Top News

လှည့်စားတတ်သော ကိန်းဂဏန်းအချက်အလက်များ
24htopnews | October 31, 2024 11:13 AM CST

ရှေးယခင် ၁၉ ရာစုနှောင်းပိုင်း အချိန်ကာလကတည်းကပင် နိုင်ငံရေးသမားများသည် မိမိတို့အာဏာရရှိရေး၊ အာဏာတည်မြဲစေရေးနှင့် ချမ်းသာကြွယ်ဝစေရေးတို့အတွက် မိမိတို့၏ အာဏာစက်၊ ပိုင်နက်၊ ခွင် (ဂွင်) တို့ကို အစွမ်းကုန်အသုံးပြုကာ ပြည်သူပြည်သားများ၏ သိမြင်နားလည်မှုကို ထိန်းချုပ်နိုင်စေရန်အလို့ငှာ ကိန်းဂဏန်း အချက်အလက်များကို အသုံးပြုပြီး လိမ်လည်လှည့်စားရန် ကြိုးပမ်းအားထုတ်ခဲ့ကြပါသည်။

အဆိုပါ ကြိုးပမ်းအားထုတ်ခဲ့မှုများကြောင့်ပင် ဂုဏ်သိက္ခာကို တန်ဖိုးထားရှိသည့် စာရင်းအင်းပညာရှင်ကြီးများက ဦးတည်လေ့လာသည့် နယ်ပယ်ကို ပြောင်းလဲကျင့်သုံးခဲ့ကြသဖြင့် ကိန်းဂဏန်း အချက်အလက်များကို အထူးပြုလေ့လာသည့် စာရင်းအင်းပညာဘာသာရပ်သည် ပိုမိုကျယ်ပြန့်လာစေခဲ့ခြင်း ဖြစ်ပါသည်။ စာရင်းအင်းပညာဘာသာရပ်ကို တိုင်းပြည်နိုင်ငံတော်အရေးကိစ္စများတွင်သာ အသုံးပြုနေရာမှ တက္ကသိုလ်၊ ဘာသာရပ်များ၏ အကဲဒမစ်နယ်ပယ်များနှင့် သုတေသနနယ်ပယ်များတွင်လည်း အသုံးပြုနိုင်ရန် ဦးတည်စေခဲ့ခြင်းဖြစ်ပါသည်။

အလျဉ်းသင့်သဖြင့် ရာစုနှစ်ရေတွက်ပုံကို အကျဉ်းမျှတင်ပြပါမည်။ ၁၉ ရာစုကို ၁၈၀၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ၁၉၀၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ကာလအဖြစ်သတ်မှတ်ပြီး ၂၀ ရာစုကို ၁၉၀၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက် နေ့အထိလည်းကောင်း၊ ၂၁ ရာစုကို ၂၀၀၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ၂၁၀၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိလည်းကောင်း သတ်မှတ်ထားရှိပါသည်။

စာရေးသူ အထက်တွင် ဖော်ပြထားသကဲ့သို့ ၁၉ ရာစုနှောင်းပိုင်းကာလ နိုင်ငံရေးသမားများ ကျင့်သုံးခဲ့ကြသည့် ပြည်သူပြည်သားများအပေါ် လိမ်လည်လှည့်စားမှုများကို မိမိတို့တိုင်းပြည်နိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း အတိအကျတင်ပြရပါလျှင် ၁၉၆၂ ခုနှစ် နောက်ပိုင်းမှ စတင်ကာ ယနေ့အချိန်ကာလအထိ မြိန်ရေရှက်ရေ သိက္ခာမဲ့စွာကျင့်သုံးလျက်ပင် ရှိနေသေးသည်မှာ ဝမ်းနည်းဖွယ်ရာ ဖြစ်ပါသည်။

စာရေးသူအနေဖြင့် အံ့သြစေသည့်အချက်မှာ တိုင်းပြည်နိုင်ငံတော်နှင့် သက်ဆိုင်သည့် ကိန်းဂဏန်းအချက်အလက်များကို ထုတ်ပြန်ရန် တာဝန်ရယူထားကြသူများအနေဖြင့် တိုင်းပြည်နိုင်ငံတော်၏ ပကတိအခြေအနေနှင့် ကိုက်ညီခြင်းမရှိသည့်၊ လွဲမှားနေသော ကိန်းဂဏန်းအချက်အလက်များကို သိလျက်နှင့် လိမ်လည်ပြီး ထုတ်ပြန်နေခြင်းသည် တိုင်းပြည်နိုင်ငံတော်ကို လမ်းမှားသို့ ရောက်ရှိစေပြီး ပြည်သူပြည်သားများ၏ အသက်များသေကျေခြင်းနှင့် စည်းစိမ်ဥစ္စာများ ပျက်စီးစေခြင်းတို့ကို ဖြစ်ပေါ်စေပါသဖြင့် အပြစ်ရှိပါသည်။ လူယုတ်မာဖြစ်သည်ဆိုသည့်အချက်ကို ထုတ်ပြန်နေသူတို့ ကိုယ်တိုင် မသိခြင်းပင်ဖြစ်ပါသည်။

ကိန်းဂဏန်းအချက်အလက်များကို ထုတ်ပြန်လျက်ရှိသည့် အချို့သော အရာရှိကြီးများမှာ အထက်ကခိုင်းလို့ တာဝန်ကျေပွန်စေရန် ဆောင်ရွက်သည်ဆိုသည့် သဘောတရားကိုသာလျှင် တွေ့ရှိရပြီး မိမိကိုယ်ကိုယ် အပြစ်ကျူးလွန်သည့် လုပ်ရပ်များကို ပြုလုပ်နေခြင်းကိုပင် သိမြင်သည့် အခြေအနေ မတွေ့ရှိရပါ။ ထိုကဲ့သို့ ပြုလုပ်သည်များကို အပြစ်ပေးအရေးယူသည့် စနစ်မရှိခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ တိုင်းပြည်နိုင်ငံတော်ကို ထိခိုက်ပျက်စီးစေရန်နှင့် ပြည်သူပြည်သားများ၏ အသက်၊ အိုးအိမ်စည်းစိမ်ကို ပျက်စီးစေရန် သိလျက်နှင့် ဆောင်ရွက်တတ်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအား အရေးယူသည့်စနစ်မရှိသရွေ့  ယခုကဲ့သို့သော အမှားများကို ဆက်လက်ကျူးလွန်နေကြမည် ဖြစ်ပါသည်။

ယနေ့ တိုင်းပြည်နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် စိန်ခေါ်မှုများနှင့် အခက်အခဲအကျပ်အတည်းမှာလည်း အထက်တွင် ဖော်ပြခဲ့သည့် အခြေအနေ၊ အလေ့အကျင့်များကို အခြေခံကာ ပေါက်ပွားလာစေခဲ့ခြင်း ဖြစ်ပါသည်။ ကိန်းဂဏန်းအချက်အလက်များနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များသည် ပရော်ဖက်ရှင်နယ် (Professional) အဆင့် ပြုလုပ်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ ဖြစ်ကြပါသည်။ အထက်တွင် ဖော်ပြထားသကဲ့သို့ တိုင်းပြည်နိုင်ငံတော်၏အာဏာကို ရယူလိုသူ၊ ရယူထားသူတို့အနေဖြင့် မိမိအာဏာရရှိစေရေး၊ မိမိအာဏာတည်မြဲစေရေးနှင့် မိမိချမ်းသာကြွယ်ဝစေရေးတို့ အတွက် ပြည်သူပြည်သားများအား လိမ်လည်လှည့်စားလိုသဖြင့် ပရော်ဖက်ရှင်နယ် ပြုလုပ်တတ်သူများကိုပင် အလိုမရှိတော့ဘဲ မိမိခိုင်းစေရာကို ပြုလုပ်ပေးမည့် လူပုဂ္ဂိုလ်များကိုသာ ရှာဖွေပြီး ရာထူးပေး၊ အာဏာပေးခန့်ထားသည့် အဆင့်သို့ရောက်ရှိနေပါတော့သည်။

တိုင်းပြည်နိုင်ငံတော် ကိုယ်စားပြုသည့် ကိန်းဂဏန်းအချက်အလက်များနှင့် ပတ်သက်ပြီး လေ့လာရာတွင် အဓိကအားဖြင့် သုံးပိုင်း ပါဝင်လျက်ရှိပြီး ပထမအပိုင်းမှာ ကိန်းဂဏန်းအချက်အလက်များကို ကောက်ယူ၊ စုဆောင်း၊ စုစည်း၊ စိစစ်၊ ထုတ်ပြန်သူများဖြစ်ကြပြီး ဒုတိယအပိုင်းမှာ ကိန်းဂဏန်း အချက်အလက် အမျိုးအစားများဖြစ်ကာ တတိယအပိုင်းမှာ ကိန်းဂဏန်းအချက်အလက်များကို လေ့လာရယူအသုံးပြုကြမည့် ပြည်သူပြည်သားများ ဖြစ်ကြပါသည်။

ယခုဆောင်းပါး၏ ခေါင်းစဉ်မှာ ပြည်သူပြည်သားများဘက်မှ ကြည့်မြင်သည့်အခါတွင် ကိန်းဂဏန်းအချက်အလက်များသည် လိမ်ညာ၊ လှည့်စားတတ်သည့် သဘောသဘာဝ အခြေအနေ ဖြစ်ပေါ်တတ်၊ တည်ရှိနေတတ်သည်ကို သတိပြုနိုင်စေရေးအတွက် ဖြစ်ပါသည်။ အမှန်တကယ်မှာ ကိန်းဂဏန်းအချက်အလက်များက လိမ်ညာ၊ လှည့်စားခြင်းမဟုတ်ပါ။ ကိန်းဂဏန်းအချက်အလက်များကို လွှမ်းမိုးချုပ်ကိုင်ထားသည့် အာဏာရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူများက လိမ်ညာ၊ လှည့်စားခြင်းသာ ဖြစ်ပါသည်။

ကိန်းဂဏန်းအချက်အလက်တို့၏ သဘောသဘာဝသည် အခြေအမြစ်ခိုင်မာပြီး မှန်ကန်နေမည်ဆိုပါက အကြောင်းအရာတစ်ခုနှင့် တစ်ခုသည် ဆက်စပ်လျက်တည်ရှိနေပါသဖြင့် အကြောင်းနှင့်အကျိုးကို ဆက်စပ်ပြီး တိုက်ဆိုင်စစ်ဆေးကြည့်ရှုနိုင်သည့် အခြေအနေဖြစ်ပါသည်။ ထိုကဲ့သို့ တိုက်ဆိုင်စစ်ဆေးချိန်တွင် သီအိုရီနှင့် နည်းပညာသဘောတရားများက ခွင့်ပြုနိုင်သည်ထက်ကျော်လွန်ကာ မှားယွင်းမှုများ၊ လွဲမှားမှုများ ဖြစ်ပေါ်နေခဲ့ပါလျှင် ဆောင်ရွက်သူ လူပုဂ္ဂိုလ်များက အဂတိလိုက်စားပြီး သိလျက်နှင့် လိမ်ညာ၊ လှည့်စားထားခြင်းသာ ဖြစ်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ တိုင်းပြည်နိုင်ငံတော်နှင့် ပတ်သက်သည့် ကိန်းဂဏန်း အချက်အလက်များကို ထုတ်ဖော်တင်ပြကြရာတွင် အကြောင်းနှင့် အကျိုးကိုက်ညီခြင်းမရှိဘဲ ပြည်သူပြည်သားများအား လိမ်လည်၊ လှည့်စားပြီး တင်ပြကြခြင်းကိုသတိပြု ရှောင်ရှားနိုင်ကြစေရန်နှင့် သတင်းအချက်အလက်များကို တိုက်ရိုက်တင်ပြကြသူများအနေဖြင့်လည်း ပျက်စီးယိုယွင်းနေသည့် သတင်းအချက်အလက်များ တင်ပြခြင်းကို မပြုလုပ်မိစေရန်ဖြစ်သည့် အပြင် ပြည်သူပြည်သားများအနေဖြင့်လည်း ထုတ်ပြန်ထားရှိသည့် ကိန်းဂဏန်းအချက်အလက်များ၊ သတင်းအချက်အလက်များ၏ ယုံကြည်စိတ်ချရမှု၊ အခြေအမြစ်ခိုင်မာမှု၊ တိကျမှန်ကန်မှု၊ အကြောင်းနှင့်အကျိုး ကိုက်ညီခြင်းများကို စနစ်တကျလေ့လာစိစစ်ကာ လိမ်လည်လှည့်စားထားခြင်းကို သိမြင်ပြီး ရှောင်ရှားနိုင်စေရေးကို ရည်ရွယ်ပါသည်။

ပထမဦးစွာ ကိန်းဂဏန်းအချက်အလက်များနှင့် ပတ်သက်ပြီး သင်ခန်းစာရယူသင့်သည့်အချက်ကို တင်ပြပါမည်။ စာရင်းအင်းပညာဘာသာရပ်ကို လေ့လာနေသူတစ်ဦးအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူရမည့်အချက်မှာ ၂၀၁၄ ခုနှစ်တွင် “၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း” ကို ကောက်ယူနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ စာရင်းအင်းပညာ သီအိုရီ၊ သဘောတရားများအရ သန်းခေါင်စာရင်းကောက်ယူခြင်းသည် ဦးရေရှိယူနစ်အားလုံးကို စာရင်းကောက်ယူခြင်း (သို့မဟုတ်) အပြည့်အဝစာရင်းကောက်ယူခြင်း ဖြစ်သဖြင့် နမူနာကောက်ယူရာတွင် ဖြစ်ပေါ်တတ်သည့် နမူနာကောက်ယူခြင်းကြောင့် ဖြစ်သောအမှား (Sampling Error) ဖြစ်ပေါ်နိုင်ခြင်းမရှိနိုင်တော့ပါ။ သို့သော်လည်း နမူနာကောက်ခြင်းကြောင့် မဟုတ်သောအမှား  (Non-Sampling Error) ဖြစ်ပေါ်နိုင်ပါသည်။ ထို့ကြောင့် နမူနာကောက်ခြင်းကြောင့် မဟုတ်သောအမှား မဖြစ်ပေါ်စေရေးအတွက် ထိန်းချုပ်ဆောင်ရွက်ရန်သာ လိုအပ်ပါသည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို နိုင်ငံတကာအသိုင်းအဝိုင်း၏ ငွေကြေး၊ နည်းပညာ အထောက်အပံ့နှင့် ပြည်တွင်းပြည်ပပညာရှင်ကြီးများ၏ ပရော်ဖက်ရှင်နယ်ကျကျ ကြိုးပမ်းအားထုတ်မှုများကြောင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြပါသည်။ အကြောင်းနှင့်အကျိုး ကိုက်ညီသည့် ရလဒ်များ၊ ကိန်းဂဏန်း အချက်အလက်များကို ထုတ်ဖော်နိုင်ခဲ့ကြပါသည်။ သို့သော်လည်း ထုတ်ဖော်ရရှိသည့် ရလဒ်ကိန်းဂဏန်း အချက်အလက်များအရ ၂၀၁၄ ခုနှစ်တွင်ရှိ မြန်မာနိုင်ငံရှိ လူဦးရေမှာ ၅၁ ဒသမ ၅ သန်း ဖြစ်ပြီး လွန်ခဲ့သည့် ခြောက်နှစ်ကာလ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားရှိသည့် မြန်မာနိုင်ငံရှိ လူဦးရေမှာ ၅၇ ဒသမ ၅ သန်း ဖြစ်နေပါသည်။ (Reference 1 and 2).

အကြောင်းနှင့် အကျိုးကို ဆက်စပ်စဉ်းစားလေ့လာကြည့်ရာ ၂၀၀၈ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်း မိမိတို့တိုင်းပြည်နိုင်ငံတွင် လူဦးရေသန်းချီပြီး လျော့ကျပြောင်းလဲစေခဲ့သည့် လူသန်းပေါင်းများစွာ သေကျေပျက်စီးခြင်းနှင့် လူသန်းပေါင်းများစွာ နိုင်ငံပြင်ပသို့ ရွှေ့ပြောင်းစေခဲ့သည့် ထူးခြားထင်ရှားသည့် ဖြစ်ရပ်ကြီးများ ဖြစ်ပေါ်စေခဲ့ခြင်းမရှိပါ။ သေချာသည်မှာ စုစုပေါင်း လူဦးရေနှင့် ပတ်သက်သည့် ကိန်းဂဏန်းအချက်အလက် မှားယွင်းနေခြင်းပင် ဖြစ်ပါသည်။ ထိုသို့ မှားယွင်းခဲ့သဖြင့် ပြင်ဆင်ရန် မဖြစ်နိုင်သည့် နိုင်ငံတော်အဆင့် ထုတ်ပြန်ထားရှိသည့် စာအုပ်ကြီးများတွင် အထင်းသား တွေ့မြင်ရလျက် ရှိနေပါသည်။

ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းနှင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအကြားရှိ လူဦးရေခန့်မှန်းခြင်း (Projected Populations) ပြုလုပ်ပြီး အကြောင်းနှင့်အကျိုးကို ရှာဖွေရာတွင် ၂၀၀၈ ခုနှစ်ရှိ ခန့်မှန်းလူဦးရေ (Population Estimate) မှာ ၄၉ ဒသမ ၁ သန်း (Reference 3) ဖြစ်နေပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြထားရှိသည့် လူဦးရေ  ၅၇ ဒသမ ၅ သန်းနှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ လူဦးရေ ၈ ဒသမ ၄ သန်းကျော် ကွာခြားလျက် ရှိနေပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြထားရှိသည့် မြန်မာနိုင်ငံရှိ စုစုပေါင်း ခန့်မှန်းလူဦးရေမှာ ကိုက်ညီခြင်း မရှိသော်လည်း ဆန္ဒမဲပေးခွင့်ရှိသူ ဦးရေအရေအတွက်တွင်မူ အသက်အရွယ်အုပ်စု၏ လူဦးရေအချိုးအစားအရ ကိုက်ညီမှုရှိနေကြောင်း တွေ့ရှိရပါသည်။

အဓိပ္ပာယ်မှာ ထိုစဉ်အချိန်က တာဝန်ရှိသူများအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံးရှိ ခန့်မှန်းလူဦးရေနှင့် ဆန္ဒမဲပေးခွင့်ရှိသူဦးရေကို အသက်အရွယ်အုပ်စု၏ လူဦးရေ အချိုးအစားအရ တိုက်ဆိုင်စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်းမရှိ၊ စနစ်တကျ စိစစ်ခဲ့ခြင်းမရှိဆိုသည့် အခြေအနေကို ညွှန်ပြနေပါသည်။

စာရေးသူ အဓိကတင်ပြလိုသည်အချက်မှာ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ငွေကြေး၊ နည်းပညာအထောက်အပံ့ဖြင့် ပရော်ဖက်ရှင်နယ်အဆင့် ဆောင်ရွက်နေသည့်၊ ဆောင်ရွက်နိုင်သည့် ဌာန၊ အဖွဲ့အစည်းသည်ပင်လျှင် ယခုကဲ့သို့ ဖြစ်ပေါ်နေတတ်သည်ဆိုပါက ပရော်ဖက်ရှင်နယ်အဆင့် မပြုလုပ်နိုင်သည့် ဌာန၊ အဖွဲ့အစည်းများက ထုတ်ပြန်လျက်ရှိသည့် ကိန်းဂဏန်း အချက်အလက်များ၏ အခြေအနေကို စာဖတ်သူတို့အနေဖြင့် ခန့်မှန်းကြည့်နိုင်ပါသည်။ စာရေးသူအနေဖြင့် မည်သည့်လူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမျှ အပြစ်တင်လိုခြင်း မဟုတ်ဘဲ နောင်တွင် ယခုကဲ့သို့ မဖြစ်ပေါ်စေရေးအတွက် သင်ခန်းစာ ရရှိစေလိုသည့် အချက်ဖြစ်ပါသည်။

စာဖတ်သူတို့အနေဖြင့် “တိုင်းပြည်နိုင်ငံမှာ ကိန်းဂဏန်းအချက်အလက်တွေ မမှန်တော့ရော ဘာဖြစ်လဲကွာ” ဆိုသည့် မေးခွန်းဖြစ်ပေါ်လာပါသည်။ စာရေးသူအနေဖြင့် ပေးလိုသည့်အဖြေမှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူဦးရေ အရေအတွက် မဲစာရင်းများကြောင့် ယနေ့တိုင်းပြည်နိုင်ငံတော်တွင် မည်ကဲ့သို့သော အကျိုးဆက်များ ဖြစ်ပေါ်လျက်ရှိသည်ကို စာဖတ်သူများကိုယ်တိုင် သိမြင်၊ တွေ့ကြုံ၊ ခံစားနေရလိမ့်မည်ဟု ထင်မြင်မိပါသည်။

ဒုတိယအနေဖြင့် သတင်းအချက်အလက်များကို တိုက်ရိုက်ထုတ်ဖော်တင်ပြခြင်းကို ရှင်းလင်းတင်ပြပါမည်။ ကိန်းဂဏန်းအချက်အလက်များကို အသုံးပြုပြီး သတင်းအချက်အလက်များ ထုတ်ဖော်ခြင်းသည် အထက်တွင် ဖော်ပြထားသကဲ့သို့ အကြောင်းနှင့်အကျိုးကို တိုက်ရိုက်တိုက်ဆိုင် စစ်ဆေးနိုင်သော်လည်း သတင်းအချက်အလက်များအား တိုက်ရိုက်ထုတ်ဖော်တင်ပြခြင်းတွင်မူ ကိန်းဂဏန်းအချက်အလက်များ တိုက်ဆိုင်စစ်ဆေးသကဲ့သို့ လွယ်ကူခြင်း မရှိနိုင်တော့ပါ။ ထို့ကြောင့် စာဖတ်သူများအနေဖြင့် အလွယ်တကူ လေ့လာစိစစ်ပြီး ရှောင်ရှားနိုင်စေရန်အလို့ငှာ ယိုယွင်းပျက်စီးနေသည့် သတင်းအချက်အလက် အမျိုးအစားများကို ပုံတွင် ဖော်ပြထားပါသည်။ အသေးစိတ်ရှင်းလင်း တင်ပြခြင်း မပြုတော့ပါ။ ယိုယွင်းပျက်စီးနေသည့် သတင်းအချက် အလက်အမျိုးအစားများတွင် ကိန်းဂဏန်း အချက်အလက်များနှင့် သတင်းအချက်အလက်များ နှစ်မျိုးစလုံး ရောနှောပါဝင်နေခြင်းလည်း ဖြစ်နိုင်ပါသည်။

တတိယအနေဖြင့် နိုင်ငံရေးသမားများသည် ကိန်းဂဏန်း အချက်အလက်များနှင့် ပတ်သက်၍ တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများအပေါ်တွင် အလွန်လွယ်ကူစွာ လိမ်လည်နိုင်ကြခြင်း မှာ အောက်ဖော်ပြပါ အချက်သုံးချက်ကြောင့်ဖြစ်သည်ဟု ဆိုကြပါသည်။ (က) စာရင်းအင်းပညာနှင့် ပတ်သက်၍ ကျွမ်းကျင်မှုနည်းပါးခြင်း၊ (ခ) စိတ်ခံစားမှုဖြစ်စေခြင်းကို ကောင်းစွာအသုံးချခြင်းနှင့် (ဂ) မိမိကိုယ်ပိုင်သိမှုကို အလွန်အကျွံ အထင်ကြီးခြင်းတို့ ဖြစ်ကြပါသည်။ (Reference 4) ထို့ကြောင့် ပြည်သူပြည်သားများ သိသင့်သိထိုက်သည့် နိုင်ငံရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်သော ကိန်းဂဏန်းအချက်အလက်များ၊ သတင်းအချက်လက်များအား အကြောင်းနှင့်အကျိုးကို ထင်ရှားရှင်းလင်းပြတ်သားစွာ သိမြင်နားလည်ပြီး လိုက်ပါဆောင်ရွက်နိုင်စေရေးအတွက် လိုအပ်မည့် ပညာပေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်နေစေရန် လိုအပ်လှပါသည်။

နောက်ဆုံးအနေဖြင့် ကိန်းဂဏန်းအချက်အလက်များနှင့် သတင်းအချက်အလက်များ ယုံကြည်စိတ်ချရပြီး တိကျမှန်ကန်ခိုင်မာလာစေရန်မှာ တိုင်းပြည်နိုင်ငံတော်ကို ခေါင်းဆောင်သူ၊ တာဝန်ယူသူ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအနေဖြင့် တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားတို့အပေါ်တွင် ရိုးသားပြီး ပွင့်လင်းမြင်သာမှုရှိရန် အရေးကြီးလှပါသည်။ ထို့ပြင် တစ်ဆက်တစ်စပ်တည်း တာဝန်ခံမှုနှင့် တာဝန်ယူမှုတို့သည် အဓိကဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်ပါသည်။

လွတ်လပ်ရေးရရှိပြီး နောက်ပိုင်း အတိအကျအားဖြင့် ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် တာဝန်ခံမှုနှင့် တာဝန်ယူမှုကို ယိုယွင်းပျက်စီးစေရန် စုပေါင်းတာဝန်ယူမှု၊ စုပေါင်း ခေါင်းဆောင်မှုဟူသော အသုံးအနှုန်းများဖြင့် ဖျက်ဆီးခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ်ပါသည်။ အကျိုးဆက်အဖြစ် ကိန်းဂဏန်း အချက်အလက်များနှင့် သတင်းအချက်အလက်များ၏ အရည်အသွေး၊ တိကျမှန်ကန်မှု၊ ယုံကြည်စိတ်ချရမှု၊ ခိုင်မာမှုတို့သည်လည်း ပျက်သုဉ်းပျောက်ကွယ်လျက် ရှိနေပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ကိန်းဂဏန်းအချက်များနှင့် သတင်းအချက်အလက်များ မှန်ကန်ခြင်း၊ တိကျခြင်း၊ ခိုင်မာခြင်း၊ ယုံကြည်စိတ်ချရခြင်းတို့သည့် တိုင်းပြည် နိုင်ငံတော်၏ ပုံရိပ် ဖြစ်ပါသည်။ တိုင်းပြည်နိုင်ငံတော်၏ ပုံရိပ်ကောင်းမွန်လာစေရေးအတွက် တိုင်းပြည်နိုင်ငံတော်နှင့် ပတ်သက်သည့် ကိန်းဂဏန်း အချက်အလက်များကို ထုတ်ဖော်တင်ပြကြရာတွင် အကြောင်းနှင့်အကျိုး ကိုက်ညီခြင်းမရှိဘဲ ပြည်သူပြည်သားများအား လိမ်လည်၊ လှည့်စားတင်ပြကြခြင်းကို သတိပြုရှောင်ရှားနိုင်ပြီး ပရော်ဖက်ရှင်နယ်ကျကျ တင်ပြနိုင်ကြစေရန်နှင့် သတင်းအချက်အလက်များကို တိုက်ရိုက်တင်ပြကြသူများအနေဖြင့်လည်း ပျက်စီးယိုယွင်းနေသည့် သတင်းအချက်အလက်များ တင်ပြခြင်းကို မပြုလုပ်မိစေရန် ဖြစ်သည့်အပြင် ပြည်သူပြည်သားများအနေနှင့်လည်း ထုတ်ပြန်ထားရှိသည့် ကိန်းဂဏန်းအချက်အလက်များ၊ သတင်းအချက်အလက်များ၏ ယုံကြည်စိတ်ချရမှု၊ အခြေအမြစ်ခိုင်မာမှု၊ တိကျမှန်ကန်မှု၊ အကြောင်းနှင့် အကျိုး ကိုက်ညီခြင်းများကို စနစ်တကျ လေ့လာစိစစ်ကာ လိမ်လည်လှည့်စားထားခြင်းကို သိမြင်ပြီး ရှောင်ရှားနိုင်ကြပါစေကြောင်း တင်ပြအပ်ပါသည်။

Reference:

၁ ။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း (၂၀၀၈)၊ “ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)” ၊ ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ။

၂။ ပြည်သူ့အင်အားဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (၂၀၁၅)၊ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ပြည်ထောင်စု၊ သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ (၂)” ၊ ၂၀၁၅ ခုနှစ်၊ မေလ။

၃။ Department of Population, Ministry of Labour, Immigration and Population with Technical Assistance from the World Bank and UNFPA (2019) ၊ “Population Estimates: 1983 t0 2014”, September, 2019. Pp-28.

၄။ Editorial (2021)၊ “လှည့်စားတတ်သော ကိန်းဂဏန်းများ” ၊ Weekly ELEVEN News, No.44, Vol. 16, 25 October 2021. Pp-2.


READ NEXT
Cancel OK