခြေခံကာ ရှင်းလင်းတင်ပြပါမည်။

မိမိတို့ တိုင်းပြည် နိုင်ငံအတွက် (ဂျီဒီပီ GDP) နှင့် ပတ်သက်သည့် စာရင်းအင်း ကိန်းဂဏန်း အချက်အလက်များကို ထုတ်ပြန်ရာတွင် ကုန်ထွက်နည်း

(Product Approach) နှင့် အသုံးစရိတ်နည်း (Expenditure Approach) ဆိုပြီး နည်းနှစ်နည်းကို အခြေခံလျက် အသုံးပြုကာ ထုတ်ပြန်လျက်ရှိပါသည်။ အဆိုပါ နည်း နှစ်နည်းကို အကျဉ်းချုပ် တင်ပြရမည် ဆိုပါလျှင် (က) ကုန်ထွက်နည်း ဆိုသည်မှာ (ဂျီဒီပီ GDP) ကို တွက်ချက်ဖော်ပြရာတွင် (အေအိုင်အက်(စ်) AIS) ဟု အတိုကောက် ခေါ်ဆိုကြသည့် (Agriculture, Industry, Service) (စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ) စသည့် ကဏ္ဍကြီး သုံးခုမှ ထုတ်လုပ်မှုများကို အခြေခံပြီး တွက်ချက် ဖော်ပြခြင်း ဖြစ်ပါသည်။

(ခ) အသုံးစရိတ်နည်း ဆိုသည်မှာ (ဂျီဒီပီ GDP) ကို တွက်ချက်ဖော်ပြရာတွင် စုစုပေါင်း စားသုံးမှုတန်ဖိုး (Total Consumption)၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုး (Total Investment) နှင့် ပြည်ပ ပို့ကုန်တန်ဖိုး (Exports, (fob)) တို့ (သုံးခုကို) ကို ပေါင်းခြင်းမှ ပြည်တွင်း သွင်းကုန် တန်ဖိုး (Imports (Cif)) ကို နှုတ်ခြင်း ဖြစ်ပါသည်။ ညီမျှခြင်းဖြင့် ဖော်ပြရပါလျင် -

စုစုပေါင်းပြည်တွင်း ထုတ်ကုန်တန်ဖိုး (ဂျီဒီပီ GDP) = စုစုပေါင်း စားသုံးမှုတန်ဖိုး (Total Consumption)

                                                           + စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုး (Total Investment)

                                                           + ပြည်ပ ပို့ကုန်တန်ဖိုး (Exports, (fob))

                                                           - ပြည်တွင်း သွင်းကုန် တန်ဖိုး (Imports (Cif)) ဖြစ်ပါသည်။

          ဖော်ပြပါ ညီမျှခြင်းမှ စုစုပေါင်း စုဆောင်းမှုတန်ဖိုး (Total Saving) ကို ရယူလိုပါလျှင် စုစုပေါင်းပြည်တွင်း ထုတ်ကုန်တန်ဖိုး (ဂျီဒီပီ GDP) မှ စုစုပေါင်း စားသုံးမှုတန်ဖိုး (Total Consumption) ကို နုတ်ခြင်းဖြင့် တွက်ချက်ရယူနိုင်သကဲ့သို့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုး (Total Investment) နှင့် ပြည်ပ ပို့ကုန်တန်ဖိုး(Exports, (fob)) တို့ပေါင်းခြင်းမှ ပြည်တွင်း သွင်းကုန်တန်ဖိုး (Imports (Cif)) ကို နှုတ်ခြင်းဖြင့်လည်း တွက်ချက် ရယူနိုင်ပါသည်။

ကုန်ထွက်နည်းနှင့် အသုံးစရိတ်နည်းတို့ဖြင့် တွက်ယူရရှိသည့် (ဂျီဒီပီ GDP)၏ ရလဒ်များကိုလည်း ချိန်ကိုက်ထားရှိသည်ကို တွေ့ရှိရပါသည်။ အချို့သော လေ့လာသူပညာရှင်များက အစိုးရအနေဖြင့် တရားဝင်ထုတ်ပြန်ထားရှိသည့် စာရင်းအင်းကိန်းဂဏန်း အချက်အလက်များသည် တိုင်းပြည် နိုင်ငံတော်ကို ကိုယ်စားပြုပါသလား။ သို့မဟုတ် မှန်ကန်ပါသလားဆိုသော မေးခွန်း မေးမြန်းလေ့ရှိပါသည်။

စာရေးသူ တစ်ဦးတည်း၏ အမြင်သက်သက်ဖြင့် ဖော်ပြပါမေးခွန်းကို ဖြေဆိုရပါလျှင် တရားဝင် ထုတ်ပြန်ထားရှိ သည့် စာရင်းအင်း ကိန်းဂဏန်း အချက်အလက်များသည် တိုင်းပြည် နိုင်ငံကို ကိုယ်စားပြုသည်ဟု မယုံကြည်ပါ။ သို့သော်လည်း တရားဝင် ထုတ်ပြန်ထားရှိသည့် စာရင်းအင်း ကိန်းဂဏန်း အချက်အလက်များမှ လွဲ၍ အခြားအသုံး ပြုနိုင်သည့် စာရင်းအင်းကိန်းဂဏန်း အချက်အလက်များလည်း စာရေးသူတို့တွင် မရှိပါ။ လက်လှမ်းမမီပါ။ ထို့ကြောင့် ရှိသည့် စာရင်းအင်း ကိန်းဂဏန်း အချက်အလက်များကိုသာ အသုံးပြုကြရပါသည်။

ဒုတိယအနေဖြင့် ပြည်တွင်း အရင်းအမြစ်များကို စုစည်းရာတွင် အသုံးပြုမည့် သဘောတရားများနှင့် လေ့လာ ရမည့် အချက်များကို တင်ပြပါမည်။

တိုင်းပြည် နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာစေရန်မှာ စုစုပေါင်းပြည်တွင်း ထုတ်ကုန် တန်ဖိုး (ဂျီဒီပီ GDP) တည်ငြိမ် မြင့်မားတိုးတက်ရမည် ဖြစ်ပါသည်။ (ဂျီဒီပီ GDP) တည်ငြိမ် မြင့်မား တိုးတက်လာစေရန်မှာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုး (Total Investment) အစဉ်အမြဲ မြင့်မား တိုးတက်နေရမည် ဖြစ်ပါ သည်။ စုစုပေါင်း ရင်း

နှီးမြှုပ်နှံမှုတန်ဖိုး အစဉ်အမြဲ မြင့်မား တိုးတက်နေစေရန်မှာ စုစုပေါင်း စုဆောင်းမှုတန်ဖိုး (Total Saving) အစဉ်အမြဲ မြင့်မား တိုးတက် ဖြစ်ပေါ်နေစေရန် လိုအပ်မည် ဖြစ်ပါသည်။ ထို့ကြောင့် ပြည်တွင်း အရင်းအမြစ်များအား စုစည်းနိုင်ရန်မှာ စုစုပေါင်း စုဆောင်းမှုတန်ဖိုးကို မြှင့်တင်နိုင်စေရေးသည် အဓိက အရေးကြီး သည့် အချက် ဖြစ်နေပါသည်။

ဆရာကြီး ဦးမြတ်သိန်းက မြန်မာတို့၏ စုဆောင်းမှု အလေ့အထသည် အောက်ဖော်ပြပါအချက်များအပေါ်တွင် တည်မှီ လျက်ရှိကြောင်း လေ့လာစိစစ် ဖော်ထုတ်ခဲ့ပါသည်။ ၎င်းတို့မှာ (၁) ဝင်ငွေ၊ (၂) စုဆောင်းမှုကို မြှင့်တင်ရန် ထိရောက်မှုရှိသော နှိုင်းယှဉ် အတိုင်းအတာများ၊ (၃) စုစုပေါင်း ပြည်တွင်းထုတ်ကုန်

တိုးတက်မှုနှုန်း၊ (၄) ငွေကြေး ဖောင်းပွမှုနှုန်း၊ (၅) အတိုးနှုန်း၊ (၆) ဘတ်ဂျက်လိုငွေပြမှု၊ (၇) နိုင်ငံခြား စုဆောင်းမှု၊ (၈) မှီခိုမှုအချိုး နှင့် (၉) ဘဏ္ဍာရေး ဖွံ့ဖြိုးမှု အတိုင်း အတာတို့ ဖြစ်ကြပါသည်။ (Reference: 1, pp-23).တတိယအနေဖြင့် မိမိတို့ တိုင်းပြည် နိုင်ငံ၏ စုစုပေါင်းပြည်တွင်း ထုတ်ကုန်တန်ဖိုး၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုး နှင့် စုစုပေါင်း စုဆောင်းမှုတန်ဖိုး တို့ကို ပုံတွင် ဖော်ပြထားပါသည်။ အချိန်ကာလအနေနှင့် ၂၀၀၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်၊ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ၁၀ နှစ်ကြာကာလများကို ပိုင်းခြားပြီး တင်ပြနိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့ ပါသော်လည်း ၂၀၁၉ ခုနှစ် အထိ စာရင်းအင်း ကိန်းဂဏန်း အချက်အလက်များကိုသာ ရရှိ အသုံးပြုနိုင်ခဲ့ပါသည်။

ပုံမှန်အားဖြင့် စုစုပေါင်း စုဆောင်းမှု တန်ဖိုး (Total Saving) သည် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုး (Total Investment) ထက် သာလွန်များပြားလျက်ရှိသည်ကို တွေ့ရှိသိမြင်နေရပါသော်လည်း (၂၀၁၃/၂၀၁၄) ဘဏ္ဍာရေး နှစ်မှစတင်ကာ ပြောင်းပြန် ဖြစ်သွားပြီး စုစုပေါင်း စုဆောင်းမှု တန်ဖိုးသည် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုးထက် လျော့နည်းကျဆင်းခြင်းများဖြစ်ပေါ်စေခဲ့ပါသည်။ ထိုကဲ့သို့ ဖြစ်ပေါ်စေခဲ့သည့် အကြောင်းရင်းတစ်ရပ်မှာ ပြည်ပ ပို့ကုန်တန်ဖိုး နှင့် ပြည်တွင်း သွင်းကုန်တန်ဖိုးတို့အား ဖော်ပြရာ၌ ဒေါ်လာမှ ကျပ်သို့ ပြောင်းလဲစေခဲ့ရာတွင် ဈေးကွက်ပေါက်ဈေးကို အသုံးပြုခဲ့ခြင်း (Converting US$ terms into Kyat by Market Exchange Rate) ကြောင့်ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါသည်။ ထို့ပြင် အဆိုပါ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ပြည်တွင်း သွင်းကုန် တန်ဖိုးသည် ပြည်ပ ပို့ကုန် တန်ဖိုးထက် အဆမတန် ကျော်လွန်ခြင်းများ ဖြစ်ပေါ်ခဲ့သည်မှာလည်း အခြားသော အကြောင်းရင်း တစ်ရပ် ဖြစ်ခဲ့ပါသည်။

စာရေးသူ အနေဖြင့် အဆိုပြုတင်ပြလိုသည်မှာ ငွေကြေးစနစ်နှင့် ဘဏ္ဍာရေးစနစ်တို့သည် ထိလွယ်ရှလွယ်ကိစ္စရပ်များဖြစ်သည်သာမက ပြည်သူ ပြည်သား အားလုံးတို့၏ နေ့စဉ် အသက်ရှင်နေထိုင်ရသည့် ဘဝအခြေအနေများနှင့်လည်း တိုက်ရိုက် ဆက်စပ်ပတ်သက်လျက်ရှိနေပါသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားကြသူ များအနေဖြင့် မိမိအား ပေးအပ်ထားရှိသည့် အာဏာနှင့် လုပ်ပိုင်ခွင့်ကို အသုံးပြုကာ ငွေကြေးစနစ်နှင့် ဘဏ္ဍာရေး စနစ်တို့ ချောမွေ့စွာ ရှင်သန်လည်ပတ်နိုင်စေရေးကို ကြိုးပမ်းအားထုတ်ကြစေလိုပါသည်။ အထူးသဖြင့် ပြည်တွင်း အရင်းအမြစ်များအား စုစည်းနိုင်ရန် အစွမ်းကုန် ကြိုးစားဆောင်ရွက်ကြစေလိုပါသည်။

ထိုကဲ့သို့မဟုတ်ဘဲ အာဏာနှင့် လုပ်ပိုင်ခွင့်များကို အသုံးပြုကာ လည်ပတ်လျက်ရှိနေသည့် စက်ဘီးခွေ စပုတ်တံများအကြား “သံချောင်း” သို့မဟုတ် “ဂွ” ကို ထည့်သွင်းသကဲ့သို့ စပုတ်တံများလည်း ကျိုးပျက်စေပြီး လည်ပတ်နေခြင်းများလည်း ရပ်တန့်ကာ စနစ်တစ်ခုလုံး လုံးဝပျက်သုဉ်းစေရန် ဆောင်ရွက်ခြင်းကဲ့သို့ လုပ်ရပ်မျိုးကို ရှောင်ရှားကြစေလိုပါသည်။ မိမိတို့ တိုင်းပြည် နိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ငွေကြေးစနစ်နှင့် ဘဏ္ဍာရေးစနစ်တို့ကို လုံးဝရပ်ဆိုင်းပြီး ပျက်ပြားစေရန် ၁၉၆၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၅ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၇ ခုနှစ်တွင် တစ်ကြိမ် သုံးကြိမ်တိုင်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှု နိမ့်ကျစေခဲ့ခြင်းအခြေအနေ စီးပွားရေး ချွတ်ခြုံကျမှုမှ လွတ်မြောက်နိုင်စေရန်နှင့် ခေတ်မီဖွံဖြိုးတိုးတက်သော တိုင်းပြည် နိုင်ငံတစ်နိုင်ငံဖြစ်လာစေရေးအတွက် ငွေကြေးစနစ်နှင့် ဘဏ္ဍာရေးစနစ်များ အရေးကြီးပုံကို သိမြင် နားလည် သဘော ပေါက်လာကြပြီးလျှင် ငွေကြေးစနစ်နှင့် ဘဏ္ဍာရေးစနစ်များ ခိုင်မာအားကောင်းစွာ ရှင်သန်လည်ပတ်နေစေရေးအတွက် ပြည်တွင်း အရင်းအမြစ်များအား စနစ်တကျ စုစည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးကို အစွမ်းကုန် ကြိုးပမ်းနိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

 

 

Reference:

1. Myat Thein (1999), “Improving Domestic Resource Mobilization in Myanmar”, ISEAS, Working Paper; Economics and Finance, Singapore: Institute of South Asia Studies.

 


READ NEXT
Cancel OK