Top News

ကိုဗစ်-၁၉နှင့် ဂြိုဟ်ပြာကြီး၏ သောကများ - ၂
24htopnews | October 31, 2024 11:13 AM CST

၂၀၂၁ ခု နိုဝင်ဘာ ၁ ရက် စာရင်းအရ ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်း၌ လူငါးသန်းကျော်ကို သေဆုံးစေခဲ့ပြီး လက်ရှိသီတင်းပတ်များအတွင်း ရရှိသောသတင်းများအရ တစ်ရက်လျှင် လူ ၇၀၀၀ ကျော် သေဆုံးနေ၏။ ထိန်းသိမ်းရခက်သော လူအုပ်စုများသည့် နိုင်ငံအချို့တွင် ဤသို့သေဆုံးနှုန်းများ တက် နေခြင်းဖြစ်သည်။

လွန်ခဲ့သော သီတင်းပတ်လေးပတ်အတွင်း သေဆုံးသူစုစုပေါင်း ၁၉၇၁၁၆ ဦးရှိ၏။ ထိုကာလတစ်လျှောက် အမေရိကန်တွင် တစ်ရက်လျှင် ၁၅၀၀ ကျော်၊ ရုရှားတွင် တစ်ရက်လျှင် လူ ၁၀၀၀ နီးပါး သေဆုံးနေကြခြင်း ဖြစ်သည်။

သမိုင်းဝင် ကပ်ရောဂါများ

WHO ၏ အဆိုအရ ကိုဗစ်-၁၉ ကြောင့် သေဆုံးရသူ စုစုပေါင်းမှာ ယခုတရားဝင် ကိန်းဂဏန်း ငါးသန်း၏ နှစ်ဆမှ သုံးဆအတွင်း ရှိနိုင်ကြောင်း၊ The Economist မဂ္ဂဇင်းက ကိုဗစ်ကြောင့် သေဆုံးသူ ၁၇ သန်းထိ ရှိနိုင် ကြောင်း ခန့်မှန်းခဲ့ကြသည်။ ပါစချာအင်စတီကျုမှ ရောဂါဗေဒပါရဂူ ပါမောက္ခ အာနော့ဖွန်တာနက်က ဤခန့်မှန်းမှုကို သူပို၍ ဘဝင်ကျကြောင်း AFP သတင်းဌာနသို့ ပြောခဲ့၏။

၁၉၁၈ - ၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ဗိုင်းရပ်စ်အသစ်မှ စတင်ခဲ့သည့် စပိန်တုပ်ကွေးရောဂါကြောင့် ကမ္ဘာ့လူဦးရေ သန်း ၅၀ မှ ၁၀၀ ကြား သေဆုံးခဲ့ရသဖြင့် ကိုဗစ်-၁၉ သည် စပိန်တုပ်ကွေးလောက် သေဆုံးသူ မများဟု ဆိုရပေမည်။ တစ်ဖန် ခုခံအားကျဆင်းမှုရောဂါ (AIDS) ကြောင့် နှစ် ၄၀ ကျော်အတွင်း လူ ၃၆ သန်း သေဆုံးခဲ့ပြီး ဖြစ်သည်။ ဆိုးဝါးသည့်အချက်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုသည် အချိန်တိုအတွင်း ကူးစက်သေဆုံးသည့်ကိစ္စဖြစ်သည်။

သေဆုံးသူအများဆုံး ၆ နိုင်ငံ

ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်မှ တနင်္လာနေ့တွင်  ထုတ်ပြန်လိုက်သောစာရင်းအရ ကမ္ဘာတစ်ဝန်းလုံး သေဆုံးသူဦးရေ ၅၀၀၀၄၂၅ ယောက်ရှိပြီး ထက်ဝက်ကျော်မှာ သေဆုံးသူ အများဆုံးခြောက်နိုင်ငံမှ ကိုဗစ်ရောဂါသည်များ ဖြစ်ကြသည်။

အမေရိကန်ပြည်ထောင်စုတွင် ၇၄၅ ၈၃၆ ဦး အသက်ဆုံးရှုံးခဲ့ရပြီး တစ်ကမ္ဘာလုံး၌ သေဆုံးသူအများဆုံး တိုင်းပြည်ဖြစ်၏။ ကာကွယ်ဆေးထိုးနှံခြင်းပြီးစီးမှု ပျမ်းမျှအောက် နိမ့်ကျနေသော မစ္စစ္စပီနှင့် အယ်လ်ဘားမား ပြည်နယ်တို့သည် ကပ်ရောဂါ စတင်ချိန်မှ ယနေ့အထိ သေနှုန်း မြင့်မားလျက်ရှိပြီး နယူးဂျာစီမှာ တတိယ လိုက်သည်။ နယူးဂျာစီအနေနှင့် ၂၀၂၀ ပြည့်နှစ်၊ နွေဦးကာလ ကိုဗစ်လှိုင်းအစကပင် ပြင်းထန်သော လှိုင်းဒဏ်ကို ခံခဲ့ရ၏။

ဘရာဇီးနိုင်ငံတွင် ကိုဗစ်ကြောင့် ၆၀၇ ၈၂၅ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။ မတ်လအတွင်း ကမ္ဘာပေါ်တွင် သေဆုံးမှုအမြင့်ဆုံး တိုင်းပြည်ဖြစ်ခဲ့၏။ ဘရာဇီးအထက်လွှတ်တော်မှ ဆီနိတ်တာများက သမ္မတဂျဲယာဘိုလ် ဆန်နာရိုကို ကပ်ရောဂါအပေါ် အရေးယူဆောင်ရွက်ချက် တုံ့နှေးနေခဲ့သည့်အတွက် ပြစ်တင်စွပ်စွဲရန် အားထုတ်နေကြသည်။

အိန္ဒိယသည် ကမ္ဘာတွင် ကိုဗစ်ကြောင့် တတိယမြောက် လူသေဆုံးမှုအများဆုံးဖြစ်ကာ ၄၅၈၄၃၇ ဦး သေဆုံးခဲ့သည်။ ကိုဗစ်- ၁၉ စတင်ပြန့်ပွားစ ၂၀၂၀ နှစ်ဦးပိုင်း၌ ဒေသအလိုက်ခွဲခြားကာ Lockdown များကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့သော်လည်း၊ နွေဥတုကျော်သည်နှင့် ရောဂါဖြစ်ပွားနှုန်း ထိုးတက်သွားပြီး ဆေးရုံများ၏ ကျန်းမာရေးစောင့်ရှောက်မှု မနိုင်မနင်း ဖြစ်ခဲ့ရသည်။

ကျန်သုံးနိုင်ငံဖြစ်သော မက္ကဆီကို (၂၈၈၃၆၅ သေဆုံး)၊ ရုရှား (၂၃၄၁၉၄ သေဆုံး)၊ ပီရူး (၂၀၀၂၄၆ သေဆုံး) တို့မှာ တစ်နိုင်ငံစီတွင် သေဆုံးသူ နှစ်သိန်းကျော်ရှိခဲ့သည်။ တိုင်းပြည်လူဦးရေအပေါ် နှိုင်းယှဉ် တွက်ချက်ကြည့်ရာ ပီရူးသည် ကမ္ဘာတွင် ကိုဗစ်ကြောင့် သေနှုန်းအမြင့်ဆုံးနိုင်ငံဖြစ်ပြီး လူတစ်သိန်းလျှင် ၆၁၆ ဦးနှုန်း သေဆုံးခဲ့ရသည်။

ကိုဗစ်ကို ရုန်းကန်ကြပုံ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့ပထမဆုံး လူနာသေဆုံးမှုကို ၂၀၂၀ ပြည့်၊ နှစ်ဦးပိုင်းတွင် တရုတ်နိုင်ငံ ဝူဟန်မြို့ကြီး၌ စတင်ခဲ့ကြောင်း သတင်းပို့ခဲ့သည်။ ထိုနောက်ပိုင်းတွင် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းလိုလို ကိုဗစ်-၁၉ ဖြစ်ပွားခဲ့ကြပြီး အချို့နိုင်ငံများမှာ ရောဂါဖြစ်နှုန်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှု အချိုးမညီ၍ မနိုင်ဝန်ကို ရုန်းကန်ခဲ့ရ၏။

အမေရိကန်ပြည်ထောင်စု၊ ဘရာဇီးနှင့် မက္ကဆီကိုကဲ့သို့သော တိုင်းပြည်များတွင် ကပ်ရောဂါ ကျရောက်မှုအပေါ် လေးလေး ဖင့်ဖင့်တုံ့ပြန်ခြင်းနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကို ပြစ်ဒဏ်ချ အရေးယူမှုမျိုး မပြုခဲ့သည့်အတွက် နိုင်ငံရေးသမားများကို ပြစ်တင်ခဲ့ကြသည်။

ပီရူးနှင့် အိန္ဒိယတွင်မူ ဆေးရုံများ၌ ဗိုင်းရပ်စ်၏အန္တရာယ်ကို အကန့်အသတ်လုပ်ရန် ခက်ခဲခဲ့ပြီး လူနာဦးရေ မနိုင်မနင်းဖြစ်ကာ ပြည်သူ့ကျန်းမာရေးစနစ် ပြိုလဲလုနီးပါး ပျက်ပြားခဲ့ကြသည်။

ယခုနှစ်တွင် ဗီဇထွန်းလာသော ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်များ ခေါင်းထောင်လာသည့်အတွက် ဘရာဇီး၊ အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတွင် ရောဂါရသူများ၊ သေဆုံးသူများ တွေ့လာရပြန်သည်။ လက်ရှိလ များ၌ ရုရှားနှင့် အမေရိကန်ပြည်ထောင်စုရှိ အချို့ပြည်နယ်များတွင် ကိုဗစ်ကာကွယ်ဆေး မထိုးလိုသော ခေါင်းမာသူများနှင့် ရင်ဆိုင်နေရကာ ကိုဗစ်ဖြစ်လာပါက ကာကွယ်နိုင်စွမ်း မရှိသော လူအုပ်စုကြီးအဖြစ် ကျန်ရှိနေဆဲဖြစ်ပါသည်။

တစ်ညီတည်းမထိုးနိုင်သော ကာကွယ်ဆေး

ယခုအခါ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စုစုပေါင်း ၇ ဘီလျံ  (သန်း ၇၀၀၀) ကျော် ထုတ်လုပ်ဖြန့်ဖြူးပြီးဖြစ်၏။ ချမ်းသာသော တိုင်းပြည်များသည် ဆင်းရဲသော ကမ္ဘာ့ဒေသများထက်ပို၍ ကာကွယ် ဆေးထိုးနှံပြီးစီးသည့်အချိုး မြင့်မားပြီး ၂၀၂၀ နှစ်မကုန်မီကပင် ထိုလူချမ်းသာနိုင်ငံများမှာ ကာကွယ်ဆေး နှစ်ကြိမ်လုံး ထိုးနှံခဲ့ပြီးဖြစ်ပါသည်။

ပေါ်တူဂီလူဦးရေ၏ ၈၈ ရာခိုင်နှုန်းသည် အနည်းဆုံးတစ်ကြိမ်နှင့်အထက် ကာကွယ်ဆေးထိုးခဲ့ပြီးဖြစ်သည်။ ကနေဒါ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့တွင် ၇၅ ရာခိုင်နှုန်း၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့တွင် ၆၅ ရာခိုင်နှုန်းကျော် ကာကွယ်ဆေး လွှမ်းခြုံပြီးဖြစ်ကြောင်း အောက်စ်ဖို့ဒ် တက္ကသိုလ်၏ Our World In Data အရ သိရှိရပါသည်။ တစ်ချိန်တည်းတွင် ဟေတီ၊ နိုင်ဂျီးရီးယား၊ တန်ဇန်နီးယားနှင့် အီသီယိုပီးယားတို့တွင် ကာကွယ်ဆေးထိုးပြီးသူမှာ တိုင်းပြည်လူဦးရေ၏ ငါးရာခိုင်နှုန်းမျှပင် မပြည့်သေးသည့်အတွက် ယခုလအစောပိုင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က တရားဝင်ထုတ်ပြန်သည့် စကားအသုံးအနှုန်းအရ “နှလုံးမသာ ယာဖွယ်”  ဖြစ်နေပါသည်။

အ့ံအားသင့်ဖွယ် ကိန်းဂဏန်းအချက်အလက်များ

တရားဝင်ထုတ်ပြန်ထားသော စာရင်းများသည် ကပ်ရောဂါကြောင့် အမှန်တကယ် သေဆုံးရသူ အရေအတွက်နှင့် အလွန်ကွာဟလိမ့်မည်ဟု ကျွမ်းကျင်သူများက ဆိုကြပါသည်။ သေဆုံးမှုတိုင်းကို ကိုရိုနာဗိုင်းရပ်စ်ရှိကြောင်း အတည်ပြုစစ်ဆေးချက်ရှိမှသာ ကိုဗစ်ကြောင့် သေဆုံးသည်ဟု ထည့်သွင်း တွက်ချက်၍ ဖြစ်ပါသည်။ ဥပမာအားဖြင့် ပီရူး၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရသူများနှင့် ပတ်သက်သော စံသတ်မှတ်ချက်များ ပြုပြင်ပြီးသည့် မေလနောက်ပိုင်းတွင် တရားဝင်ကိန်းဂဏန်းများအရ သေဆုံးသူ နှစ်ဆဖြစ် လာသည်။ WHO ၏ ယခုလအစောပိုင်း ခန့်မှန်းချက်များအရ အာဖရိက၏ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးနိုင်စွမ်းသည် ဒေသတစ်ခုလုံး ကူးစက်မှု၏ ၁၄.၂  ရာခိုင်နှုန်းသာ ရှိသည်ဟု ဆိုပါသည်။

ဗီဇထွန်းသော ကိုဗစ်ဗိုင်းရပ်စ်များ

လက်ရှိကာလ၌ ကြောက်ရွံ့စရာချောက် အိပ်မက်တစ်ခုမှာ အသစ်ပေါ်ထွက်လာသော ဗီဇထွန်းမျိုးစိတ်သစ်များကို ကာကွယ်ဆေးက မတိုးနိုင်တော့မည့် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်သည်။

ဒယ်လ်တာသည် သူ့အရင်မျိုးစိတ် အယ်လ်ဖာအပါအဝင် ကျန်မျိုးစိတ်များကို ကျော်တက်ခဲ့သလို၊ သူ့နောက်မျိုးစိတ်အဖြစ် မြူနှင့် လမ်ဘရာတို့က ထပ်မံထွက်ပေါ်လာပြန်သည်။ ပညာရှင်တို့ခန့်မှန်းချက်အရ ဒယ်လ်တာသည် ထပ်မံ၍ဗီဇထွန်းကာ ကာကွယ်ဆေးကို အန်တုလာနိုင်လိမ့်မည်ဟု ဆိုကြပါသည်။

ဗီဇထွန်းလာသော ကိုရိုနာမျိုးကွဲသစ်များသည် အလွန်အန္တရာယ်များပြီး ကူးစက်မှုလည်း လျင်မြန်သည့်အတွက် သူတို့ကိုအချိန်မဆိုင်း ခြေရာခံဖော်ထုတ်နိုင်ရန် အရေးကြီးလှသည်။

တစ်နိုင်ငံချင်းအတွက် မတူသောအနာဂတ်

လှိုင်းလုံးတစ်လုံးပြီး တစ်လုံးဆင့်၍ဆင့်၍လာနေသော ကိုဗစ်ကပ်ရောဂါသည် ကာကွယ်ဆေးလွှမ်းခြုံမှု အားကောင်းသော စက်မှုနိုင်ငံများ၌ ကူးစက်မှုတဖြည်းဖြည်း ကျဆင်းသွားမည်ဟု မျှော်လင့်ရသည်။ အကယ်၍ ကိုဗစ်လှိုင်းဝင်လာသည့်တိုင် ကာကွယ်ဆေး မထိုးသူများကိုသာ ပိုမိုထိခိုက်စေပါလိမ့်မည်။ ရာသီအလိုက် ကိုဗစ်ကူးစက်ရောဂါပုံစံမျိုး အနည်းငယ်ပြင်းထန်စွာ ခံစားနိုင်ရပြီး နောက်ပိုင်းနှစ်များတွင် ရာသီတုပ်ကွေးကဲ့သို့ အရှိန်ကျသွားပါမည်။

တစ်ကမ္ဘာလုံးအတွက် ကိုယ်ခံအားရစေရန်မှာ ကာကွယ်ဆေးထိုးနှံမှုရော သဘာဝအလျောက် ဖြစ်တည်နေသော ကိုယ်ခံအားကပါ အရေးပါလှသည်။ ကာကွယ်ဆေးကို ကြပ်ကြပ်မတ်မတ် ထိုးပေးနေသော တရုတ်နှင့် အိန္ဒိယနိုင်ငံများတွင် စက်မှုနိုင်ငံများကဲ့သို့ ကိုဗစ်အရှိန်ကို တဖြည်းဖြည်းချင်း တန့်ရပ်သွားစေပါလိမ့်မည်။

ကိုဗစ်နှင့်ပတ်သက်သော မဟာဗျူဟာ ချို့တဲ့လှသည့် တိုင်းပြည်များတွင်မူ ထပ်မံရင်ဆိုင်သမျှ ရှုံးကြရမည့်အပြင် ဒယ်လ်တာကဲ့သို့ ဗီဇထွန်းဗိုင်းရပ်စ်မျိုးကလည်း အဓိကခြိမ်းခြောက်နေပြန်ပါသည်။ ထို့ကြောင့် အာဖရိကတိုက်မှ နိုင်ငံအများစုအတွက် ဖြစ်တန်ရာသော အနာဂတ်မြင်ကွင်းမှာ ပြောရခက်နေ သည်။

ပြင်သစ်အင်စတီကျုမှ ရောဂါပိုးမွှား ဗေဒပညာရှင်ယန်းကလော့ မန်နူဂွာရား၏ စကားနှင့် နိဂုံးချုပ်လိုပါ၏။

“ ခင်ဗျားတို့တတွေ ဥရောပကိုပဲ ဗဟိုပြုပြီး စဉ်းစားရုံနဲ့ မလုံလောက်ဘူး။ ကပ်ရောဂါဆိုတဲ့အမျိုးက ကမ္ဘာဂြိုဟ်ကြီးတစ်ခုလုံးအတွက် အာရုံထား စဉ်းစားပေးရမှာ။ အချိန်တန်လို့ ကပ်ရောဂါပျောက်သွားမယ်လို့ မထင်လိုက်ကြလေနဲ့”။


READ NEXT
Cancel OK