မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းအတွင်း COVID-19 ဖြစ်ပွားမှု ရာခိုင်နှုန်းအနေဖြင့် အောက်တိုဘာလနောက်ဆုံးပတ်မှ နိုဝင်ဘာလ အစပိုင်းအထိ ပိုးတွေ့ရှိမှု ငါးရာခိုင်နှုန်းအောက် ဆက်တိုက် လျော့ကျလာခဲ့သည်။
ကမ္ဘာ့နိုင်ငံများတွင် ၎င်းတို့နိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်မှု လျှော့ကျလာခြင်းနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု ရာခိုင်နှုန်းတက်ချိန်တွင် တားမြစ်ကန့်သတ်စည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့လာခဲ့သည်။ သို့သော် ကိုဗစ်ဗိုင်းရပ်စ်အနေဖြင့် ဆက်လက်တည်ရှိနေမည်ဖြစ်သော်လည်း ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်၍ နိုင်ငံ၏စီးပွားရေး၊လူမှုရေးစသည်တို့ကို ပြန်လည်ဆောင်ရွက်လာကြပြီဖြစ်သည်။
အလားတူ မြန်မာနိုင်ငံတွင် လက်ရှိရောဂါပိုးတွေ့ရှိမှုအနေဖြင့် အချို့ပြည်နယ်များတွင် ကူးစက်မှုရှိနေသေးသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငါးရာခိုင်နှုန်းအောက် ဆက်လက်လျော့ကျလာခြင်းက ကိုဗစ်တတိယလှိုင်းအဆုံးသတ်နိုင်ရေးအတွက် မျှော်လင့်ချက် ရောင်ခြည်သန်းလာခဲ့သည်။
ရောဂါပိုးတွေ့ရှိမှု ငါးရာခိုင်နှုန်းအောက် ဆက်တိုက်လျော့ကျမှုအခြေအနေ
မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းအတွင်း COVID-19 ရောဂါ ပိုးတွေ့ရှိမှုများနှင့်ပတ်သက်ပြီး ရာခိုင်နှုန်း ၄၀ အထိ မြင့်တက်ခဲ့ပြီး အောက်တိုဘာလအစပိုင်းမှ စတင်ကာ ရောဂါပိုးတွေ့ရှိမှု ၁၀ ရာခိုင်နှုန်းအထိ လျော့ကျလာခဲ့ပြီး အောက်တိုဘာ၂၄ ရက်မှ စတင်ကာ ရောဂါပိုးတွေ့မှုနှုန်းမှာ ငါးရာခိုင်နှုန်းအောက် ဆက်တိုက်လျော့ကျခဲ့သည်။
ရောဂါပိုးတွေ့ရှိမှု ငါးရာခိုင်နှုန်းအောက် လျော့ကျလာမှုအနေဖြင့် အောက်တိုဘာ ၂၄ ရက်တွင် ၄ ဒသမ ၈၃ ရာခိုင်နှုန်း၊ အောက်တိုဘာ၂၅ ရက်တွင် ၄ ဒသမ ၁၁ ရာခိုင်နှုန်း၊ အောက်တိုဘာ၂၆ ရက်တွင် ၄ ဒသမ ၈၃ ရာခိုင်နှုန်း၊ အောက်တိုဘာ၂၇ ရက်၌ ၄ ဒသမ ၈၇ ရာခိုင်နှုန်း၊ အောက်တိုဘာ ၂၈ ရက်တွင် ၄ ဒသမ ၂၃ ရာခိုင်နှုန်း၊ အောက်တိုဘာ ၂၉ ရက်တွင် ၄ ဒသမ ၄၇ ရာခိုင်နှုန်း၊ အောက်တိုဘာ ၃၀ ရက်တွင် ၃ ဒသမ ၈၂ ရာခိုင်နှုန်း၊ အောက်တိုဘာ ၃၁ ရက်တွင် ၄ ဒသမ ၄၀ ရာ ခိုင်နှုန်း၊ နိုဝင်ဘာ ၁ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၄ ဒသမ ၅၆ ရာခိုင်နှုန်း၊ နိုဝင်ဘာ၂ ရက်တွင် ၄ ဒသမ ၃၀ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၃ ရက်တွင် ၃ ဒသမ ၃၂ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၄ ရက်တွင် ၄ ဒသမ ၄၁ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၅ ရက်တွင် ၄ ဒသမ ၆၅ ရာခိုင်နှုန်း လျော့လာသဖြင့် နှစ်ပတ်နီးပါးအထိ ပိုးတွေ့ရှိမှု ငါးရာခိုင်နှုန်းအောက် လျော့ကျခဲ့သည်။
“ဘယ်နိုင်ငံမှာကတော့ ဘယ်နံပါတ်မြောက်လှိုင်း ပြီးသွားပြီဆိုပြီး ကြေညာတာ မရှိပါဘူး။ကျွန်တော်တို့ကတော့ ငါးရာခိုင်နှုန်းအောက်ကျလာရင် လုပ်ငန်းတွေတော်တော်များများ လုပ်နိုင်တယ်။ ကွာရန်တင်းတွေ လျှော့နိုင်တယ်။ ဒါကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း အကြံပြုထားတယ်။ အခုဆိုရင် ကျွန်တော်တို့က စစ်ဆေးမှုတွေ ပိုတောင်များလာသေးတယ်။ဟိုတစ်နေ့ကဆိုရင် ၂၈၀၀၀ လောက် စစ်တာကို ၉၀၀ ကျော်လောက် တွေ့တယ်။ အဲဒီတော့ ငါးရာခိုင်နှုန်းအောက်တော့ ရှိနေတယ်။ ဒါပေမဲ့ ငြိမ်တော့ သိပ်မငြိမ်သေးဘူးပေါ့။ လေးရာခိုင်နှုန်းလောက်ပြန်တက်လိုက်၊ သုံးရာခိုင်နှုန်းဆင်းသွားလိုက်နဲ့ပေါ့။ ဒါတွေမျိုးတွေ ရှိနေသေးတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။
နိုဝင်ဘာ ၃ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါပိုးစစ်ဆေးမှု ၂၈,၇၃၉ ခုကို စစ်ဆေးခဲ့ပြီး ပိုးတွေ့ရှိသူ ၉၅၅ ဦး တွေ့ရှိခဲ့သည်။တစ်နိုင်ငံလုံးအတိုင်းအတာအရ ပိုးတွေ့ရှိမှု ၃ ဒသမ ၃၂ ရာခိုင်နှုန်းရှိခဲ့သော်လည်း ရှမ်းပြည်နယ်တွင် ပိုးတွေ့ရှိမှုတွင် များပြားနေဆဲဖြစ်ပြီး တစ်နိုင်ငံလုံးတွေ့ရှိမှု ၉၅၅ ဦးတွင် ရှမ်းပြည်နယ်တစ်ခုတည်းက ၄၉၈ ဦးပါဝင်ခဲ့သည်။ နိုဝင်ဘာ ၃ ရက်က ပိုးတွေ့ရှိမှုအရ ရှမ်းပြည်နယ်၏ ပိုးတွေ့ရှိနှုန်း ထည့်မတွက်လျှင် တစ်နိုင်ငံလုံးတွင် ပိုးတွေ့နှုန်း နှစ်ရာခိုင်နှုန်းကျော်သာ ရှိခဲ့သည်။
“ရှမ်းပြည်နယ်အနေနဲ့ ကြည့်ရင်တောင် ငါးရာခိုင်နှုန်းအောက် စဆင်းလာပြီ။ ရှမ်းပြည်နယ်မပါခဲ့ရင် တစ်နိုင်ငံလုံးအနေအထားက ၂ ဒသမ ၆၉ ရာခိုင်နှုန်းကျလာတယ်။ အဓိက,ကတော့ တွေ့ရှိမှု နှုန်းကျလာတာက ဝမ်းသာစရာ ကောင်းပါတယ်။ ပိုးတွေ့ရှိမှုက ငါးရာခိုင်နှုန်းအောက် ကျလာတယ်။ ရက်အလိုက်ထက်စာရင် အပတ်စဉ် အလိုက်ဆိုရင် ပိုပြီးတော့ တိကျပါတယ်။ အပတ်စဉ်လိုက်ကြည့်ရင် ငါးရာခိုင်နှုန်းအောက် ကျလာပါတယ်” ဟု ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။
မြန်မာနိုင်ငံ၏ ကိုဗစ်တတိယလှိုင်း အဆုံးသတ်ရေး အလားအလာ
မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားခဲ့သည့် လှိုင်းများအနေဖြင့် ပထမလှိုင်း စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ် ၃ ရက်မှ သြဂုတ် ၁၅ ရက်အထိ ဖြစ်ပွားခဲ့ပြီး ရက်ပေါင်း ၁၄၆ ရက်အထိ ကြာမြင့်ခဲ့သည်။
ထို့ပြင် ဒုတိယလှိုင်းပြန်လည် ဖြစ်ပွားမှုအနေဖြင့် ၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၆ ရက်မှ ၂၀၂၁ ခုနှစ် မေ ၂၆ ရက်အထိ သတ်မှတ်ခဲ့ပြီး ဒုတိယလှိုင်းကာလမှာ ရက်ပေါင်း ၂၈၄ ရက်အထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။
“တတိယလှိုင်းကာလကလည်း မေ ၂၇ ရက်ပေါ့။ပြန်တက်လာတဲ့ ရက်ကနေ ဒီဘက်အထိ တောက်လျှောက် ရေတွက်နေပါတယ်။ ပထမလှိုင်း၊ ဒုတိယလှိုင်းမှာ ရေတွက်သလိုပဲ ရေတွက်ပါတယ်။ ဒါကြောင့် ပြီးတယ်လို့ ပြောဖို့ကတော့ စောပါသေးတယ်။ ဒါပေမဲ့ ပူးပေါင်းပါဝင်ထိန်းချုပ်မှုနဲ့ အတိုင်းအတာ တစ်ခုထိန်းချုပ်ထား နိုင်တယ်ဆိုတာ သေသေချာချာမြင်လာရပါပြီ” ဟု ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။
သို့သော်လည်း ကိုဗစ်ဗိုင်းရပ်စ် လူသားများအကြား မပျောက်ကွယ်နိုင်ဘဲ မြုပ်ကွယ်နေသည့် ဗိုင်းရပ်စ်များရှိသဖြင့် ကူးစက်မှုမခံစေရန် ပြည်သူလူထုအနေဖြင့် အခြေခံ ကျန်းမာရေးကောင်းအောင် နေရမည်ဖြစ်ပြီး အခြေခံကျန်းမာရေးကောင်းလျှင် ကိုယ်ခံအားရရှိနိုင်မည်ဖြစ်သည်။
ထို့ပြင် ကာကွယ်ဆေးထိုးနှံထားမှုကြောင့် COVID-19 ရောဂါဖြစ်စေသည့် ဗိုင်းရပ်စ်မျိုးပြောင်းခဲ့ပါက ကျော်ဖြတ်နိုင်မည်ဖြစ်ပြီး အခြေခံကျန်းမာရေးနှင့် ကိုယ်ခံအားကောင်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်လည်း လုပ်ဆောင်ရမည်ဖြစ်သည်။ အာဟာရပြည့်ဝရန်နှင့် အစာအုပ်စု မျှမျှတတစားရန်လည်း လိုအပ်သည်။ ထို့ပြင် ကိုဗစ်ကူးစက်ခံရပါက သေဆုံးမှုမှာ ကာကွယ်နိုင်ရန်အတွက် သွေးတိုး၊ ဆီးချို၊ နှလုံး စသည့် နာတာရှည် ရောဂါများ မဖြစ်စေရန် ဆေးလိပ်၊ အရက်နှင့် အဝလွန်ခြင်းကို ဖြစ်စေသည့် အစားစာများကို ရှောင်ရန်လိုအပ်သည်။
“ဒါပေမဲ့လည်း ပြည်သူလူထုကြားမှာ မြုပ်ကွယ်နေတဲ့ COVID-19 ရောဂါ ရှိနေနိုင်တယ်။ ရောဂါလက္ခဏာမပြသော်လည်း ရောဂါပိုးရှိနေတဲ့သူတွေ ရှိနိုင်တယ်။ နောက်တစ်ခုက သံသယရောဂါလက္ခဏာရှိတယ်။ သံသယလက္ခဏာရှိသူမှာလည်း ပိုးရှိနိုင်တယ်။ ကျန်းမာရေးဌာနကို လာရောက် သတင်းပို့ခြင်း မရှိဘူးပေါ့။ အဲဒီလို မြုပ်ကွယ်နေတာက နှစ်မျိုးဖြစ်နိုင်ပါတယ်။ အဲဒီလို နှစ်မျိုးကနေ အဆင့်ဆင့်ကူးစက်ပြီး ရောဂါပြန်မမြင့်တက်လာရေးကလည်း အရေးကြီးပါတယ်။ လှိုင်းတွေ ရေတွက်တဲ့နေရာမှာလည်း နောက်တစ်လှိုင်းတက်လာမှာ ပထမတစ်လှိုင်းကို ပြီးတယ်လို့ ပြောတာပေါ့။ ဒုတိယတစ်လှိုင်း ပြီးပြီလို့ပြောရင် တတိယလှိုင်း စပြီလားပေါ့။ အဲဒီလိုပဲ တတိယလှိုင်းပြီးပြီလို့ ပြောတဲ့အချိန်မှာ စတုတ္ထလှိုင်း စပြီလားပေါ့။ ဒီဟာတွေကတော့ လှိုင်းတစ်လှိုင်းတက်လာတယ်ဆိုတဲ့ သဘောကလည်း အဓိကအားဖြင့် ပြည်သူတွေကို သတိထားမိအောင် ပိုပြီးတော့ ကာကွယ်ရေးနည်းလမ်းလိုက်နာအောင် လှိုင်းတွေအဖြစ်နဲ့ တင်စားပြီးပြောတာပါ။ ရောဂါဖြစ်ပွားတာကတော့ သူ့ရဲ့သဘောကတော့ ဖြစ်လာတယ်။ ဆက်တိုက်ဆက်တိုက် ဖြစ်လာတယ်။ ဖြစ်ပြီးသွားရင် ဆေးထိုးတာတွေပါမယ်။ ကိုယ်ခံအားတွေ များများပြန်ရလာရင် ပြန်ကျသွားတယ်။ အဲဒီမှာ ဆေးထိုးအား လွှမ်းခြုံမှုရယ်၊ လိုက်နာတဲ့အားနည်းမယ်ဆိုရင် နောက်တစ်လှိုင်းကျရင် ပြန်တက်လာပြန်တယ်။ တကယ်လို့ ဆေးထိုးတဲ့အားများနေရင်တော့ ပထမတက်ခဲ့တဲ့ လှိုင်းထက် နောက်မတက်နိုင်ဘူး” ဟု ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။
မြန်မာနိုင်ငံ၌ နိုဝင်ဘာ၂ ရက်အထိ COVID-19 ကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးနှံပြီးသူ ၇ ဒသမ ၃၉ သန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
နိုဝင်ဘာ၂ ရက်အထိ ကာကွယ်ဆေး နှစ်ကြိမ်ပြည့်ထိုးနှံပြီးစီးသည့် လူဦးရေ ၇၃၉၉၉၈၆ ဦး (၇ ဒသမ ၃၉ သန်း)၊ တစ်ကြိမ်ထိုးနှံပြီးစီးသည့် လူဦးရေ ၆၀၈၄၉၇၇ ဦး (၆ ဒသမ ၀၈သန်း)၊ ထိုးနှံပြီးစီးသည့် လူဦးရေ စုစုပေါင်း ၁၃၄၈၄၉၆၃ ဦး (၁၃ ဒသမ ၄၈ သန်း) နှင့် ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း သန်း၂၀ ကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။
COVID-19 ရောဂါကို ကာကွယ်ထိန်းချုပ်ရာတွင် ရောဂါကူးစက်မှု လျော့ကျနေရာမှ ကူးစက်မှု ပြန်လည်မြင့်တက်မလာနိုင်ရေးအတွက် အဓိကအနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းနှင့် ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာရန် လိုအပ်သည်။
“ကျွန်တော်တို့အနေနဲ့ အဓိကပြောချင်တာကတော့ ဆက်လက်ပြီးတော့ ပူးပေါင်းလိုက်နာမယ်။ အတူတကွ ပူးပေါင်းပါဝင်ခဲ့လို့လည်း ဒီလောက်အထိ ကျလာတာပေါ့။ ကာကွယ်ဆေးထိုးတဲ့ဟာမှာ အကြိမ်ပေါင်း သန်း ၂၀ ကျော်နေပြီ။ ဆေးထိုးခံထားတဲ့သူကလည်း ၁၃ သန်းကျော်ပေါ့။ ကာကွယ်ဆေး လွှမ်းခြုံမှုအားကလည်း တက်လာတယ်။ တစ်ဖက်ကလည်း လိုက်နာတဲ့ ဟာတွေကလည်း ကောင်းတယ်။ ရုံးပိတ်ရက်ရှည်တွေ၊ လူစုလူဝေး ဖြစ်တာတွေလည်း လျော့သွားတယ်။ နှာခေါင်းစည်းတွေလည်း တော်တော်များများက တပ်လာကြတယ်။ ဒါကြောင့်မို့လို့ ဖြစ်လာတာပေါ့။ ဒီလိုကျလာတဲ့အချိန်မှာ ပေါ့လိုက်ရင် အကြွင်းအကျန်တွေက ရှိနိုင်တယ်။ ဆက်တိုက်ကူးပြီးတော့ လက္ခဏာမပြတဲ့သူတွေက လူစုလူဝေးကြားထဲ ရောက်သွားရင်တော့ မလွယ်ဘူးပေါ့။ အဲဒီအခါကျရင်တော့ ဒါကြီးက တော်တော်နဲ့ပြတ်မှာ မဟုတ်ဘူး။ငါးရာခိုင်နှုန်းကနေ လေး၊ လေးကနေ သုံးပေါ့။ အကောင်းဆုံးကတော့ တစ်ရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်း အနေအထားပေါ့။ ကျွန်တော်တို့ ဒုတိယလှိုင်းနဲ့ တတိယလှိုင်း အနေအထားလောက်ဆိုရင် အကောင်းဆုံးပါပဲ။ အဲဒီလောက်အထိကျသွားရင် ဒီဘက်က လူမှုရေး၊ စီးပွားရေး၊ လုပ်ငန်းတွေလည်း ဆက်တိုက်လည်ပတ်နိုင်တာပေါ့” ဟု ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။
လက်ရှိတွင် ကာကွယ်ဆေးများကို ယခင်အသက် ၅၅ နှစ်အထက် အသက်အရွယ်များကို COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးနေရာမှ လက်ရှိတွင် ၁၀ နှစ်လျှော့ချ၍ အသက် ၄၅ နှစ် အထက်အရွယ်များကို အောက်တိုဘာ ၁၇ ရက်မှစ၍ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီဌာနမှ သိရသည်။
စက်တင်ဘာ ၁၄ ရက်မှစ၍ ဦးတည်အုပ်စုများ ထပ်မံတိုးချဲ့၍ COVID-19 ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ပြီး ယင်းသို့ ထပ်မံတိုးချဲ့ထိုးနှံရာတွင် အသက် ၅၅ နှစ်နှင့်အထက် ပြည်သူလူထု၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူလူထု၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား ထိုးနှံပေးလျက်ရှိကြောင်းနှင့် လက်ရှိအသက် ၄၅ နှစ်အထက် အသက်အရွယ်များကိုပါ တိုးချဲ့ထိုးနှံပေးနေကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိမှုများ လျော့ကျလာခြင်းနှင့် ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်လာခြင်းတို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ Stay at Home မြို့နယ်များအနက် မြို့နယ် ၄၄ မြို့နယ်ကို Stay at Home ပယ်ဖျက်ခြင်းနှင့် အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။
“တစ်ကိုယ်ရည်လိုက်နာမှုကတော့ လျှော့လို့မရပါဘူး။ တစ်ကိုယ်ရည် လိုက်နာမှုဆိုတာက Mask တပ်၊ လက်ဆေး၊ ကပ်ခွာခွာနေပေါ့။ အုပ်စုလိုက်ဆိုတာကတော့ Stay at Home တွေဆိုရင် ကျွန်တော်တို့ လျှော့လာတယ်။ မြို့နယ်အရေအတွက် လျော့လာတယ်။ အချို့နေရာတွေမှာ ဟိုတယ်လုပ်ငန်းတွေ ပြန်လည်ပတ်တာတို့၊ ခရီးသွားလုပ်ငန်းတွေလည်ပတ်တာတို့ ဒါတွေလည်း မြင်နိုင်တယ်။ အခုလည်း အခြေခံပညာကျောင်းတွေ ပြန်ဖွင့်နေပြီ။ အဲဒါမျိုးတွေကတော့ ဖြစ်ပွားတာကို မူတည်ပြီးတော့ လျှော့လာပါတယ်” ဟု ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။
လက်ရှိတွင် ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်ရေးအတွက် အဓိကအနေဖြင့် ကိုဗစ်ရောဂါကို ထိန်းချုပ်နိုင်ရန် ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာရဦးမည်ဖြစ်ပြီး အခြေခံကျန်းမာရေးကောင်းရန်၊ ကာကွယ်ဆေးကို မပျက်မကွက် ထိုးနှံရန်နှင့် ရောဂါဖြစ်လာပါက အမြန်ဆုံးကုသပြီး ကျန်သူများကို ဆက်လက်မကူးစေရန် ကွာရန်တင်းဝင်ခြင်း စသည်တို့ကို ပူးပေါင်းလိုက်နာရန် လိုအပ်သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား