၁၉၉၁ ခုနှစ် အီရတ်စစ်ပွဲကို အောင်ပွဲခံပြီးချိန်တွင် အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်သည် အမေရိကန်ပြည်ထောင်စု၏ စစ်နှင့်ငြိမ်းချမ်းရေးအပေါ်လိုသလို သြဇာလွှမ်းမိုးနိုင်ပုံကို သွေးနားထင်ရောက်ခဲ့၏။ ထို့ကြောင့် “ဤအချိန်သည် အာရပ်-အစ္စရေး ပဋိပက္ခကို အဆုံးသတ်ရန် အချိန်တန်ပြီဖြစ်ကြောင်း” ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုနှစ် အောက်တိုဘာ ၃၀ ရက်တွင် အမေရိကန် ပြည်ထောင်စု၊ ဆိုဗီယက်ယူနီယံနှင့် တစ်ကမ္ဘာလုံးမှ ဒေသဆိုင်ရာအဖွဲ့အစည်း တစ်ဒါဇင်ကျော်တို့သည် အာရပ်-အစ္စရေးငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် မဒရစ်တွင် ငြိမ်းချမ်း ရေးကွန်ဖရင့်တစ်ရပ်ကို စိတ်အားထက်သန်စွာ စုစည်းကျင်းပခဲ့ကြ၏။
နှစ်သုံးဆယ်လွန်မြောက်သည့်အခါ အစ္စရေး - ပါလက်စတိုင်းပဋိပက္ခမှာ ယခင်အတိုင်း ငြိမ်းချမ်းရေးဆုံးဖြတ်ချက်များနှင့် အလှမ်းကွာဝေးဆဲပင် ဖြစ်နေသည်။ ကံမကောင်း အကြောင်းမလှစွာပင် ဒေသဆိုင်ရာ သံခင်းတမန်ခင်းနှင့် စီးပွားရေးဆိုင်ရာ အဆက်အစပ်များကို အစ္စရေးနှင့် မည်သို့ချိတ်ဆက်သည်ဖြစ်စေ၊ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအပေါ် တွန်းအားပေးနိုင်သော အာနိသင်မရှိကြောင်း သင်ခန်းစာက နဂိုအတိုင်း မဖောက်မပြန် မှန်ကန်နေဆဲ ဖြစ်သည်။ ဒေသတွင်းပူးပေါင်း ဆောင်ရွက်ချက်အနေနှင့် အစ္စရေးသည် လက်ရှိကာလတွင် အာရပ်နိုင်ငံများနှင့် ပုံမှန်ဆက်ဆံနေသည့်အတွက် အကျိုးအမြတ်များ ပေါ်ထွက်နေသော်လည်း ငြိမ်းချမ်းရေးအတွက် စေ့ဆော်မှုတစ်စုံတစ်ရာ ပြုပေးနိုင်ပုံမရပါ။
မဒရစ်ကွန်ဖရင့်၌ ကြီးစိုးခဲ့သော အတွေးအမြင်မှာ အစ္စရေးကို ပတ်ဝန်းကျင်အာရပ်နိုင်ငံများက လက်ခံလိုက်ခြင်းအားဖြင့် နိုင်ငံတစ်ခုအနေနှင့် ယုံကြည်ကိုးစားမှု ပေါ်ထွန်းလာပြီး ပါလက်စတိုင်းသားများအပေါ်၌ ငြိမ်းချမ်းရေးအတွက် လိုက်လျောမှုများ ဖြစ်လာစေနိုင်သည်ဟု ယုံကြည်ခဲ့ကြ၏။ ထိုအချိန်က သဘောထားပြင်းထန်သူ အစ္စရေးဝန်ကြီးချုပ် ယစ်ဇက်ရှမီးယားကို မဒရစ်ဆွေးနွေးပွဲသို့ တက်ရောက်လာစေရန် ဖျောင်းဖြခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းဘာကာသည် ဒေသတွင်း အာရပ်နိုင်ငံများ အားလုံးကိုပါ ဆော်သြနိုင်ခဲ့သည်။
ဤချဉ်းကပ်မှုကို ထိန်းသိမ်းခြင်းဖြင့် ရှုထောင့်ပေါင်းစုံ ပါဝင်နိုင်သော မဒရစ်ငြိမ်းချမ်းရေးကွန်ဖရင့်ကို ကျင်းပခဲ့ခြင်းဖြစ်၏။ ဒေသဆိုင်ရာ ဘုံအကျိုးစီးပွားများကို ဖော်ညွှန်းသော ရေရှားပါးမှု ဝေမျှရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးမှု၊ ဒေသတွင်း လုံခြုံရေး၊ ဒုက္ခသည်များအရေး စသည်တို့အတွက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းတည်ထောင်နိုင်ခဲ့သည်။ အာရပ်နိုင်ငံအများစုအနေနှင့် အစ္စရေး-ပါလက်စတိုင်း အခြေအနေ တိုးတက်မှုကို မမြင်ရချိန်အတွင်း ဘက်ပေါင်းစုံဖွံ့ဖြိုးရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန် တွန့်ဆုတ်ခဲ့ကြ၏။ မည်သို့ရှိစေ ၁၉၉၀ ပြည့်လွန်နှစ်များမှစ၍ အစ္စရေး ကိုယ်စားလှယ်အဖွဲ့သည် သူတို့၏အာရပ်ဆွေးနွေးဘက်များနှင့် အိုမန်၊ ဘာရိန်း၊ ကာတာ၊ မော်ရိုကိုစသော တိုင်းပြည်များတွင် ပုံမှန်တွေ့ဆုံမှု ပြုခဲ့ကြသည်။
သို့သော် အဆုံးသတ်တွင်မူ ဘက်ပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် ပါလက်စတိုင်းကိစ္စ ပြေလည်သွားသည်အထိ အစ္စရေးကို မတွန်းနိုင်ခဲ့ပါ။ သို့သော် အစ္စရေး၏ သူ့နိုင်ငံလွတ်လပ်ရေးအပေါ် ရှုမြင်သုံးသပ်ချက်အရ ပါလက်စတိုင်း နိုင်ငံသားများနှင့် သင့်မြတ်ငြိမ်းချမ်းရေးမှာ မရှိမဖြစ်လိုအပ်သည်။ ထို့ကြောင့် အသစ်တက်လာသော အစ္စရေးဝန်ကြီးချုပ် ယစ်ဇက်ရာဘင်က ၁၉၉၃ ခုနှစ်တွင် အော်စလို၌ ဤအကျပ်အတည်းကို ဖြေရှင်းရန် ကြိုးပမ်းခဲ့သည်။ ရှမီးယားလက်ထက်တွင် ကျိုးပျက်ခဲ့ရသော တည်ငြိမ်မှုများအတွက် ရာဘင်သည် ပါလက်စတိုင်းခေါင်းဆောင်များနှင့် တိုက်ရိုက်တွေ့ဆုံကာ နှစ်နိုင်ငံလုံးအတွက် အဖြေဖြစ်သည့် “ငြိမ်းချမ်းသာယာသော နယ်မြေ” အခြေခံကို ရွေးချယ်ဆုံးဖြတ်ခဲ့သည်။
၁၉၉၅ ခုနှစ်၌ ရာဘင်လုပ်ကြံခံရပြီး နောက်နှစ်နိုင်ငံငြိမ်းချမ်းရေးအပေါ် စိတ်ဝင်စားမှုနည်းသော ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုလက်ထက် ၁၉၉၀ ပြည့်လွန် အနှောင်းပိုင်းနှစ်များအတွင်း အကြမ်းဖက်လုပ်ရပ်များ ပြန်လည်ခေါင်းထောင်လာခဲ့သည်။ ယခင်လူနှင့် မတူညီသော နေတန်ယာဟု၏ အမြင်အရ ပါလက်စတိုင်း ပဋိပက္ခဖြစ်ပွားနေသည့်တိုင် အစ္စရေးကို ဒေသတွင်းနိုင်ငံများက လက်ခံကြရမည်ဟု မျှော်မှန်းခဲ့၏။ သူ့အမြင်သည် နှစ်ရှည်လများ တည်တံ့ခဲ့ပြီး၊ နောင်အနှစ် ၂၀ ကျော် ကြာမြင့်မှသာ ပါလက်စတိုင်းဆိုင်ရာ ပြဋ္ဌာန်းချက်များမပါဘဲ ကျန်အာရပ်လေးနိုင်ငံဖြစ်သော အာရပ်စော်ဘွားများနိုင်ငံ (UAE) ၊ ဘာရိန်း၊ မော်ရိုကို၊ ဆူဒန်တို့နှင့် “အီဘရာဟင် သဘောတူညီချက်” ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
၂၀၁၁ ခုနှစ် နောက်ပိုင်း၌ ဒေသဆိုင်ရာ ဖြစ်ထွန်းပြောင်းလဲမှုများကလည်း နေတန်ယာဟု၏ ဇာတ်ညွှန်းအလိုကျ “က” ပြရန် ကူညီခဲ့၏။ ပါလက်စတိုင်းအရေးသည် ဒေသတွင်းရှိ ကျန်နိုင်ငံများထိ ငိုကြွေးမြည်တမ်းသံကြားနေရသည့် ကိစ္စမဟုတ်တော့ဘဲ၊ အာရပ်နိုင်ငံအများစုမှာ ပြည်တွင်းစစ်များ၊ စီမံခန့်ခွဲမှုအလွဲများ၊ အဂတိလိုက်စားမှုများနှင့်အတူ ကိုယ့်ဒုက္ခနှင့်ကိုယ်လုံးချာလပတ် လည်နေခဲ့ကြ၏။ ပါလက်စတိုင်းနှင့် ညီညွတ်ရေးမှာ ဒေသတွင်းလိုအပ်ချက်တစ်ရပ်အဖြစ် အာရပ်နိုင်ငံအများစုက လက်ခံထားသည်မှာ သေချာပါသည်။ သို့သော် အီရန်နိုင်ငံနှင့် အစ္စရေးအကြား ဖြစ်တည်လာသော ဒေသဆိုင်ရာ ထိတွေ့မှုများက ပါလက်စတိုင်းအရေးကို မှေးမှိန်သွားစေခဲ့သည်။
တစ်ဖန် အမေရိကန်ပြည်ထောင်စု၏ မျှော်မှန်းလိုအပ်ချက်မှာလည်း အပြောင်းအလဲ ဖြစ်လာခဲ့သည်။ ထရန့်အစိုးရသည် နေတန်ယာဟု၏ ကမ္ဘာ့အမြင်ကို ပြည့်ပြည့်ဝ၀ ထောက်ခံခဲ့ပြီး ကျယ်ကျယ်လောင်လောင် အသံထွက်နေသော “အီဘရာဟင် သဘောတူညီချက်” မှာ သက်ဆိုင်ရာနိုင်ငံများ၏ ကိုယ်ပိုင်ငြိမ်းချမ်းရေးကိစ္စသာဖြစ်ပြီး အချိန်မရွေး ပျက်ပြယ်သွားနိုင်ကြောင်း ရှုမြင်ခဲ့၏။ ပုံမှန် အခြေအနေ ပြန်ရောက်ရန်ဟူသော UAE ၏ ဦးဆောင်ဦးရွက်ပြုသည့် သဘောတူညီချက်အရ အနောက်ဘက်ကမ်းကို အစ္စရေးတို့ တိုက်ခိုက်သိမ်းပိုက်မှု ရပ်တန့်ရန်ဖြစ်သည်။ သို့သော် ပါလက်စတိုင်းသားတို့ကမူ ဤသို့မမြင်ခဲ့ကြပါ။ သဘောတူညီချက်များမှာ အစ္စရေးထံမှ ဘာမှပြန်မရဘဲ အာရပ်နိုင်ငံများကသာ သူတို့အပေါ် သစ္စာဖောက်သွားခြင်းဟု ရှုမြင်ကြပါသည်။
ပကတိအခြေအနေမှာ ဤဒေသဆိုင်ရာ သဘောတူညီချက်များအရ ကာယကံရှင်နိုင်ငံများအနေနှင့် ပါလက်စတိုင်းသားတို့နှင့် ပူးတွဲလျက် ဘာမျှလုပ်ဆောင်ရန် မလိုအပ်ပါ။ စာချုပ်အရ သဘောတူညီခဲ့သည်မှာ စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေးလုပ်ငန်းနှင့် အတတ်ပညာ၊ အဆင့်မြင့်နည်းပညာ ဝေမျှရေးကိစ္စရပ်များသာ ဖြစ်၏။ နေတန်ယာဟု၏ အစိုးရကို ညွန့်ပေါင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ရချိန်အထိ အနောက်ဘက်ကမ်းတစ်လျှောက် အစ္စရေး၏အခြေစိုက်မှုများမှာ နက်နက်ရှိုင်းရှိုင်း ဆက်လက်ပေါ်ပေါက်နေခဲ့သည်။ ပါလက်စတိုင်းသားများအဖို့ ငြိမ်းချမ်းရေးနှင့် ဝေးသထက်ဝေးကာ ပုံမှန်အခြေအနေဟုဆိုသော မျက်နှာဖုံးများ ကွာကျလာခဲ့၏။
မဒရစ်ကွန်ဖရင့်မှာ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခကို ဖြေရှင်းနိုင်ရေးအတွက် ဒေသဆိုင်ရာ ပ့ံပိုးကူညီမှုမျိုး ဆန္ဒအမှန်ရှိခဲ့ကြသော်လည်း ဤအဖြေကို ဘယ်သောအခါမှ လက်တွေ့မထုတ်နိုင်ခဲ့ကြပါ။ ပြဿနာကို ဖြေရှင်းရန် ထုတ်ထားသောအဖြေများသည် ၀ါရှင်တန်နှင့် ဒေသတွင်းအတွက် တမင်သက် သက်အချိန်ဖြုန်းသလို ဖြစ်နေခဲ့၏။ ဘိုင်ဒင် အစိုးရ၏ အရာရှိကြီးများက ပဋိပက္ခဖြစ်ရာ ဒေသတွင်းကိုအခြေပြုလျက် ပါလက်စတိုင်းကို ရှေ့တန်းတင်ရေးအတွက် လေးလေးနက်နက် အဆိုပြုခဲ့ကြသည်။ ကျွမ်းကျင်သူတို့ အဆိုအရ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးအတွက် သဘောတူညီချက်များကို ထပ်မံဖြည့်စွက်ရန် အချက်အလက်အသစ်များ အကြံပြုခဲ့ကြသည်။
သို့သော် နှစ် ၃၀ ကျော်ဖြတ်သန်းလာခဲ့သည့် သမိုင်းအတွေ့အကြုံများအရ နှစ်ဦးနှစ်ဖက်ကြား ငြိမ်းချမ်းရေးမှသည် ဒေသတွင်းအထိ ချိတ်ဆက်ရန် အားထုတ်ကြိုးပမ်းမှုများမှာ အလုပ်မဖြစ်လှပါ။ ပဋိပက္ခ၏ ဆုံချက်ဖြစ်သော အစ္စရေးဘက်က ဆောင်ရွက်ပေးရမည့် အနှစ်သာရရှိသည့် အချက်အလက်များကို ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ခပ်ဖွဖွသာ ပြောဆိုခဲ့ကြ၏။ အာရပ်နိုင်ငံများအနေနှင့် သဘောတူညီချက်ကို ဆုပ်ကိုင်ကာ ပါလက်စတိုင်းတို့ အဆိုပြုထားသော အရှေ့ဂျေရုဆလင်နှင့်ပတ်သက်သည့် ပြဋ္ဌာန်းချက်များကို အစ္စရေးက အကောင်အထည်ဖော်ပေးရန်ဟူသည့် နယ်မြေပိုင်းခြားရေးဆိုင်ရာ အဓိကကိစ္စမှာ နှေးကွေးတုံ့ဆိုင်းဆဲ ဖြစ်နေသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်က ပျက်ပြယ်ခဲ့သော ဂျေရုဆလင် -ပါလက်စတိုင်း ဆက်သွယ်ရေးအတွက် အမေရိကန်ကောင်စစ်ဝန်ရုံးကို ပြန်လည်ဖွင့်လှစ်လိုသည့် ဘိုင်ဒင်အစိုးရ၏ဆန္ဒကို လက်ရှိအစ္စရေးအစိုးရက သဘောမတူကြောင်း အချက်ပြလျက်ရှိသည်။
ထို့ပြင် ဆော်ဒီတို့ကလည်း အစ္စရေးနှင့် ငြိမ်းချမ်းရေးရရှိရန်အလို့ငှာ ပါလက်စတိုင်းအရေးနှင့် ပတ်သက်သော သူတို့၏ နှစ်ရှည်လများ ရပ်တည်ချက်ကို လိုက်လျောမှုများပြုရန် အဆင်သင့်ရှိနေသည်။ အစ္စရေးကလည်း ဒေသတွင်းရှိ အစ္စလာမ်မစ်နိုင်ငံများနှင့် နှိုင်းစာလျှင် ဆော်ဒီ၏အဆိုပြုချက်အပေါ် ပို၍ စိတ်ပါလက်ပါ ရှိသည်။ အစ္စရေး-ပါလက်စတိုင်း နှစ်ဦးနှစ်ဖက်အကြား ငြိမ်းချမ်းရေးအဖြေအတွက် ဆွေးနွေးပြောဆိုမှုများ တိုးတက်ဖြစ်ထွန်းလာစေရန် သို့မဟုတ် ပါလက်စတိုင်းတို့၏ နေ့စဉ်လူမှုစီးပွားဘဝ တိုးတက်လာစေရန် ဆော်ဒီက အားထုတ်နေသည်။ ထိုအားထုတ်မှုမှာ ၂၀၁၈ ခုနှစ်အတွင်း ဆော်ဒီအစိုးရက သတ်ဖြတ်ပစ်ခဲ့သော ဂျာနယ်လစ် ဂျမဲလ်ခါရှော့ဂီကိစ္စနှင့်ပတ်သက်၍ ၀ါရှင်တန်နှင့် ဆက်ဆံရေး အေးစက်စက်ဖြစ်နေခြင်းကိုပါ ပုံမှန်ပြန်ရောက်စေဖို့ ရည်ရွယ်ပုံရသည်။
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအပေါ် အစ္စရေး-ဆော်ဒီတို့၏ မည်သို့သော ငြိမ်းချမ်းရေး ဆောင်ရွက်မှုမျိုးက၊ မည်သို့ အကျိုးသက်ရောက်မှု ရှိသွားမည်ကို မည်သူကမျှ ကြိုတင်ဟောကိန်းထုတ်၍ မရပါ။ သို့သော် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို ဖြေရှင်းနိုင်ရေးအတွက် အာရပ်ကမ္ဘာနှင့် အစ္စရေး၏သဘောတူညီချက်သည် အမေရိကန်ပြည်ထောင်စုနှင့် သဘောတူခြင်းထက် ပို၍လက်တွေ့ကျပါသည်။
မဒရစ်ကွန်ဖရင့်အပြီး အခက်ခဲဆုံးသော အပြီးသတ်အဆင့်များ အကောင်အထည်ဖော်ရေးနှင့် ငြိမ်းချမ်းရေး ရေရှည်တည်တံ့စေရန် အခက်အခဲများ ပတ်လည်ဝိုင်းခဲ့သော်ငြား၊ ယခုပေါ်ထွက်လာသော ဒေသတွင်းအဆိုပြုချက်များမှာ ခြေလှမ်းမသွက်သည့်တိုင် တိုးတက်မှု ဖြေးဖြေးချင်းရရှိလျက် ပါလက်စတိုင်းသားတို့၏ အခြေအနေကို တစ်စုံတစ်ရာ ထိန်းထားနိုင်ပါသည်။
ပါလက်စတိုင်းသားတို့အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ကျဉ်းပေးနိုင်ခြင်းသည် လက်တွေ့မျက်တွေ့ အကျိုးရှိသောကိစ္စ ဖြစ်ပါသည်။ ထို့ပြင် အာရပ်နိုင်ငံများနှင့် အစ္စရေးအကြား ဆက်ဆံရေးပုံမှန် ရှိနေခြင်းကလည်း အပေါင်းလက္ခဏာဆောင်နေပါသည်။ အကယ်၍ ဘုံအကျိုးစီးပွားတူညီသော သဘာဝဝန်းကျင်ထိန်းသိမ်းရေးနှင့် စီးပွားရေး စိန်ခေါ်ချက်များအပေါ် ပူးတွဲအဖြေရှာကြခြင်းက ဒေသခံများအတွက် ရလဒ်ကောင်း ပေါ်ထွက်သည်သာမက၊ သူတို့အပေါ် တစ်ဖက်သတ်ဖိနှိပ်သည်ဟု ထင်မြင်ယူဆသော ငြိမ်းချမ်းရေးသဘောတူညီချက်များထက် ပိုမိုအလုပ်ဖြစ်ပါသည်။ သို့သော် နှစ်ဖက်အကြား စစ်မက်မဖြစ်ပွားခြင်း၊ စီးပွားရေး တိုးတက်မှုများ ဖြစ်ထွန်းလာ၍ ပါလက်စတိုင်း ပဋိပက္ခများ လျော့ကျလာခြင်းတို့ကြောင့် မဟာရန်သူတော်ကြီးများဖြစ်သော အစ္စရေးနှင့် ပါဘက်စတိုင်းတို့၏ ရန်ညှိုးမှာ ပြေလည်သွားချေပြီဟု မူဝါဒရေးရာ ချမှတ်သူများ ကိုယ့်ကိုယ်ကိုယ် မလှည့်စားမိဖို့ လိုအပ်ပါသည်။
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသည် စီးပွားရေးအပေါ် အခြေတည်ခဲ့ခြင်း မဟုတ်ရေးချ၊ လုံးဝမဟုတ်ပါ။ သံတမန်များအနေနှင့် ပေါက်ပေါက်လာသော အငြင်းပွားမှုများအပေါ် သူမှန်သည်၊ ငါမှားသည်ဆိုခြင်းထက် (ဘုံပိုင်ဆိုင်သည်ဟု ပြောနေသည့်) မြေကြီးပေါ်တွင် နှစ်ဖက်သောလူသားများ ဂုဏ်သိက္ခာရှိရှိ၊ လုံလုံခြုံခြုံ၊ ခွင့်တူညီမျှ နေထိုင်နိုင်ကြဖို့က အဓိကတန်ဖိုးများ ဖြစ်ပါ၏။ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးအတွက် ဒေသတွင်းနိုင်ငံများက အကောင်အထည် ဖော်ပေးနိုင်သည်ဟူသော အတွေးအခေါ်ကို စွန့်လွှတ်ချိန်တန်ပါပြီ။ မဒရစ်ကွန်ဖရင့်မှ အစပြုကာ ကမ္ဘာကြီးက သင်ခန်းစာယူတတ်ခဲ့လျှင် အစ္စရေးနှင့် ပါလက်စတိုင်းသားတို့ ကိုယ်တိုင်ကိုယ်ကျသာ သူတို့ငြိမ်းချမ်းရေးလမ်းကို သူတို့ လှမ်းနိုင်ကြပါလိမ့်မည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား