လူအသေအပျောက်များစွာ ဖြစ်ပေါ်စေခဲ့သည့် ကိုဗစ်တတိယလှိုင်းကို ရခိုင်ပြည်နယ်သည် တဖြည်းဖြည်းကျော်လွှားနိုင်ခဲ့ပြီဖြစ်သည်။ ရခိုင်တွင် ကိုဗစ်တတိယလှိုင်း စတင်ခဲ့ရာ ၂၀၂၁ ခုနှစ် မေ ၂၇ ရက်မှ အောက်တိုဘာ ၁၉ ရက်အထိ ကိုဗစ်လူနာ ၄၉၀၄ ဦးရှိခဲ့ပြီး သေဆုံးသူ ၄၇၈ ဦးအထိ ရှိခဲ့သည်။
လက်ရှိတွင် ပိုးတွေ့လူနာအရေအတွက်မှာ ဆယ်ဂဏန်းအောက်သို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး သေဆုံးသူလည်း မရှိသလောက်ဖြစ်နေပြီ ဖြစ်သည်။ Mask မတပ်သူများကို ရှောင်တခင် စစ်ဆေးရာတွင်လည်း လူ ၁၀၀ ကို COVID-19 စစ်လျှင် တစ်ယောက်မတွေ့ဟု သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်တွင် တွေ့လာရ သည်။ ထို့ပြင် COVID-19 ကာကွယ်ဆေးများကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထို့ကြောင့် ကိုဗစ်ကူးစက်ရောဂါကြောင့် သုံးလကြာပိတ်ထားခဲ့သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကို အောက်တိုဘာ ၁၃ ရက်က ပြန်လည်ကုန်သွယ်ခွင့်ပြုခဲ့သည်။
ကိုဗစ်တတိယလှိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုပြုရာ စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းတို့ကို ဇူလိုင် ၁၅ ရက်မှစ၍ ယာယီပိတ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်တွင် ကိုဗစ်ကူးစက်မှုနှုန်း ငါးရာခိုင်နှုန်းအောက်ရောက်ရှိသည့် အောက်တိုဘာလ ဒုတိယပတ်အတွင်း ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
သို့သော် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာ ၁၆ ရက်မှစတင်ကာ ကုန်သွယ်မှုဆောင်ရွက်ခဲ့ပြီး မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာ ၂၀ ရက်မှစ၍ ကုန်သွယ်မှုပြုခဲ့သည်။
စည်းကမ်းနှင့်အညီ
COVID-19 တတိယလှိုင်းကြောင့် ၁၅-၇-၂၀၂၁ ရက်မှ ပိတ်ထားခဲ့ရသော နယ်စပ်ကုန်သွယ်ရေး စခန်းနှစ်ခုဖြစ်သည့် စစ်တွေရွှေမင်းဂံဆိပ်ကမ်းနှင့် မောင်တောကညင်ချောင်း ကုန်သွယ်ရေးဆိပ်ကမ်းတို့အား ကိုဗစ်စည်းကမ်းချက်များကို လိုက်နာလျက် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း အောက်တိုဘာ ၁၃ ရက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကုန်သွယ်မှု အမြန်ဆုံးစတင်နိုင်ရေးအတွက် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေးအတွက် ရခိုင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းက ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကုန်သွယ်မှုဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် သိရှိလိုသည့် သတင်းအချက်အလက်များကို အသင်းရုံးသို့ စုံစမ်းမေးမြန်းနိုင်ပြီး သတ်မှတ်ထားသည့် COVID-19 စည်းကမ်းချက်များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများသာ ကုန်သွယ်မှုဆိပ်ကမ်းအတွင်း ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်မှ ကုန်ချပြီးပြန်လည်ရောက်ရှိလာသော ရေယာဉ်များသည် ရွှေမင်းဂံဆိပ် ကမ်းချောင်းရှိ သတ်မှတ်ထားသောနေရာ (ရေလယ်) တွင် ကျောက်ချရပ်နားကာ Quarantine ၁၀ ရက် ခံယူရမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ရေယာဉ်မထွက်ခွာမီနှင့် ရေယာဉ်ရောက်ရှိချိန်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးအဖွဲ့၏ သတ်မှတ်စည်းကမ်းနှင့် ညွှန်ကြားချက်များကို လိုက်နာရန် လိုအပ်ပြီး ရေယာဉ် ဝင်/ထွက်မှုအတွက် ခွင့်ပြုချက်ရယူရမည်ဖြစ်ပြီး သတ်မှတ်နေရာတွင် ကုန်တင်ချမှု မပြုလုပ်ခြင်းနှင့် စည်းကမ်းချက်များကို ဖောက်ဖျက်ကျုးလွန်ခြင်းအတွက် ရေယာဉ်ပြေးဆွဲခွင့်နှင့် ကုမ္ပဏီ၏ ကုန်သွယ်မှု ဆောင်ရွက်ခွင့်များကို ရုပ်သိမ်းအရေးယူခြင်းခံရမည်ဟုလည်း သိရသည်။
ထို့ပြင် အခြားပြည်နယ်တိုင်းဒေသကြီး သို့မဟုတ် တောင်ကုတ်၊ ကျောက်ဖြူစသော ရခိုင်ပြည်နယ်အတွင်းရှိ သတ်မှတ်ဆိပ်ကမ်းမှ ကုန်တင်ဆောင်လာသော နယ်စပ်ကုန်သွယ်ရေး ရေယာဉ်များသည် စစ်တွေရွှေမင်းဂံဆိပ်ကမ်း၌ OSS ကုန်ပစ္စည်း စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း စည်းကမ်းချက်များ ထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ် ဧပြီမှ ဇူလိုင်အထိ စစ်တွေရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန် ဒေါ်လာ ၅၇ သိန်းဖိုးခန့် ကုန်တင်ပို့ခဲ့ကြောင်းလည်း သိရသည်။
တောင်ကုတ်ဆိပ်ကမ်းမှ ကုန်သွယ်ခွင့်
တောင်ကုတ်ဆိပ်ကမ်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ ကုန်တင်ပို့ရန်လည်း စီစဉ်နေကြသည်။ တောင်ကုတ်ဆိပ်ကမ်းမှ တင်ပို့မည့် ကုန်များကို စစ်တွေရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ဝင်ရောက်စစ်ဆေးခံပြီးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန်ဖြစ်ကြောင်း သိရသည်။
မောင်တောနယ်စပ်ကုန်သွယ်ရေး
မောင်တောနယ်စပ်မှ ကုန်သွယ်မှု ပြုလုပ်ရာတွင် ကညင်ချောင်း ကုန်သွယ်ရေးဇုန်သို့ သွားရာလမ်းများ အဆင်မပြေသေးသဖြင့် ယခင်ကုန်သွယ်ခဲ့ရာ ရွှေဇားချောင်းဆိပ်ကမ်း (POE ဆိပ်ကမ်း) မှ ယာယီကုန်သွယ်မှု ပြုလုပ်လျက်ရှိသည်။
ယခင်က မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းတည်ရှိရာ မောင်တောဝင်ထွက်စခန်း (POE) ဆိပ်ကမ်းအနီးက နယ်စပ်ကုန်သွယ်ရေး ဆိပ်ခံတံတားမှ ကုန်တင်ပို့ခဲ့ခြင်း ဖြစ်သည်။ ယင်းဆိပ်ခံတံတားတည်ရှိရာ ရွှေဇားချောင်းမှာ ရေကျချိန်ကုန်တင်စက်လှေများ ဝင်ထွက်မရသဖြင့် ရေတက်ချိန်ကို စောင့်ဆိုင်း ကုန်သွယ်ခဲ့ရသည့် အခြေအနေရှိနေသည်။
ကညင်ချောင်းဆိပ်ကမ်း၏ အားသာချက်မှာ သင်္ဘောကြီးများ အချိန်မရွေးဝင်ထွက် ရပ်နားကုန်တင်ကုန်ချ လုပ်နိုင်ခြင်းပင်ဖြစ်သည်။ သို့ရာတွင် ကုန်သွယ်မှုပြုစဉ် မိုးတွင်းကာလ ကုန်ကားများ အဆက်မပြတ်ဝင်ခဲ့သည့်အတွက် ဇုန်အတွင်းလမ်းများ ဆိုးရွားစွာပျက်စီးခဲ့သည်။ ယင်းကြောင့် ယခုကုန်သွယ်မှု ပြန်စတင်သော်လည်း ကညင်ချောင်းဆိပ်ကမ်းသို့ ကုန်တင်ကားများဝင်ရန် အခက်အခဲရှိနေသည့်အတွက် ယခင်မူလကုန်သွယ်ရာ POE ဆိပ်ကမ်းကို ပြန်လည်အသုံးပြုလာခဲ့ရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံမှ ထွက်ကုန်ဖြစ်သည့် ရေထွက်ကုန်ငါးများနှင့် လယ်ယာထွက်ကုန် ကြက်သွန်နီကို အဓိကဝယ်ယူနေသည့် နိုင်ငံဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးဖြင့် အဓိကတင်ပို့နေရသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရာတွင် ပို့ကုန်ဦးစားပေး ကုန်သွယ်ရေးဖြစ်ပြီး ပို့ကုန် ၉၀ ရာခိုင်နှုန်းနှင့် သွင်းကုန် ၁၀ ရာခိုင်နှုန်းခန့် ရှိသည်။
၂၀၂၁ ခုနှစ် ဧပြီမှ ဇူလိုင်အထိ မောင်တောနယ်စပ်ကုန်သွယ်ရေးတစ်ခုတည်းမှ အမေရိကန်ဒေါ်လာ ၄၈ သိန်းဖိုးခန့် ကုန်တင်ပို့ခဲ့သည်။
ကညင်ချောင်း စီးပွားရေးဇုန်
ကညင်ချောင်း စီးပွားရေးဇုန်ကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး၌ ရောင်းသူစျေးကွက် ဖော်ဆောင်နိုင်ရေး ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်ရာတွင် လက်ရှိအနေအထားအထိ ပို့ကုန်အသာစီးရနေသော်လည်း စျေးကွက်မှာ ဝယ်သူ့လက်ထဲတွင် ရှိနေသည့် အနေအထားလည်းဖြစ်သည်။ ကညင်ချောင်း စီးပွားရေးဇုန်သည် မောင်တောမြို့မှ အနောက်မြာက်ဘက် နှစ်မိုင်ခန့်အကွာ ကညင်ချောင်းဘေးတွင်တည်ရှိပြီး သင်္ဘောများ ၂၄ နာရီ ဝင်ထွက်နိုင်သည့် ဆိပ်ကမ်းကောင်းတစ်ခု ဖြစ်သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိပ်ကမ်းနှင့် လေးမိုင်ခန့်သာ ဝေးကွာသည့်အတွက် အချိန်တိုအတွင်း ကုန်စည်များ တစ်ဖက်နိုင်ငံသို့ တင်ပို့နိုင်သည့် အားသာချက်ရှိနေသည်။ အဆိုပါ ကညင်ချောင်း ကုန်သွယ်ရေးဇုန် ဖြစ်မြောက်ရေးအတွက် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်မှစတင်ကာ ကုန်သွယ်ရေးဇုန်အဖြစ် စတင်အကောင်အထည်ဖော်ခဲ့ခြင်းလည်းဖြစ်သည်။
သို့ရာတွင် အစိုးရအဆက်ဆက် အပြောင်းအလဲတွင် ကုန်သွယ်ရေးဇုန်မှ စီးပွားရေးဇုန်သို့ တိုးမြင့်တည်ဆောက်ခဲ့ရသည့်အတွက် ကာလကြာရှည်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီ ၁၃ ရက်မှစ၍ ကညင်ချောင်း စီးပွားရေးဇုန်မှ စတင်ကာ ကုန်သွယ်ခဲ့သည်။ သို့ရာတွင် မိုးတွင်းကာလ ဇုန်အတွင်းအပြင်လမ်းများ ပျက်စီးခဲ့သည့်အတွက် ကုန်သွယ်ရန် အခက်အခဲရှိနေသေးသည်။ သို့အတွက် ဇုန်သွားလမ်းများကို ပြန်လည်ပြုပြင်ပြီး ကညင်ချောင်းဆိပ်ကမ်းမှ ပြန်လည်ကုန်တင်ပို့နိုင်ရန် ကုန်သည်များက မျှော်လင့်နေကြသည်။
ကိုဗစ်နှင့် နယ်စပ်ကုန်သွယ်ရေး
ရခိုင်ပြည်နယ်သို့ COVID-19 ကူးစက်လာသည့် လမ်းကြောင်းများတွင် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။ သို့အတွက် နယ်စပ်ကုန်သွယ်ရေးဖွင့်လျှင် ဒေသခံလူထုက စိုးရိမ်မကင်းဖြစ်ကြရသည်။ ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း အားလုံးတွင် ဘင်္ဂလားဒေ့ရှ်မှ ဝင်ရောက်လာသူများထံမှပင် COVID-19 စတွေ့ခဲ့ခြင်းဖြစ်သည်။ သို့အတွက် နယ်စပ်ကုန်သွယ်ရေးဖွင့်တိုင်း ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူများကို သီးခြားနေထိုင်ရမည်ဟု သက်ဆိုင်ရာက စည်းကမ်းတင်းကျပ်ထားခြင်းလည်းဖြစ်သည်။ သို့ရာတွင် အခြားတစ်ဖက်တွင် နယ်စပ်တစ်လျှောက်မှ ခိုးဝင်သူများလည်း ရှိနေပြန်သည်။ ခိုးဝင်လာသူများကို ဖမ်းတွေ့သဖြင့် COVID-19 စစ်လျှင် တွေ့သည်များလည်း ဖြစ်ပေါ်ခဲ့သည်။ သို့အတွက် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင် ရောက်လာသူများကို တားဆီးရေးမှာလည်း အဓိကကျလှသည်။
များမကြာသေးမီရက်ပိုင်း အောက်တိုဘာ ၁၉ ရက်က တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှ မြန်မာနိုင်ငံသို့ မောင်တောနယ်စပ်မှ ခိုးဝင်လာသူ ဘင်္ဂါလီအမျိုးသမီး ခြောက်ဦးကို လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးမိခဲ့သည်။ အဆိုပါဖမ်းဆီးမိသူများကို COVID-19 ရှိမရှိစစ်ဆေးကာ လဝကအက်ဥပဒေပုဒ်မဖြင့် အရေးယူမည်ဟုလည်း သက်ဆိုင်ရာက ထုတ်ပြန်ခဲ့သည်။
မှောင်ခိုတားဆီးရေး
မောင်တောနယ်စပ်သည် မှောင်ခိုလုပ်ငန်းများကြီးစိုးရာ ဒေသတစ်ခုဖြစ်နေပြီး အစိုးရအဆက်ဆက် မထိန်းချုပ်နိုင်ခဲ့ပေ။ မူးယစ်ဆေးဝါးများကို ဘင်္ဂလားဒေ့ရှ်သို့တင်ပို့ရာတွင် မောင်တောနယ်စပ်သည် ကြားခံနေမြေတစ်ခုအဖြစ် ရှိနေသည်။ မြန်မာပြည်ရှိ မြို့အများအပြားကို ဖြတ်ကျော်လာပြီးနောက် မောင်တောနယ်စပ်တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးမှုများလည်း ရှိနေသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မြန်မာနယ်စပ်တစ်လျှောက်တွင် လက်နက်မှောင်ခိုနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများကို တားဆီးရေးအတွက် ပစ်မိန့်ပေးသွားမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ လဆန်းပိုင်းတွင် ပြောဆိုထားသည်။
နယ်စပ်ကုန်သွယ်ရေးများကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်သည့်အတွက် ကုန်သွယ်စီးပွားရေးအတွက် ကောင်းမွန်လာမည် ဖြစ်သော်လည်း ကိုဗစ်ကပ်ဘေးမှ လွတ်ကင်းအောင် ထုတ်ပြန်ထားသည့် စည်းကမ်းများကို လိုက်နာရန်မှာ လိုအပ်နေသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား