(၁)
နံနက်ခင်း ၉ နာရီနဲ့ ၁၀ နာရီ ကြားလောက်ဆို လူငယ်လေးတစ်ယောက်ဟာ ဆိုင်ဘက်ဆီကို ခြေလှမ်းမှန်မှန်နဲ့ လျှောက်လာပြီ။ သူနေတဲ့လမ်းက ဆိုင်ရှိတဲ့လမ်းနဲ့ဆို သိပ်မဝေးဘူးနဲ့တူတယ်။ လူငယ်လေးဟာ ဘေးဘီဝဲယာကိုမကြည့်ဘဲနဲ့ ဆိုင်ရှိတဲ့ဘက်ကိုပဲကြည့်ပြီး တန်းတန်းမတ်မတ် လျှောက်လာတာ။ လျှောက်လာရင်း အတူတူတွဲသောက်နေကျ ဘော်ဒါတွေရှိတဲ့ လမ်းထိပ်ကိုရောက်ရင် သူဟာ ခဏရပ်ပြီး ဘယ်သူ ဘယ်သွားလဲ။ ဆိုင်သွားပြီလား။ စသဖြင့် တစ်ယောက်ယောက်ကို မေးတတ်တယ်။ ပြီးရင်တော့ ဆိုင်ရှိတဲ့ဘက်ကို ဆက်လျှောက်သွားတာပေါ့။
လူငယ်လေးဟာ ဆံပင်တိုတို အသားကဖြူဖတ်ဖြူရော်နဲ့ အရပ်က ငါးပေသုံးလက်မကျော်လောက်ရှိတယ်။ ရုပ်ဖြောင့်တဲ့ အထဲမှာပါတယ်။ ပြီးတော့ သူဟာသူ့ရဲ့ဘော်ဒါတွေ ပြောစကားအရ ဘွဲ့ရပညာတတ်။ သူ့အမေက အငြိမ်းစားဝန်ထမ်းတစ်ယောက်။ အဲဒါကြောင့် အဲဒီလူငယ်လေး အခုလိုဖြစ်နေတာကို ကျွန်တော် နားမလည်နိုင်ဘူး။ တွေးလို့လည်း မရဘူး။ သူတို့ အချင်းချင်းပြောနေကြတာကတော့ အဲဒီလူငယ်လေး မိဘတွေက စည်းကမ်းတင်းကျပ်တယ်တဲ့။ ထားပါ။ သူတို့ ဘော်ဒါဘက်က ဘက်လိုက်ပြီး ပြောတာဖြစ်မယ်။ ပြီးတော့ စည်းကမ်းတင်းကျပ်တာကလည်း မိဘတိုင်းလိုလိုပါပဲ။
လူငယ်လေးဟာ မိုးရွာရွာနေပူပူဆိုင်ရှိရာဘက်ကို လျှောက်လာတာပဲ။ တခါတလေကျရင် သူရဲ့သောက်ဖော်သောက်ဖက် စက်ဘီးနောက်မှာထိုင်လို့ လိုက်ပါလာတယ်။ တခါတလေကျရင်လည်း ဆိုင်ကယ်တစ်စီးရဲ့ နောက်မှာ ထိုင်လို့ပေါ့။ ဒီလိုနဲ့ လူငယ်လေးဟာ လျှောက်လာရင်း လျှောက်လာရင်းနဲ့ ဆိုင်ရှေ့ကို ရောက်သွားတယ်။ ပြီးတော့ သူဟာ ဆိုင်ထဲဝင်သွားတယ်။
(၂)
အမေ့ရဲ့ ကွမ်းယာဆိုင်ကလေးက နံနက် ၁၀ နာရီလောက်ဆို သိမ်းတယ်။ ပြီးရင်တော့ အဖေနဲ့ကျွန်တော် ကွမ်းယာလှည်းကလေးကိုတွန်းပြီး အိမ်ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ ကျွန်တော်ထမင်းစားတယ်။ ပြီးတော့ ခဏထမင်းလုံးစီနေလိုက်တယ်။ ပြီးတဲ့အခါ စက်ဘီးနင်းပြီး လမ်းထိပ်ထွက်လာခဲ့လိုက်တယ်။ အမေ့ရဲ့ ကွမ်းယာဆိုင်ကလေး သိမ်းပြီးတဲ့အချိန်ဟာ အလုပ်အကိုင်မဲ့နေတဲ့ ကျွန်တော့်အတွက်တော့ အားနေတဲ့အချိန်ပေါ့။ အဲဒါကြောင့် လမ်းထိပ်ထွက်ပြီး ၀ိုင်ဖိုင်သုံးပါတယ်။
လမ်းထိပ်ရောက်တော့ ၀ိုင်ဖိုင်တပ်ထားတဲ့ အသိအိမ်ရှေ့မှာ စက်ဘီးကို ဒေါက်ထောက်လိုက်ကာ အသင့်ရှိနေတဲ့ သစ်သားထိုင်ခုံပေါ်မှာ ကျွန်တော်ထိုင်လိုက်တယ်။ ပြီးတော့ ၀ိုင်ဖိုင်ချိတ်ပြီး Facebook ပေါ်မှာ ဟိုကြည့်ဒီကြည့်ပေါ့။ ဒီလိုနဲ့ နေ့လည် ၁၁ နာရီကျော်လောက်ကျတော့ တစ်စုံတစ်ယောက်ကို ဗလုံးဗထွေးအသံနဲ့ နှုတ်ဆက်နေတဲ့ အသံတစ်သံကြောင့် ကျွန်တော် ကြည့်လိုက်တော့ နံနက်ခင်းက လူငယ်လေး ဖြစ်နေတယ်။ လူငယ်လေးဟာ နံနက်ခင်းနဲ့ မတူတော့ဘဲ ယိုင်တိုင်တိုင်နဲ့ လျှောက်လာတာပေါ့။ ဒါပေမဲ့ အိန္ဒြေပျက်လောက်အောင်ထိတော့ မဟုတ်ဘူး။ ထိန်းနိုင်သေးတယ်။
လူငယ်လေးဟာ ယိုင်တိုင်တိုင်နဲ့လျှောက်လာရင်း ကျွန်တော့်ကိုမြင်တော့ သူ့ခြေလှမ်းတွေကို ကျွန်တော့်ဆီ ဦးတည်လိုက်တယ်။ ကျွန်တော့်အနားရောက်တော့ ကျွန်တော့်ကိုနှုတ်ဆက်တယ်။ ဘဲကြီး နေကောင်းလားဘာညာပေါ့။ အဲဒါနဲ့ အဲ့ဒီလူငယ်လေးကို သေချာကြည့်လိုက်တော့ ကျွန်တော်သိတဲ့ လူငယ်လေးဖြစ်နေတယ်။ အဲ့ဒီလူငယ်လေးက ကျွန်တော့်ရဲ့ လူငယ်ဘဝနေ့ရက်တွေတုန်းက ထိုင်ခဲ့ဖူးတဲ့ ကဖေးဆိုင်ပိုင်ရှင်ရဲ့ သားအငယ်ဆုံးလေး။ အဲဒီအချိန်တုန်းကတော့ သူဟာကလေးပဲ ရှိသေးတာပေါ့။ အဲ့ဒါနဲ့ ကဖေးဆိုင်ထိုင်တဲ့အကြောင်းပြောတော့ သူကျွန်တော့်ကိုသိတယ်လို့ ပြောတယ်။ အဲဒီအချိန် သူ့မျက်လုံးတွေက မူးယစ်ရီဝေလို့။
ပြီးတော့ လူငယ်လေးဟာ ကျွန်တော့်ရှေ့မှာ ထိုင်လိုက်တယ်။ ပြီးတဲ့အခါ သူနဲ့ကျွန်တော်နဲ့ကလည်း ပြောစရာစကားများများစားစား မရှိတော့ သူ့ဘောင်းဘီအိတ်ထဲကနေ ဖုန်းထုတ်လိုက်တယ်။ ပြီးနောက် ဖုန်းထဲက ဂိမ်းတစ်ခုကို သူဆော့နေတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ၀ိုင်ဖိုင်သုံးချင်ယောင်ဆောင်ပြီး လူငယ်လေးကို အကဲခတ်ကြည့်နေလိုက်တယ်။ လူငယ်လေးဟာ မူးယစ်ရီဝေနေတဲ့ အကြည့်တွေနဲ့ ဂိမ်းဆော့လိုက်။ ပြီးရင် ခေါင်းမော့ပြီး တောကြည့်တောင်ကြည့်ကြည့်လို့နေတယ်။
ပြီးတဲ့အခါ သူ့မျက်နှာကလည်း နည်းနည်းဖောစပြုနေပြီ။ အနံ့ကလည်း ဘီအီးအနံ့ နဲ့ ရေမွှေးအနံ့တို့ ရောထွေးလို့။ လူငယ်လေးတစ်ယောက်နဲ့ ဘယ်လိုမှမသင့်တော်တဲ့ အနံ့တွေပါပဲ။ တအောင့်လောက်နေတော့ လူငယ်လေးထပြန်သွားတယ်။ လာတုန်းက ခြေလှမ်းအတိုင်းပါပဲ။ ဒါပေမဲ့ ယိုင်တိုင်တိုင်နဲ့။ အဲ့ဒီအချိန် ကျွန်တော့်မှာ အတွေးပေါင်းစုံနဲ့ ငေးကျန်နေခဲ့ပါတယ်။
(၃)
နံနက်ခင်း အမေ့ရဲ့ကွမ်းယာဆိုင်ကလေးကို ဖွင့်ပေးကာ ဖောက်သည်တွေအတွက် ကွမ်းနည်းနည်းထုပ်ပြီးတာနဲ့ ကျွန်တော်ဟာ အိမ်ပြန်ကာ ရေချိုးနံနက်စာစားပြီး ဆိုင်ပြန်သွားကာ ဆိုင်မသိမ်းခင်အချိန်လေး လမ်းထိပ်က အသိအိမ်ရှေ့မှာ ၀ိုင်ဖိုင်ထိုင်သုံးတယ်။ အဲဒီလိုအချိန်ဆို အသက်နှစ်ဆယ်ဝန်းကျင် လောက်ပဲရှိဦးမယ့် လူငယ်လေးတစ်ယောက် သူ့အိမ်ကနေ ထွက်လာပြီ။ ပြီးရင် ကျွန်တော့် အမေရဲ့ ကွမ်းယာဆိုင်ကလေးမှာ ကွမ်းနှစ်ယာဖိုး ဝယ်တယ်။ ပြီးတဲ့အခါ ကျွန်တော်ထိုင်နေတဲ့အနားမှာ လာထိုင်တယ်။ သူနဲ့ကျွန်တော်နဲ့က သိနေတာကြာပြီ။ သူ့အမေက ကျွန်တော့်အမေရဲ့ ကွမ်းယာဆိုင်ကလေးရဲ့ ဖောက်သည်တစ်ယောက်။ ပြီးတော့ သူ့အစ်မငယ်ငယ်ကဆို ကျွန်တော်တို့ စနောက်နေကျ။ အဲ့ဒီတုန်းက သူဆိုပုစိညှောက်တောက်လေးပဲ ရှိဦးမယ်။
လူငယ်လေးကို သူ့ရဲ့သောက်ဖော်သောက်ဖက်တွေ နာမည်ပေးထားတာက ခေါင်းဆောင်ကြီးတဲ့။ အဲဒီနာမည်ခေါ်ရင် လူငယ်လေးက ခပ်ပြုံးပြုံးပဲ။ နာရကောင်းမှန်းမသိဘူး။ ဘာလို့ အဲဒီနာမည်ပေးထားတာလဲဆိုတော့ ဆိုင်သွားပြီဆို ဦးဆောင်ပြီးသွားလို့ ပေးထားကြတာ။ ပြီးတော့ ကျွန်တော် ထိုင်နေတဲ့နေရာက လူငယ်လေးတို့အဖွဲ့ရဲ့ စုရပ်လို့လည်း ပြောလို့ရတယ်။
ကျွန်တော့်အနားမှာထိုင်ပြီး ကျွန်တော် Facebook သုံးနေတာကို လူငယ်လေးကြည့်နေတာပေါ့။ သူ့ဖုန်းကတော့ ဆိုင်ထိုင်ဖို့ ပိုက်ဆံမရှိလို့ ပေါင်ထားရတယ်။ ပေါင်လိုက်ရွေးလိုက်ပါပဲ။ ပြီးတော့ အခုခေတ် လူငယ်လေးတွေဆို ကျွန်တော်မြင်သလောက် ဖုန်းကောင်းကောင်းကိုယ်စီနဲ့။ ဂိမ်းဆော့တယ်။ Facebook သုံးတယ်။ ဖွန်ကြောင်တယ်။ ပြီးတဲ့အခါ ကျွန်တော် လူငယ်လေးအရွယ်လောက်တုန်းကဆိုလည်း ကဖေးဆိုင်ထိုင်တယ်။ ကျားရွှေ့တယ်။ သတင်းစာဖတ်တယ်။ လျှောက်သွားတယ်။ စာဖတ်မယ်။ ရုပ်ရှင်ကြည့်တယ်ပေါ့။
အခု ဒီလူငယ်လေးကျတော့ သောက်ဖော်သောက်ဖက်တွေကို လည်တဆန့်ဆန့်နဲ့ မျှော်နေတယ်။ မျှော်နေရင်း သူစိတ်မရှည်ဖြစ်လာရင် ကျွန်တော့်ကို ဘယ်သူဘယ်ဝါ မလာသေးဘူးလား။ ကျွန်တော်က မလာဘူးလို့ပြောရင် ဒီကောင်ညက ကြောင်ပျောက် (တော်တော်မူး) သွားတာလို့ ပြောတယ်။ အမှန်တော့ လူငယ်လေးတို့အဖွဲ့က ညတိုင်းကြောင်ပျောက်နေကျ။ အကိုတစ်ယောက်ကဆို လူငယ်လေးတို့အဖွဲ့ကို သောက်မမူးအဖွဲ့လို့လည်း အမည်ပေးထားသေးတယ်။
ကျွန်တော့်ဘေးနားမှာထိုင်ပြီး လူငယ်လေး တဝေါ့ဝေါ့နဲ့ တံတွေးတဗျစ်ဗျစ်နဲ့ ဖြစ်လို့နေတယ်။ လန်းဆန်းတက်ကြွနေရမယ့် လူငယ်လေးအရွယ်က ထိုင်းမှိုင်းလို့။ မကြာပါဘူး။ လူငယ်လေးရဲ့ သောက်ဖော်သောက်ဖက်တစ်ယောက် ရောက်လာတယ်။ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ပိုက်ဆံဘယ်လောက်ရှိလဲ ရေတွက်ရင်း တစ်ပိုင်းဖိုးရတယ် ဆိုပြီးပြောကာ ဆိုင်ရှိရာဆီ ချီတက်သွားကြတယ်။
(၄)
ညနေခင်းတစ်ခုမှာ လမ်းထိပ်က ကွပ်ပျစ်လေးပေါ်မှာ ကျွန်တော် ထိုင်နေတယ်။ လေညင်းခံနေတာပေါ့။ အဲဒီမှာ လူငယ်လေး ရောက်လာတယ်။ ပြီးတော့ မူးနေတဲ့အသံနဲ့ ဆိုင်သွားမယ်။ လိုက်ခဲ့ကိုကြီးဆိုပြီး ကျွန်တော့်ကို ခေါ်တယ်။ ကျွန်တော်လည်း တစ်ယောက်ထဲပျင်းနေတာနဲ့ လူငယ်လေးနဲ့အတူ ဆိုင်လိုက်သွားတယ်။ ဆိုင်ရောက်တော့ အချိန်နည်းနည်းစောသေးလို့နဲ့ တူတယ်။ ဆိုင်ထဲမှာ လူနည်းနည်းပါးသေးတယ်။
လမ်းဘက်ကိုမြင်ရတဲ့စားပွဲမှာ လူငယ်လေးနဲ့ ကျွန်တော် ထိုင်လိုက်တယ်။ ပြီးတော့ သောက်စရာမှာတာပေါ့။ မှာလို့လည်းပြီးရော လူငယ်လေးရဲ့အဖွဲ့ ရောက်လာတယ်။ အဲဒီတော့ အတူတူသောက်ကြတာပေါ့။ အမြည်းက ကလေးစားတဲ့ ဇီးတော်ဖီဖြစ်နေတော့ လူငယ်လေးက ကျွန်တော့်ကို အားနာတယ်လို့လည်း ပြောသေးတယ်။ ရပါတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ ကျွန်တော် လက်ကာပြလိုက်တယ်။ ပြောရမယ်ဆိုရင် ရှိတဲ့ပိုက်ဆံနဲ့ ဖြစ်သလို မျှသောက်ကြတာပါ။
လူငယ်လေးတို့အဖွဲ့က ပိုက်ဆံထည့်ပြီးဆော့ရတဲ့ဂိမ်းကို ဆော့နေကြတယ်။ အဲဒီအချိန် ကျွန်တော်ကတော့ ဆိုင်ထဲမှာ ဟိုဟိုဒီဒီကြည့်လို့နေတယ်။ ကြည့်နေရင်း အငြိမ်းစားဝန်ထမ်းတစ်ယောက်ရဲ့ သားဖြစ်တဲ့ လူငယ်လေး ဆိုင်ထဲရောက်လာတယ်။ ပြီးတော့ကောင်တာက အဒေါ်ကြီးက လူငယ်လေးကို တစ်ပုလင်းနဲ့ သောက်ဖို့ ခွက်တစ်ခွက်ပေးလိုက်တယ်။ လူငယ်လေးယူပြီး တခြားစားပွဲတစ်လုံးမှာထိုင်ကာ တစ်ယောက်တည်း သောက်လို့နေတယ်။ အဲဒါနဲ့လက်တို့ပြီး ကျွန်တော်နဲ့ ထိုင်နေတဲ့ လူငယ်လေးကို မေးကြည့်တော့ တစ်ယောက်တည်း ထိုင်နေတဲ့ လူငယ်လေးက တစ်နေ့နှစ်ကြိမ်ဆိုင်ကို လာတာတဲ့။ မင်းလည်း အတူတူပါပဲလို့ ကျွန်တော်ပြန်ပြောလိုက်တော့ ကျွန်တော်နဲ့ ထိုင်နေတဲ့ လူငယ်လေးက ပြုံးပြတယ်။
ဒီလိုနဲ့ ဆိုင်ထဲကို တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြတယ်။ တချို့က တစ်ခွက်ကို တစ်ထိုင်တည်းမော့ပြီး ပြန်ထွက်သွားကြတယ်။ တချို့ကတော့ ခွက်လေးကိုင်ပြီး ဟိုဘက်ဝိုင်းကို ကူးလိုက် ဒီဘက်ဝိုင်းကိုကူးလိုက်နဲ့ သောက်လို့နေတယ်။ ပြီးတော့တချို့ဆို ဖောသွပ်သွပ်မျက်နှာနဲ့ နှစ်ရာဖိုးလောက်တိုက်ပါ။ သုံးရာဖိုးလောက် တိုက်ပါနဲ့ တစ်ဝိုင်းပြီးတစ်ဝိုင်း လိုက်ပြောလို့နေတယ်။
ဟိုတစ်နေ့ကတောင် တွေ့လိုက်သေးတယ်။ ကောင်တာမှာ မတ်တတ်ရပ်ပြီးသောက်နေတာ။ ဆုံးသွားပြီလားဟလို့ ပြောလိုက်တဲ့ အသံကြောင့် အသံလာရာဆီ ကြည့်လိုက်တော့ ခွက်ကိုင်ပြီး သောက်နေတဲ့ ဖောသွပ်သွပ်မျက်နှာနဲ့ လူတစ်ယောက်။ ကျွန်တော်ဆိုင်ထဲ ဆက်မကြည့်နိုင်တော့ဘူး။ ဆိုင်ထဲကြည့်ရတာ ကြာလာတော့ ကျောချမ်းလာတာနဲ့ ကျွန်တော်နဲ့ အတူထိုင်နေတဲ့ လူငယ်လေးတို့အဖွဲ့ကိုပဲ ကြည့်နေလိုက်တယ်။ သူတို့လည်း ဂိမ်းဆော့လိုက်သောက်လိုက်နဲ့ အရှိန်တွေရနေကြပြီ။
(၅)
ကျွန်တော် ဆိုင်ထဲမှာထိုင်နေရင်းအချိန်တွေ တရွေ့ရွေ့နဲ့ ကုန်ဆုံးလာလေ အသောက်သမားတွေ တဖြည်းဖြည်း များလာလေပဲ။ ပြီးတော့ အသောက်အလွန်အကျွံ စွဲလမ်းနေပြီး အမှောင်ကမ္ဘာထဲ ရောက်နေကြတဲ့ လူငယ်လေးတချို့ဟာဆိုင်ထဲမှာ တစ်ခွက်ပြီးတစ်ခွက် သောက်နေကြဆဲ။ ကျွန်တော်ဟာ သူတို့လေးတွေကိုကြည့်ပြီး နေ့ရက်တွေကို ဖြတ်သန်းရင်း စွဲလမ်းခြင်းရဲ့ အမှောင်ကမ္ဘာထဲကနေ ရုန်းထွက်နိုင်ပါစေလို့ စိတ်ထဲကနေ ဆုတောင်းပေးလိုက်တယ်။ ပြီးတဲ့အခါ ကျွန်တော်ဟာ အမှောင်တွေကြီးစိုးမလာခင် ဆိုင်ထဲကနေ ထပြန်လာခဲ့ပါတယ်။ လမ်းထိပ်မှာအဖေလည်း ကျွန်တော့်ကို မျှော်နေလောက်ပြီလေ။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား