Top News

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လက်ရှိအနေအထားနှင့် ရုရှားနိုင်ငံ၏ ဝင်ရောက်လာနိုင်မှု အလားအလာ
24htopnews | October 31, 2024 11:13 AM CST

FDI ဝင်ရောက်မှုအပေါ် သက်ရောက်သည့် အကြောင်းခြင်းရာများ

ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် စီးပွားရေးကြီးထွားမှုနှုန်း မြင့်တက်လာရန် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကြီးကြီးမားမား ဝင်ရောက်လာရန် လိုအပ်သည်။

FDI ဟူသည် ကုမ္ပဏီများက နိုင်ငံခြားတိုင်းပြည်တစ်ခု၌ အရင်းအနှီး ဝယ်ယူခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန်၌ အခြေစိုက်သော်လည်း နိုင်ငံပေါင်းစုံ၌ လုပ်ကိုင်နေသော Nike ကုမ္ပဏီသည် အားကစားဖိနပ်ထုတ်လုပ်ရန်အတွက် ပါကစ္စတန်နိုင်ငံတွင် စက်ရုံတစ်ရုံ တည်ဆောက်ခြင်းမျိုးကို FDI ဟု ခေါ်သည်။ FDI ဝင်ရောက်မှုအပေါ် သက်ရောက်သည့် အကြောင်းခြင်းရာများစွာ ရှိသည့်အနက် အရေးကြီးသည့်အချက်အချို့ကို သုံးသပ်ကြည့်ရန် လုုိသည်။

(၁) လုပ်အားခနှုန်းထား - လုပ်အားခနှုန်းထား လျော့နည်းခြင်းသည် FDI ကို ဆွဲဆောင်နိုင်သည့် အဓိကမက်လုံးထဲ၌ ပါဝင်သည်။ ပျမ်းမျှအားဖြင့် အမေရိကန်တွင် တစ်နာရီလုပ်ခ ၁၅ ဒေါ်လာရှိသော်လည်း အိန္ဒိယတိုက်ငယ်တွင် တစ်နာရီတစ်ဒေါ်လာသာ ရှိသည်။ (မြန်မာနိုင်ငံတွင် တစ်နာရီလုပ်အားခသည် လက်ရှိဒေါ်လာစျေးအရ တစ်ဒေါ်လာ၏ သုံးပုံတစ်ပုံခန့်သာ ရှိသည်) ။ ထို့ကြောင့် အနောက်တိုင်းကုမ္ပဏီများသည် အထည်ချုပ်စက်ရုံများကို အိန္ဒိယတိုက်ငယ်၌ လာရောက်လုပ်ကိုင်ကြခြင်း ဖြစ်သည်။

သို့သော် လုပ်အားခနှုန်းထား သက်သက်က FDI ကို ဆုံးဖြတ်ခြင်း မဟုတ်ပေ။ ဆာဟာရအောက်ပိုင်း အာဖရိကဒေသကဲ့သို့သောနေရာ၌ လုပ်အားခ စျေးပေါသော်လည်း အခြားကုန်ကျစရိတ်များနှင့် မကာမိသောကြောင့် ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံရန် နောက်တွန့်ကြသည်။

(၂) ကျွမ်းကျင်လုပ်သား - အချို့သော လုပ်ငန်းများ (ဥပမာ- ဆေးဝါးထုတ်လုပ်ရေးနှင့် အီလက်ထရွန်နစ်) တို့အတွက် ကျွမ်းကျင်လုပ်သားများ လိုအပ်သည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံတွင် အင်္ဂလိပ်စကား ကျွမ်းကျင်စွာ ပြောတတ်သူပေါများပြီး လုပ်ခနှုန်းနိမ့်ပါးသောကြောင့် ဖုန်းခေါ်ဆိုမှုများကို ဖြေဆိုရသော ဝန်ဆောင်မှုလုပ်ငန်းများက အိန္ဒိယ၌  လာရောက်ရင်းနှီးမြှုပ်နှံကြသည်။

(၃) အခွန်ကောက်ခံမှု- Apple ၊ Google နှင့် Microsoft ကဲ့သို့သော ကုမ္ပဏီကြီးများသည် အခွန်ကောက်ခံမှု နိမ့်ပါးသည့် နိုင်ငံများ၌ ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းကြသည်။ ဥပမာအားဖြင့် အိုင်ယာလန်နိုင်ငံသည် အခွန်ကောက်ခံမှုနှုန်းထားအရ Google နှင့် Microsoft ကုမ္ပဏီတို့ကို ဆွဲဆောင်နိုင်ခဲ့သည်။ သို့သော် အငြင်းပွားဖွယ်ရာအချို့ကို ဖြစ်ပေါ်စေသည်။ Google ကုမ္ပဏီသည် ဥရောပနိုင်ငံများအားလုံးနီးပါး၌ လုပ်ငန်းများ လုပ်ကိုင်သော်လည်း အကျိုးအမြတ်အားလုံးကို အိုင်ယာလန်မှတစ်ဆင့် လွှဲပြောင်းရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

(၄) သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံ - အလွန်အဓိကကျသည့် အကြောင်းခြင်းရာတစ်ရပ်မှာ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များနှင့် အခြေခံအဆောက်အအုံ အဆင့်အတန်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၌ လုပ်အားခ စျေးပေါနိုင်သော်လည်း ကုန်ပစ္စည်းများကို ကမ္ဘာ့စျေးကွက်သို့ တင်ပို့သည့်အခါ  သယ်ယူပို့ဆောင်ရေးစရိတ် မြင့်မားမှုနှင့် မကာမိခြင်း ဖြစ်နိုင်သည်။ ရေလမ်းမှ တင်ပို့ရမည့် ကုန်ပစ္စည်းမျိုးအတွက် ပင်လယ်ရေကြောင်းလမ်း အသုံးပြုနိုင်သည့် နိုင်ငံများက ကုန်းတွင်းပိုင်း နိုင်ငံများထက် ပို၍အားသာချက် ရှိသည်။

(၅) စီးပွားရေး အရွယ်အစား ကြီးထွားနိုင်သည့် အလားအလာ- အချို့သော FDI များသည် မိမိတို့လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ၌ကုန်ပစ္စည်းများကို တိုက်ရိုက်ရောင်းချရန် ပစ်မှတ်ထားသည်လည်း ရှိသည်။ ထိုအခါ လူဦးရေအရွယ်အစားနှင့် စီးပွားရေးကြီးထွားနိုင်မှု အလားအလာသည် အရေးကြီးသည့် မက်လုံးတစ်ရပ်ဖြစ်သည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံတွင် အသစ်ပေါ်ထွက်လာသော လူလတ်တန်းလွှာများအတွက် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ဝယ်လိုအား အလွန်ကြီးမားသောကြောင့် FDI များ အလွန်စိတ်ဝင်စားကြခြင်းဖြစ်သည်။

(၆) နိုင်ငံရေးတည်ငြိမ်မှု၊ မြေယာပိုင်ဆိုင်မှုဆိုင်ရာအခွင့်အလမ်း - FDI အဖြစ် ရင်းနှီးမြှုပ်နှံမှုသည် စွန့်စားရသော ကိစ္စတစ်ရပ် ဖြစ်သည်။ နိုင်ငံရေးအနေအထားအရ မရေရာသောနိုင်ငံများအနေဖြင့် ဆွဲဆောင်အား လျော့နည်းမည်ဖြစ်သည်။ စီးပွားရေးအကျပ် အတည်းသည်လည်း FDI ကို ဆွဲဆောင်နိုင်ရန် မျှော်လင့်ချက်နည်းစေသည်။ ဥပမာအားဖြင့်ရုရှားနိုင်ငံတွင် မကြာသေးမီက စီးပွားရေးအကျပ်အတည်း ဖြစ်ပေါ်ခဲ့ပြီး စီးပွားပိတ်ဆို့မှုပါ ခံရသောကြောင့် FDI များကို တွန့်ဆုတ်စေခဲ့သည်။ နိုင်ငံရေး တည်ငြိမ်မှုပတ်သက်နေသော အခြားအကြောင်းခြင်းရာများသည်လည်း FDI များအပေါ် သက်ရောက်မှုရှိသည်။ ၎င်းတို့မှာ အဂတိလိုက်စားမှုအဆင့်နှင့် အင်စတီကျူးရှင်းများ (အထူးသဖြင့် တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေး) အပေါ် ယုံကြည်စိတ်ချရမှုတို့ဖြစ်သည်။

အထက်ပါ ခြောက်ချက်အပြင် ကုန်ကြမ်းပစ္စည်း ရရှိနိုင်မှုနှင့် ငွေလဲနှုန်းတို့ကလည်း FDI အပေါ် သက်ရောက်မှုရှိသည်။ ငွေလဲနှုန်း အားပျော့သည့်နိုင်ငံများက FDI ကို ဆွဲဆောင်နိုင်သော်လည်း ငွေလဲနှုန်း အပြောင်းအလဲမြန်ခြင်းက FDI များကို တွန့်ဆုတ်စေသည်။

သို့ဖြစ်ရာ နိုင်ငံကိုအကျိုးရှိစေမည့် FDI များ ဝင်ရောက်လာရန်အတွက် နိုင်ငံအတွင်း အခြေခံကောင်းများ တည်ဆောက်ထားရန် လိုအပ်လျက်ရှိသည်။

နှစ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေ

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၇၉၁ ဘီလျံဝင်ရောက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်နောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စံချိန်တင်ကျဆင်းခဲ့သည့်နှစ် ဖြစ်သည်။

နှစ်အလိုက် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို လေ့လာကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၆၄၄ ဒသမ ၄၆၀ သန်း (၄ ဒသမ ၆၄၄ ဘီလျံ) ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၄၁၉ ဒသမ ၄၆၇ သန်း (၁ ဒသမ ၄၁၉ ဘီလျံ)၊၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် ၄၁၀၃ ဒသမ ၉၅၇ သန်း (၄ ဒသမ ၁၀၃ ဘီလျံ)၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၈၀၀၉ ဒသမ ၄၀၃ သန်း (၈ ဒသမ ၀၀၉ ဘီလျံ) ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ  ၉၄၈၆ ဒသမ ၁၂၃ သန်း(၉ ဒသမ ၄၈၆ ဘီလျံ) ဖြင့် စံချိန်တင်အများဆုံး ဝင်ရောက်ခဲ့သည့်နှစ်ဖြစ်သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆၆၄၉ ဒသမ ၈၁၂ သန်း (၆ ဒသမ ၆၄၉ ဘီလျံ)၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅၇၁၈ ဒသမ ၀၈၆ သန်း(၅ ဒသမ ၇၁၈ ဘီလျံ)၊၂၀၁၈ ခုနှစ် ကြားကာလ ခြောက်လအတွင်း ဒေါ်လာ ၁၇၆၄ ဒသမ ၇၀၁ သန်း(၁ ဒသမ ၇၆၄ ဘီလျံ)၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၁၅၈ ဒသမ ၄၇၄ သန်း(၄ ဒသမ  ၁၅၈ ဘီလျံ)၊၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၈၈၀ ဒသမ ၉၇၃ သန်း(၄ ဒသမ ၈၈၀ ဘီလျံ)နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၇၉၁ ဒသမ ၃၉၈ သန်း(၃ဒသမ ၇၉၁ ဘီလျံ)ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် COVID-19 ကြောင့် အသွားအလာ ကန့်သတ်ထားသဖြင့် အချို့လုပ်ငန်းများ ဝင်ရောက်ရန်ရှိသော်လည်း ခွင့်ပြုမပေးနိုင်ခဲ့သဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လျာထားချက် ပြည့်မီခြင်းမရှိဘဲ လျော့ကျခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၇၉၁ ဘီလျံဝင်ရောက်မြှုပ်နှံထားမှုတွင် UK က ဒေါ်လာ ၂ ဒသမ  ၅၀၆ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံထားမှုအနေဖြင့် ဘရူနိုင်းက ဒေါ်လာ ၁ ဒသမ ၄၆၉  သန်း၊ တရုတ်က ဒေါ်လာ ၁၇၅ ဒသမ ၈၃၄ သန်း၊ တိုင်ပေက ဒေါ်လာ သုည ဒသမ ၄၄၃ သန်း၊ H.K က ဒေါ်လာ ၁၁ ဒသမ ၁၃၈ သန်း ၊ အိန္ဒိယက ဒေါ်လာ ၁ ဒသမ ၂ သန်း၊ ဂျပန်က ဒေါ်လာ ၅၁၈ ဒသမ ၇၆၁ သန်း၊ မလေးရှားက ဒေါ်လာ ၂ ဒသမ ၁ သန်း၊ Marshall Island က ဒေါ်လာ ၁၀ ဒသမ ၇၀၀ သန်း၊ R.O.K က ဒေါ်လာ ၃၂ ဒသမ ၆၁၄ သန်း၊ Samoa က ဒေါ်လာ သုည ဒသမ ၅၀၀ သန်း၊ စင်ကာပူက ဒေါ်လာ ၄၂၉ ဒသမ ၃၃၆ သန်း ၊ ထိုင်းက ဒေါ်လာ ၉၉ ဒသမ ၁၈၅ သန်း၊ UK က ဒေါ်လာ ၂၅၀၆ ဒသမ ၉၁၈ သန်း၊ ဗီယက်နမ်က ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် စုစုပေါင်း ၃၇၉၁ ဒသမ ၃၉၈ သန်း ဝင်ရောက်မြှုပ်နှံထားခြင်းဖြစ်သည်။

၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်အတွင်း ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအနေဖြင့် လယ်ယာကဏ္ဍတွင် ဒေါ်လာ ၉ ဒသမ ၉၈၈ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၁၉ ဒသမ ၆၉၈ သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ၂၈၆ ဒသမ ၀၂၃ သန်း၊ စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၃၁၂၁ ဒသမ ၃၂၃ သန်း၊ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ ဒသမ ၅၀၀ သန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ဒေါ်လာ ၈၁ သန်း၊အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာရှစ်သန်း၊ Industrial Estate ကဏ္ဍတွင် ဒေါ်လာ ၂၈ ဒသမ ၂၁၀ သန်းနှင့် အခြားကဏ္ဍတွင် ဒေါ်လာ ၁၀၃ ဒသမ ၆၅၆ သန်းဖြင့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၇၉၁ ဒသမ ၃၉၈ သန်း ဝင်ရောက်ခဲ့သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးရေး၊ ဟိုတယ်နှင့်ခရီးသွား၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၀၄ သန်းကျော်နှင့် ကျပ် ၂၂၅ ဘီလျံကျော်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စတင်ခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏(၅/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာ ၃ ရက်က ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (ကာလတို) ၏ ပထမဆုံးအစည်းအဝေးဖြစ်ပြီး ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉ ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စိုက်ပျိုးရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍများ၌  လုပ်ငန်းသစ် ၁၃ ခုကို ခွင့်ပြုခဲ့သည်။

သို့သော် ယင်းကဏ္ဍများတွင်  မည်သည့်နိုင်ငံများက ဝင်ရောက်မြှုပ်နှံခဲ့သည်ကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြမထားပေ။

အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည်  ဒေါ်လာ ၂၀၄ ဒသမ ၈၃၈ သန်းနှင့် ကျပ်သန်း ၂၂၅၅၂၀ ဒသမ ၀၁၅ ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၉၇၂ နေရာ ဖန်တီးပေးနိုင်မည်ဟု သိရသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း  ၅၁ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတွင် နိုင်ငံရေးဖြစ်စဉ်များ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီးနောက် ဝင်ရောက်လုပ်ငန်းလုပ်ကိုင်နေဆဲ ကမ္ဘာကျော်အမှတ်တံဆိပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအချို့ ရပ်ဆိုင်းခြင်း၊ အချို့မှာ ဆက်လက်လည်ပတ်ရန် အခက်အခဲများစွာရှိသဖြင့်ဟုဆိုကာ ၎င်းတို့၏လုပ်ငန်းများ ရုပ်သိမ်းတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြသည်။

မြန်မာ့နိုင်ငံရေးအခြေအနေများကြောင့် FDI လုပ်ငန်းအချို့ လုပ်ငန်းစွန့်ခွာရန် ပြင်ဆင်နေကြသည် ဟုဆိုသော်လည်း မြန်မာနိုင်ငံနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့်နိုင်ငံမှာ ရုရှားနိုင်ငံဖြစ်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံထားသည့်နိုင်ငံ /ဒေသပေါင်း ၅၁ ခုတွင် ရုရှားနိုင်ငံက ဒေါ်လာ ၉၄ သန်းသာရှိပြီး အဆင့် ၂၂ တွင်ရှိနေသည်။

မြန်မာ-ရုရှားနှစ်နိုင်ငံကုန်သွယ်မှုတွင်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် သြဂုတ်လကုန်အထိ ဒေါ်လာ ၃၂  ဒသမ ၂၅၂ သန်းရှိသည်။ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်က ဒေါ်လာ ၆၀ ဒသမ ၆၂၃ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ဒေါ်လာ ၄၆ ဒသမ ၆၂၂ သန်းသာရှိသည်။

သို့သော်လည်း လက်ရှိအချိန်တွင် မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ကြိုးပမ်းလျက်ရှိသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေ တူးဖော်ထုတ်လုပ်ရေး၊ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ သုတေသနလုပ်ငန်းများစသည်တို့တွင် ရုရှားစီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဆွေးနွေးခဲ့ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ရုရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အလားအလာ

မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်နိုင်မည့် အဓိကနယ်ပယ်များဖြစ်သော လျှပ်စစ်၊ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေး၊ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ၊ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဘိလပ်မြေ၊သံနှင့်ဆက်စပ်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးရေးကဏ္ဍအတွက် ဓာတ်မြေသြဇာထုတ်လုပ်မှုလုပ်ငန်း၊ သတင်းအချက်အလက်နည်းပညာ၊ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်တင်ပို့နိုင်သည့်လုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ သုတေသနလုပ်ငန်းများတွင် ရုရှားစီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ အန်နာသိုလီဘူ လော့ချ်နိကော့က နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများအား အဆင်ပြေစွာဆောင်ရွက်နိုင်ရန် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုကို အလေးထားဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံအနေဖြင့် Eurasian Economics Union (EAEU) အဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံသို့ ရုရှားစီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် နှစ်နိုင်ငံအကြား အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုကိစ္စများအား  အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စသည်တို့ကို ဆွေးနွေးခဲ့သည်။

ရုရှား-မြန်မာနှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်မှုများ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို အောက်တိုဘာ ၂၆ ရက်က ရန်ကုန်မြို့၌ လက်မှတ်ရေးထိုးခဲ့သည်။

ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း (RMFAC) ၏ ဒုတိယဥက္ကဋ္ဌနှင့်  မြန်မာ-ရုရှားစီးပွားရေးဖွံ့ဖြိုးမှုအသင်း (MRBDA) ၏ ဥက္ကဋ္ဌတို့က ရုရှား-မြန်မာနှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူနားလည်မှု စာချွန်လွှာကို ရုရှား-မြန်မာနှစ်နိုင်ငံ စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို အပြန်အလှန် လက်မှတ်ရေးထိုးကြသည်ဟု သိရသည်။

ရုရှား-မြန်မာနှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ အတူတကွ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ လျှပ်စစ်နှင့်စွမ်းအင်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာကဏ္ဍ၊ သတ္တုလုပ်ငန်းဆိုင်ရာကဏ္ဍ၊ ခရီးသွားလာရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍများ စသည့်ကဏ္ဍများကို နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ အသင်းများအကြား ကုန်သွယ်မှုများ တိုးမြှင့်အကောင်အထည်ဖော်ရန်အတွက်  အကြိုညှိနှိုင်းသဘောတူနားလည်မှု စာချွန်လွှာရေးထိုးခဲ့ခြင်းဖြစ်သည်။

ရုရှားနိုင်ငံ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလာနိုင်မှု အလားအလာအပေါ် “အလားအလာကောင်းတယ်လို့ပဲ အတိုချုပ်ပြောရမှာပေါ့” ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

“ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ရင် ကမ္ဘာတစ်ဝန်းမှာ FDI တွေ ကျဆင်းနေပါတယ်။ စီးပွားရေးအရ အင်အားကြီးနိုင်ငံတွေတောင် ကိုဗစ်ကြောင့် ရုန်းကန်နေရတယ်။ နောက်ပြီး ရင်းနှီးမြှုပ်နှံသူတွေက သူတို့ရင်းနှီးမြှုပ်နှံမယ့်နိုင်ငံရဲ့ တည်ငြိမ်မှု၊ စျေးကွက်အလားအလာ ဒါတွေကိုကြည့်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားက  အနောက်လည်း မျှော်မရ၊ အရှေ့ကလည်း သိပ်မသေချာတဲ့အခြေအနေ ဖြစ်နေတယ်။ ကိုဗစ်ကတစ်ကြောင်း၊ နိုင်ငံရေးအပြောင်းအလဲက တစ်ကြောင်းပါတာပေါ့ဗျာ။ အခုအချိန်  မြန်မာနိုင်ငံနဲ့ ဆွေးနွေးတာ အဓိက ရုရှားပဲ။ ရုရှားနဲ့ဆွေးနွေးမှုတွေ ခပ်စိပ်စိပ်တွေ့လာရတယ်။ ကိုယ့်ဘက်ကလည်းသွားတယ်။ သူတို့လည်းလာတယ်ပေါ့ဗျာ။ DICA ဒေတာအရတော့ မြန်မာမှာ ရုရှားရဲ့ရင်းနှီးမြှုပ်နှံမှုက အဆင့် ၂၂ မှာရှိနေတယ်။ နှစ်နိုင်ငံ ကုန်သွယ်ရေးကလည်း တစ်နှစ်ဒေါ်လာ သန်း ၆၀ ဝန်းကျင်ပဲ ရှိတယ်။ အဲဒီတော့ ရုရှားနဲ့ပေါင်းရင် ဘာတွေရမလဲ၊ သူတို့ဘာကိုစိတ်ဝင်စားတာလဲ၊ ဘယ်နည်းဘယ်ပုံနဲ့ ဝင်လာမလဲပေါ့။ ဒါကစိတ်ဝင်စားစရာပါ” ဟု ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။


READ NEXT
Cancel OK