Top News

မိအေး ၁၆ ခါနာ မြို့ပြအမှီပြု စီးပွားရေးလုပ်ငန်းများ
24htopnews | October 31, 2024 11:13 AM CST

ကိုဗစ်ကြောင့် အာဆီယံနိုင်ငံတွေမှာ မြို့ပြစီးပွားရေးလုပ်ငန်း အတော်များများ ပြိုကျမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ အာဆီယံနိုင်ငံများဟာ အဲဒီမြို့ပြစီးပွားရေးလုပ်ငန်းများ ကုစားရေးအစီအစဉ်တစ်ခုအနေနဲ့ တန်ဖိုးထားပြီး ကယ်တင်နေပါတယ်။

မလေးရှားမှာ လက်လီစျေးဆိုင်များ ထောက်ပံ့မှုခေါင်းစဉ်၊ ထိုင်းမှာဆိုရင် စီးပွားရေးလုပ်ငန်းငယ်များ နဲ့တစ်ဦးချင်းစီးပွားရေးသမားများကို ချေးငွေဖန်တီးခြင်း၊ စင်ကာပူမှာဆိုရင် တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်များအတွက် သီးခြားအစီအစဉ်နဲ့ ချေးငွေစည်းကမ်းဖြေလျှော့မှု၊ အင်ဒိုနီးရှားမှာဆိုရင် ပုဂ္ဂလိကကဏ္ဍ ချေးငွေထောက်ပံ့မှု ဘဏ္ဍာရေးကျားကန်ခြင်းဆိုတဲ့ ခေါင်းစဉ်တွေနဲ့ မြို့ပြအမှီပြု စီးပွားရေးလုပ်ငန်းတွေကို ဘီလျံများစွာသုံးပြီး ကျားကန်ကုစားပေးတဲ့အစီအစဉ်တွေနဲ့ ဆောင်ရွက်နေပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် မြို့ပြစီးပွားရေးလုပ်ငန်းများဟာ စုစုပေါင်းအလုပ်အကိုင်ရဲ့ ၅၀ နီးပါး ဖြေရှင်းပေးနေပြီး သူတို့ရဲ့ဂျီဒီပီထည့်ဝင်မှုအချိုးဟာ အတိုင်းအတာတစ်ခုအထိ ရှိနိုင်ပါတယ်။ မြို့ပြကို အမှီပြုနေတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ အရောင်းအဝယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ အပန်းဖြေလုပ်ငန်း၊ ပညာရေးလုပ်ငန်းစတဲ့ အားလုံး (အခြေခံစားသောက်ကုန်မှလွဲပြီး) ဟာ ကိုဗစ်ကျန်းမာရေး ပေါ်လစီကြောင့် ပိတ်ထားရတာ ဒုတိယလှိုင်းကတည်းကဆိုရင် တစ်နှစ်ကျော်ကြာမြင့်သွားပါပြီ။

မြို့ပြအမှီပြု စီးပွားရေးလုပ်ငန်းငယ်များဟာ အသေးစားအလတ်စားကဏ္ဍမှာလည်း အကျုံးမဝင်၊ စက်မှုလုပ်ငန်းများမှာလည်း အကျုံးမဝင်၊ ကုမ္ပဏီလုပ်ငန်းမှာလည်း အကျုံးမဝင်၊ စက်မှုဇုန်မျိုးနဲ့လည်း အကျုံးမဝင်တော့ ကိုယ်ပိုင်အရင်းအနှီး၊ ချေးငှားအရင်းအနှီးနဲ့ လည်ပတ်နေကြတဲ ့ပေါ်လစီအကျုံးမဝင် ရာဇဝင်နဲ့ ရှင်သန်နေခဲ့ရတာ ခေတ်အဆက်ဆက်ပါ။ မြို့ပြကိုအမှီပြုနေတဲ့ စီးပွားရေးလုပ်ငန်းများဟာ နိုင်ငံတော်ရဲ့ ပေါ်လစီအရ မျက်နှာသာ ပေးမှုကိုလည်းမရ၊ ကိုဗစ်ပြန်လည် ကုစားရေး၊ ပြန်လည်ထူထောင်ရေးမှာလည်း အကျုံးမဝင်တဲ့အတွက်ကြောင့် ကုရာနတ္ထိဆေးမရှိဆိုသလိုပါဘဲ။

တကယ်တော့ ကိုဗစ်ကျန်းမာရေး အကြောင်းပြချက်ကြောင့် ပထမဆုံးပိတ်လိုက်ရတာလည်း မြို့ပြအမှီပြုစီးပွားရေး လုပ်ငန်းငယ်လေးတွေပါ။ ကုန်တိုက်တွေ၊ အရောင်းစင်တာတွေ၊ မီနီမတ်တွေ၊ Shopping Mall တွေကျတော့ မပိတ်ရဘဲ ဒီလိုတစ်ပိုင်တစ်နိုင် မြို့ပြအမှီပြုလုပ်ငန်းငယ်တွေကျတော့ ကိုဗစ်ကျန်းမာရေးကြောင့် ပိတ်ပင်ထားရတယ်ဆိုတာ ကောင်းလှတဲ့ ဥပမာကောင်းတော့ ဟုတ်ဟန်မတူပါဘူး။ 

ကုန်တိုက်တွေ၊ အရောင်းစင်တာတွေ၊ မီနီမတ်တွေ၊ Shopping Mall တွေကျတော့ ကိုဗစ်စည်းကမ်းနှင့်အညီ၊ ကိုဗစ်နဲ့ယှဉ်တွဲတဲ့ပေါ်လစီကျင့်သုံးပြီး အရောင်းအဝယ်မပျက် ပြုလုပ်နိုင်ပေမဲ့ မြို့ပြအမှီပြု လုပ်ငန်းငယ်တွေကျတော့ ဒီပေါ်လစီမရှိတာဟာ အတော့်ကိုခွတီးခွကျနိုင်သလားလို့ တွေးမိပါတယ်။ ကျန်းမာရေးပြဿနာဟာ လူမှုစီးပွားပြဿနာကို ကူးစက်လာနေတာ ကြာလှပါပြီ။

အစိုးရရဲ့ ဘဏ္ဍာရေး အကူအညီလည်းမရ၊ ပေါ်လစီကြောင့်လည်း ပိတ်ပင်ခံရ၊ မိမိကိုယ်ပိုင်ငွေကြေး အရင်းအနှီးတစ်ခုတည်းနဲ့ ရပ်တည်ရ၊ တိုင်းပြည်အတွက်အခွန်အခ များစွာပေးနိုင်တဲ့ ဒီမြို့ပြအမှီပြုစီးပွားရေး လုပ်ငန်းငယ်လေးတွေရဲ့ဖွံ့ဖြိုးမှု၊ တိုးတက်မှုဟာ တိုင်းပြည်ရဲ့စီးပွားရေးကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူများစွာပြုနေတာကို သတိမူသင့်ပါတယ်။ မြို့နယ်စည်ပင်သာယာလုပ်ငန်းများ အားလုံးဟာ ဒီမြို့ပြစီးပွားရေးလုပ်ငန်းငယ်လေးများကရတဲ့ အခွန်အခဝင်ငွေတွေနဲ့ ရပ်တည်နေကြတာ ဖြစ်ပါတယ်။

မြို့ပြအမှီပြု စီးပွားရေးလုပ်ငန်းများဟာ နိုင်ငံရဲ့အလုပ်လက်မဲ့ အခြေအနေကို အများကြီးထောက်ပံ့ဖြေရှင်းပေးနေရပြီး တစ်ဖက်မှာလည်း ပြည်တွင်းငွေကြေးလှည့်ပတ်မှု အရှိန်သွက်စေတဲ့ အင်ဂျင်ဖြစ်သလို စုစုပေါင်းဝယ်လိုအား တိုင်းတာနိုင်တဲ့ ဂျီဒီပီညွှန်းကိန်းကို အထောက်အပံ့ပေးထားတာဟာ ဒီလုပ်ငန်းလေးတွေပါ။ သူတို့ဟာလည်း နိုင်ငံ့စီးပွားရေးပါပဲ။ အစိုးရရဲ့ ဘတ်ဂျက်၊ အသေးစားအလတ်စား၊ ပုဂ္ဂလိကဏ္ဍ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စက်မှုဇုန်၊ လယ်ယာကဏ္ဍဆိုတဲ့ စီးပွားရေး လက်တံများ အားလုံးအရေးပါသလို မြို့ပြအမှီပြုစီးပွားရေးလုပ်ငန်းများဟာ စီးပွားရေးလက်တံတစ်ခုဆိုတာ မေ့လို့မဖြစ်ပါဘူး။

မြို့ပြအမှီပြု စီးပွားရေးလုပ်ငန်းလေးတွေကို ပိတ်လိုက်ခြင်းဟာ နိုင်ငံရဲ့အလုပ်အကိုင် ရာခိုင်နှုန်း ၅၀ နီးပါး ဖြေရှင်းပေးတဲ့ အလုပ်အကိုင်ပျက်စီးသွားသလို အလုပ်လက်မဲ့တွေလည်း များစွာဖြစ်နေပါတယ်။ ငွေကြးလှည့်ပတ်မှုအရှိန်ကိုလည်း ရပ်တန့်လိုက်သလို ဖြစ်နေပါတယ်။ ပြည်တွင်း စုစုပေါင်းဝယ်လိုအားကိုလည်း အားပျော့သွားစေပါတယ်။

ကုန်တိုက်ကြီးတွေ၊ စျေးဝယ်စင်တာတွေ၊ မီနီမတ်တွေ၊ Shopping Mall တွေကျတော့ ကိုဗစ်နဲ့ယှဉ်တွဲပြီး လုပ်ငန်းဆောင်ရွက်တဲ့ ပေါ်လစီရှိနေပြီး ပုဂ္ဂလိကဏ္ဍနှင့် အသေးစား အလတ်စားကဏ္ဍတော့ ဘဏ္ဍာရေးထောက်ပံ့မှုတွေ ရနေပြီး အစိုးရအတွက် နှစ်စဉ်ကြေး၊ သက်တမ်းတိုး၊ ဆိုင်ခန်းငှားရမ်းမှု၊ ရေမီးနှင့် စည်ပင်သာယာရဲ့ မျိုးစုံအခွန်အခ မပျက်မကွက်ပေးနေရတဲ့ ဒီမြို့ပြအမှီပြုစီးပွားရေးလုပ်ငန်းတွေဟာ မိအေး ၁၆ ခါနာသလိုမျိုး ဖြစ်နေပြီလားမသိပါ။

မြို့ပြအမှီပြု စီးပွားရေးလုပ်ငန်းများဟာ တိုင်းပြည်ရဲ့ စီးပွားရေးဆိုတာကိုလည်း မြင်အောင်ကြည့်တတ်ကြဖို့  လက်ရှိအချိန်မှာ လိုနေပါပြီ။

မြို့ပြီစီးပွားရေးလုပ်ငန်းတွေကို ဘာကြောင့်အပူတပြင်းဆွဲတင်ဖို့ လိုအပ်နေသလဲဆိုရင် စျေးကွက်ထဲမှာ ဝယ်လိုအားတွေ အဆမတန်ကျဆင်းနေပြီး လူထုလက်ထဲမှာလည်း ငွေကျုံ့မှုတွေ ဖြစ်ပေါ်နေလို့ ဖြစ်ပါတယ်။

မြို့ပြအသေးစားလုပ်ငန်းတွေ ရပ်တန့်နေခြင်းဟာ အဲဒီပြဿနာနှစ်ခုကို ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းနေရပြီး စီးပွားရေးကို ဆွဲချနေသလို ဖြစ်နေလို့ပါ။ မြို့ပြစီးပွားရေးလုပ်ငန်းစီးပွားရေးဟာ လူတွေရဲ့ နိစ္စဓူဝ စားဝတ်နေရေးနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ မြို့ပြစီးပွားရေးတွေ ပိတ်ထားတာဟာ လူတွေရဲ့ နိစ္စဓူဝ စားဝတ်နေရေးကို အကျပ်အတည်း ဖြစ်စေပြီး အဲဒီကတစ်ဆင့် လူမှုရေးပြသနာတွေ၊ Rule of the Law တိုက်ရိုက်ချိတ်ဆက်နေလို့ ဖြစ်ပါတယ်။ 

နိစ္စဓူဝစားဝတ်နေရေးကနေ တရားဥပဒေစိုးမိုးမှု အားနည်းလာရင် လူ့အဖွဲ့အစည်းဟာ ယိုင်နဲ့လာပါတယ်။ ဒါကြောင့် စက်မှုလုပ်ငန်း၊ ထုတ်လုပ်မှုလုပ်ငန်းအခြေမပြုထားဘဲ မြို့ပြစီးပွားရေးလုပ်ငန်းအပေါ် အခြေပြုထားတဲ့ လူ့အဖွဲ့အစည်းဟာ အခုလိုအချိန်မှာ ဖြေရှင်းရမယ့် အဓိကပြဿနာဖြစ်သလို အစိုးရအပေါ်မှာလည်း အကောင်းဆုံးအဖြေကို ပေးနိုင်တာဖြစ်ပါတယ်။ နိစ္စဓူဝ အကျပ်အတည်းကနေ ထွက်ပေါက်ရှာတဲ့အနေနဲ့ နိုင်ငံရေး၊ တရားဥပဒေ၊ ခိုးဆိုးလုဝှက်၊ တခြားအကျပ်အတည်းကို ဆွဲခေါ်ဖြစ်နေတာဟာ ယနေ့မြို့ပြစီးပွားရေးလုပ်ငန်းတွေအပေါ် ကိုင်တွယ်တဲ့မူဝါဒ ချွတ်ချော်မှုကနေ မြစ်ဖြားခံနေတာကို မမေ့ကြဖို့ လိုပါတယ်။

မြို့ပြစီးပွားရေးလုပ်ငန်းတွေကို ဘယ်လိုကိုင်တွယ်မလဲ

အဓိကကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ မြို့ပြစီးပွားရေးလုပ်ငန်းလုပ်သူများနှင့် ပထမဆုံးတွေ့ဆုံပြီး နှစ်ဖက်အပြန်အလှန် ဆွေးနွေးအဖြေရှာကြဖို့က အရေးကြီးဆုံးလို့ ထင်ပါတယ်။

ပေါ်လစီတွေ၊ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ပံ့ပိုးကူညီမှုတွေထက် အရေးကြီးတယ်လို့ ယူဆပါတယ်။ အာဏာပိုင်တွေဟာ စျေးကွက်ရဲ့သဘောတရား၊ စျေးကွက်ရဲ့ လိုအပ်ချက်ကို အလေးမထား၊ အသိအမှတ်မပြုဘဲ ပြည်သူ့ရေးရာ မူဝါဒချမှတ်မှု အစဉ်အလာကိုလည်း ဖောက်ထွက်စဉ်းစားပြီး အဖြေရှာသင့်နေပါပြီ။

မြို့ပြစီးပွားရေးလုပ်ငန်းရှင်တွေဘက်က ဘာလိုအပ်ချက်ရှိသလဲ၊ ဘာတွေတောင်းဆိုမှုရှိသလဲ၊ ဘာတွေမျှော်လင့်ထားသလဲ၊ ဘာတွေတာဝန်ခံမှု၊ တာဝန်ယူမှုရှိမလဲ၊ ဘဏ္ဍာရေး၊ အခွန်အခ၊ စည်ပင်သာယာ၊ အလုပ်သမား၊ ကုန်စည်၊ စျေးရောင်းချရမှု၊ တခြားလုံခြုံရေး အခြေအနေစတဲ့ အခက်အခဲတွေ ပြောပြကြပါလိမ့်မယ်။

လက်တွေ့မြေပြင် အကျပ်အတည်းကို အဆိုပါလုပ်ငန်းငယ်လေးတွေနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးခြင်းကနေ အကောင်းဆုံးအဖြေ တွေ့နိုင်ပါလိမ့်မယ်။ COVID-19 နဲ့ယှဉ်ပြီး ဘယ်လိုစီးပွားရှာရမလဲဆိုတာ၊ ဘယ်လို ကျန်းမာရေးလမ်းညွှန်ချက်တွေ စောင့်ထိန်းရမလဲဆိုတဲ့ အုပ်ချုပ်ရေးဘက်ကအမြင်နဲ့ တိုက်ရိုက်တွေ့ဆုံ ပူးပေါင်းအဖြေရှာလိုက်ရင် အဖြေကောင်းတွေ အများကြီး ထွက်လာနိုင်ပါတယ်။

ခေတ်တစ်လျှောက်လုံး အုပ်ချုပ်သူဘက်ကနေ ချမှတ်လာတဲ့ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေဟာ အလုပ်မဖြစ်ခဲ့မှန်း လူတိုင်းသိပြီးသားဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေဟာ အာဏာပိုင်တွေအတွက် လွယ်ကူရှင်းလင်းတဲ့ကိစ္စတွေ ဖြစ်သလို တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် တာဝန်ယူမှု၊ တာဝန်ခံမှုကိုလည်း ဖြစ်စေပါလိမ့်မယ်။

အာဏာပိုင်တွေဘက်က စဉ်းစားထားရမှာက (၁) ဘယ်အချိန်မှာ မြို့ပြစီးပွားရေးလုပ်ငန်းတွေကို ဖွင့်ခွင့်ပေးလိုက်မလဲ။ (၂) မြို့ပြစီးပွားရေးလုပ်ငန်းတွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဘယ်လိုဖြေရှင်းမလဲ။ (ဘဏ္ဍာရေး၊ ငွေကြေး၊ အလုပ်အကိုင်၊ အရင်းအနှီး)၊ (၃) မြို့ပြစီးပွားရေးလုပ်ငန်းတွေ ရဲရဲဝံ့ဝ့ံရှင်သန်လည်ပတ်နိုင်ဖို့ လုံခြုံရေးအာမခံချက်။ (၄) အစိုးရရဲ့ နှစ်စဉ်ကြေး၊ အခွန်အခ၊ စည်ပင်သာယာလုပ်ငန်း လိုင်စင်စတဲ့ မက်လုံးများ။ (၅) ငွေကြေးထောက်ပံမှုစတဲ့ အခြေခံအကျပ်အတည်းတွေကို ဘယ်လိုတာဝန်ယူ ဖြေရှင်းပေးထားတယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်း၊ အစိုးရကဏ္ဍကိုတော့ ကြိုတင်စီစဉ်ဆောင်ရွက်ထားဖို့တော့ လိုတာပေါ့။

လက်ရှိအကျပ်အတည်းဟာ သက်ဆိုင်သူတွေအတွက် နိုင်ငံရေး ထွက်ပေါက်တစ်ခု ဖြစ်စေတယ်ဆိုတာကိုလည်း မမေ့အပ်သလို လူထုရဲ့မျှော်လင့်မှု Hope နဲ့ ယုံကြည်မှု Trust ဘက်က ရလာမယ့် ဆုလာဘ်ရဲ့ တန်ဖိုးကိုလည်း မျက်ကွယ်မပြုသင့်ဘူးဆိုတာကို အကြံပြုလိုက်ရပါတယ်။              


READ NEXT
Cancel OK