မနက် ၅နာရီခွဲလောက်မှာ အိပ်ရာကနေ နိုးနေတယ်။ အိမ်ခေါင်မိုး သွပ်ပြားပေါ်မှာ မိုးရေစက်တွေကျနေတဲ့ အသံကို ကြားရလို့ မိုးရွာနေတယ်ဆိုတာ သိလိုက်ရတယ်။ သီတင်းကျွတ်လပြည့်ကျော်နေပြီ ၊ သေသေချာချာ တိတိကျကျဆိုရရင် သီတင်းကျွတ် လပြည့်ကျော် ၁၀ ရက်ပေါ့။ ဒီအချိန်အထိ မိုးရွာနေတုန်းဆိုတော့ တစ်မျိုးကြီးပဲလို့ စိတ်ထဲမှာ ထင်မိတယ်။
အိပ်ရာထပြီး ရေသောက်၊ ဆေးသောက်ပြီးတဲ့အချိန်မှာ မနက် ၆ နာရီ ကျော်နေပါပြီ၊ အိမ်ရှေ့တံခါးကို ဖွင့်လိုက်တဲ့အခါ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့လိုက်ရတာကတော့ သတင်းစာလာပို့တဲ့ လူငယ်လေးပါ။ ကျွန်တော်က အစိုးရသတင်းစာတစ်စောင်နဲ့ ပုဂ္ဂလိကသတင်းစာတစ်စောင်ကို လစဉ်ပုံမှန်ယူတယ်။ အိမ်ကလူတွေ ၊ အိမ်ကို လာလည်တဲ့သူတွေ ဖတ်ချင်ရင်ဖတ်ဖို့ အိမ်ရှေ့က ဧည့်ခန်းစားပွဲလေးပေါ်မှာ ချထားပေးတယ်။
ကျွန်တော်ဝယ်တဲ့ သတင်းစာကို ဖတ်တဲ့သူများလေ သဘောကျလေပါ။ သဘောကျပုံက ဒီလိုပါ။ သတင်းစာ တစ်စောင်ကို သုံးရာကျပ်ကျတယ်ဆိုပါတော့၊ နှစ်ယောက်ဖတ်ရင် အဲဒီသတင်းစာက ၁၅၀ ကျပ်ဖြစ်သွားပြီ။ သုံးယောက်ဖတ်ရင် အဲဒီသတင်းစာ တန်ဖိုးက ၁၀၀ ကျပ်ပဲ ရှိတော့တယ်။ အဲဒီလို အတွေးနဲ့ သတင်းစာကို လစဉ်ဝယ်ဖြစ်နေတယ်။
သတင်းစာပို့တဲ့ လူငယ်ကလေးကလည်း ဇွဲကောင်းတယ်။ လုံ့လဝီရိယရှိတယ်လို့ ပြောရမှာပါပဲ။ မနက် ၆ နာရီနဲ့ ၇ နာရီကြားမှာ သတင်းစာ လာပို့လေ့ရှိတယ်။ တစ်ခါတလေ အစိုးရသတင်းစာ မရောက်သေးရင် အဲဒီအစိုးရသတင်းစာကို နောက်နေ့မှထွက်တဲ့ သတင်းစာတွေနဲ့ပေါင်းပြီး လာပို့တယ်။ သတင်းစာပို့တဲ့ လူငယ်ကလေးက ကောင်းကင်ကို မော့ကြည့်ပြီး ကျွန်တော့်ကို အခုလိုပြောပါတယ်။ သူပြောတဲ့ အချိန်ကတော့ မိုးရွာတာ ခဏတိတ်နေလေရဲ့။
“အစ်ကိုရေ၊ ဟိုဘက်မှာတော့ မိုးသားတွေ မည်းနေသေးတယ်။ မိုးရွာဦးမယ်ထင်ပါတယ်။”
“အေး ... ရွာလိမ့်ဦးမယ် ထင်ပါရဲ့ကွာ”
ရောက်လာတဲ့ သတင်းစာကို ကောက်ယူပြီး ဖတ်ကြည့်မိတယ်။ သတင်းစာရဲ့အတွင်းစာမျက်နှာ တစ်နေရာမှာတော့ မိုးလေဝသနဲ့ ပတ်သက်တဲ့ အောက်ပါသတင်းကို တွေ့လို့ ဖတ်ကြည့်လိုက်မိတယ်။
“ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နှင့် မွန်ပြည်နယ်တွင် နှစ်ရက်အတွင်း နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း အောက်တိုဘာ ၂၂ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။”
“နေပြည်တော် အနီးတစ်ဝိုက်၊ ရန်ကုန်မြို့ အနီးတစ်ဝိုက်နှင့် မန္တလေးမြို့အနီး တစ်ဝိုက်တွင် အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းအထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ကြောင်း မိုးဇလ၏ ထုတ်ပြန်မှုအရ သိရသည်။”
“မိုးတွင်းမှာ မိုးရွာတာ မဆန်းပါဘူး။ မိုးတွင်းကာလ မဟုတ်တဲ့ ဆောင်းရာသီ၊ နွေရာသီတွေမှာရော မိုးရွာနိုင်သလား၊ အင်း ... လေ၊ ရွာချင်လည်း ရွာမှာပေါ့၊ သဘာဝပတ်ဝန်းကျင်တွေလည်း ပြောင်းလဲလာပြီပဲ။ အဲဒီလိုစဉ်းစားမိရင်း တစ်ခါကဝယ်ခဲ့တဲ့ စာအုပ်လေးကို အမှတ်ရ လိုက်မိတယ်။ အဲဒီစာအုပ် ကလေးထားတဲ့နေရာကိုသွားပြီး စာအုပ်ကလေးကိုယူပြီး ပြန်ကြည့်မိတယ်။ အဲဒီစာအုပ်ကလေးက ၁၉၇၂ ခုနှစ်က စာပေဗိမာန်က ထုတ်ဝေခဲ့တဲ့ စာအုပ်ဖြစ်တယ်။ စာအုပ်ကိုရေးသားတဲ့ သူကဆရာကြီး ဒဂုန်ဦးစန်းငွေဖြစ်ပြီး စာအုပ်ရဲ့အမည်ကတော့ ‘တဆယ့်နှစ်လမိုး’ ဖြစ်ပါတယ်။ ဆရာကြီး ဒဂုန်ဦးစန်းငွေက စာအုပ်ရဲ့ အမှာစာနိဒါန်းမှာ အောက်ပါအတိုင်း ရေးသားထားပါတယ်။
“ရေးသူကို မသိ ပိုင်ရှင် မရှိတော့သော ကဗျာ့သန်ခေါင်စာရင်းတွင် ဤမိုးလင်္ကာများလည်း ပါလာ၏။ ဤမိုးလင်္ကာများကို မှတ်စုပြု၍ မုံရွေးဆရာတော် တေးမှတ်ထားခဲ့သောကြောင့်သာ ယနေ့လူတို့နှင့် ထိတွေ့နေရခြင်း ဖြစ်ပါသည်။”
ဆရာကြီး ဒဂုန်ဦးစန်းငွေ အဆိုရှိတဲ့၊ ရေးသူမသိ၊ ပိုင်ရှင်မရှိတဲ့ ၊ မုံရွေးဆရာတော်ရဲ့ မှတ်စုထဲက လင်္ကာကတော့ အောက်ပါလင်္ကာပဲ ဖြစ်ပါတယ်။
တဆယ့်နှစ်လ မိုး
၁။ တန်ခူးမည်မှတ်၊ ဖက်ဆွတ် ရေတိုး၊ သင်္ကြန်မိုး
၂။ ကဆုန်အတွင်း ၊ မြေသင်းပျံ့ပျံ့၊ မိုးနှံ့နှံ့
၃။ နယုန်မိုးသေး ၊ မြက်သား မွေး
၄။ ၀ါဆိုလပြောင်း၊ မိချောင်းဖွေးဖွေး၊ မိုးအေးအေး
၅။ ၀ါခေါင်တကြောင်း၊ ထနောင်းကြောင်ကျစ်၊ ဆူးရစ်ပွင့်ကာ၊ မိုးမရွာ၊ ရွာပါသော်လည်း ၊ မိုးမသည်း။
၆။ တော်သလင်း တိမ်ညို၊ စဖိုသည် ဆင်းရဲ ၊ မိုးမစဲ။
၇။ သီတင်းကျွတ်တွင်၊ ပလ္လင် ဆေးမိုး၊ ရွာသွန်းဖြိုး
၈။ တန်ဆောင်မုန်းတွင်း၊ ဆီးနှင်းတပြိုက်၊ မိုးတလိုက်
၉။ နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်။
၁၀။ ပြာသို ချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှမ်းပုံဖျက်
၁၁။ တပို့တွဲ၊ နွှဲ၍ရွာခြင်း၊ သန်မိုးကြွင်း။
၁၂။ တပေါင်းလည်းကူး၊ မိုးသားကြူး။
(မုံရွေးဆရာတော်မှတ်စု)
အဲဒီ လင်္ကာကလေးကို ငယ်စဉ်ကျောင်းသားဘဝက ပြဋ္ဌာန်းစာအုပ်ထဲမှာပါလို့ အလွတ်ကျက်မှတ်ခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းကတော့ အဲဒီလင်္ကာလေးကို ဘယ်သူရေး တယ်၊ ဘယ်ဝါရေးတယ်ဆိုတာကို ဂရုမစိုက်မိပါဘူး။ အလွတ်ရအောင်ပဲ ကျက်မှတ်ခဲ့မိတယ်။ ဆရာကြီး ဒဂုန်ဦးစန်းငွေ ရေးသားတာကို ဖတ်ရှုမိမှပဲ အကြောင်းစုံ သိခဲ့ရတဲ့ လင်္ကာပါ။
ယခု သီတင်းကျွတ်လထဲမှာ ရွာတဲ့မိုးက ‘ပလ္လင်ဆေးမိုး’ လို့ ဆိုထားတော့ ဘယ်လိုပလ္လင်ကို ဆေးကြောတာလဲဆိုတာကို ဆရာကြီး ဒဂုန်ဦးစန်းငွေက ရှင်းလင်းရေးသား ဖော်ပြထားပါတယ်။ ပလ္လင်ဆိုတာက မြင့်မြတ်တဲ့သူတွေရဲ့ နေရာဖြစ်သတဲ့။ သီတင်းကျွတ်လမှာ ရွာတဲ့မိုးက အားအားရှိလို့ ရွာတဲ့မိုး မဟုတ်ဘူးလို့ ဆိုတယ်။ ပလ္လင်ကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောတဲ့ မိုးဖြစ်လို့ ပလ္လင်ဆေးမိုးလို့ ခေါ်ဆိုတာ ဖြစ်တယ်တဲ့။ ပလ္လင်ဆိုတာ မြင့်မြတ်တဲ့ နေရာဖြစ်တယ်။ အဲဒါကြောင့် ပလ္လင်ကို ဆေးတဲ့မိုးကလည်း အလိုအလျောက် မြင့်မြတ်တဲ့မိုး ဖြစ်သွားပါတယ်။
ပလ္လင်ကတော့ ‘သင်ပုတ်ပလ္လင်’ ပါ။ သင်ပုတ်ဆိုတဲ့ ဝေါဟာရက အသင့်စီမံထားတဲ့ ဆွမ်းတော်ပွဲကို ဆိုလိုတာ ဖြစ်တယ်။ သင်ပုတ်ပလ္လင်ဆိုတာကတော့ စေတီပုထိုးတွေရဲ့ရှေ့မှာ ဆွမ်းတော်ကပ်ဖို့အတွက် ပြုလုပ်တည်ဆောက်ထားတဲ့ ပလ ္လင်ပါ။ မြတ်စွာဘုရားရှင်ကို ရည်မှန်းပြီး ဆက်ကပ်လှူဒါန်းဖို့အတွက် စီမံထားတဲ့ ဆွမ်းပွဲကို ပလ္လင်ပေါ်မှာ တင်ပြီး လှူတယ်။ ပလ္လင်ပေါ်မှာ လူးလဲပေကျံနေတဲ့ အညစ်အကြေးတွေကို မိုးကစင်ကြယ်အောင် ဆေးကြောပစ်တယ်တဲ့။
မိုးက သီတင်းကျွတ်လရောက်မှပဲ ရွာတာမဟုတ်ပါဘူး။ တစ်ဝါတွင်းလုံး ရွာလာခဲ့တာပါ။ သင်ပုတ်ပလ္လင်ကိုလည်း တစ်ဝါတွင်းလုံး ဆေးကြောလာခဲ့တာပါ။ ဘာကြောင့်များ သီတင်းကျွတ်လမှာ ရွာတဲ့မိုးကိုမှ ပလ္လင်ဆေးမိုးလို့ ခေါ်ရတာလဲ။ အကြောင်းကတော့ မိုးရာသီဟာ သီတင်းကျွတ်လမှာ ကုန်ကာနီးပြီ ဖြစ်တယ်။ သီတင်းကျွတ်လကျော်လာရင် မိုးရွာတဲ့အခါ အရင်ကလို သည်းသည်းမည်းမည်း ရွာချနိုင်မှာ မဟုတ်တော့ဘူးတဲ့။ မိုးရေတွေကို အင်တိုက်အားတိုက် သွန်မှောက်ရွာချလို့ ‘ပလ္လင်ဆေးမိုး’ လို့ မော်ကွန်းထိုးတာ ဖြစ်သတဲ့။ တစ်နေ့က ရွာချလိုက်တဲ့ မိုးကြောင့် ရန်ကုန်မြို့က တချို့လမ်းတွေ ရေမြုပ်တာလည်း ရှိတယ်လို့ ကြားသိရတယ်။
သီတင်းကျွတ်မှာ ရွာတဲ့မိုးကိုခေါ်တဲ့ မူကွဲတစ်မျိုးလည်း ရှိပါတယ်။ အဲဒါကတော့ ‘သီတင်းကျွတ်တွင်း၊ ပလ္လင်ဆင်းမိုး၊ ရွာသွန်းဖြိုး’ လို့ ခေါ်ဆိုတာ ဖြစ်တယ်။ ဒီနေရာမှာတော့ ပလ္လင်ဆိုတာ သုံးမျိုး၊ သုံးစားရှိပြန်တယ်။ မြတ်စွာဘုရား ထိုင်တော်မူတဲ့ ပလ္လင်ကို အပရာဇိတပလ္လင်လို့ ခေါ်ဆိုပါတယ်။ ရဟန်းတော်တွေရဲ့ ပလ္လင်ကတော့ ဓမ္မာသနပလ္လင်ပါ။ ရှင်ဘုရင်တွေရဲ့ ပလ္လင်ကတော့ ရာဇပလ္လင်ဖြစ်တယ်။ ‘ပလ္လင်ဆင်းမိုး’ ဆိုတာကတော့ ဗုဒ္ဓဘာသာသမိုင်းနဲ့ ဆက်စပ်နေတယ်။
မြတ်စွာဘုရားရှင်ဟာ ခုနှစ်ဝါမြောက်မှာ တာဝတိံသာ နတ်ပြည်မှာ ၀ါဆိုတော်မူတယ်။ မယ်တော်မာယာဟာ မြတ်စွာဘုရားရှင်ကို ဖွားမြင်တော်မူပြီးတဲ့နောက်မှာ စုတေပြီး သန္တုဿိတ အမည်ရှိတဲ့ နတ်သားဖြစ်လာတယ်။ မြတ်စွာဘုရားရှင်ဟာ မယ်တော် မိနတ်သားကို အကြောင်းပြုပြီး နတ်ဗြဟ္မာတွေကို ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြားတော်မူခဲ့တယ်။
သုံးလပြည့်တဲ့နေ့မှာ တာဝတိံသာ အပရာဇိတပလ္လင်ကနေ ဆင်းတော်မူလာပြီး လူ့ပြည်ကို ပြန်လည်ကြွရောက်တော်မူလာတယ်။ အဲဒီလဟာ သီတင်းကျွတ်လဖြစ်တယ်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိခဲ့တဲ့ ၄၅ ၀ါမှာ အဲဒီဖြစ်ရပ်ဟာ ထူးခြားတဲ့ကဏ္ဍတစ်ခု ဖြစ်တယ်။ သီတင်းကျွတ်လမှာ ရွာတဲ့မိုးဟာ တာဝတိံသာ ပလ္လင်ပေါ်ကနေ ဆင်းသက်လာတဲ့ အမှတ်အသားဖြစ်တယ်လို့လည်း ယူဆနိုင်တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ‘သီတင်းကျွတ်တွင်း၊ ပလ္လင်ဆင်းမိုး ၊ရွာသွန်းဖြိုး’ လို့ ဆိုပြန်တယ်။
သီတင်းကျွတ်လမှာ အသဝနီနက္ခတ်ဟာ စန်းလို့ခေါ်တဲ့ လမင်းနဲ့ ယှဉ်ပြိုင်ထွန်းပလျက်ရှိသတဲ့။ သီတင်းကျွတ်လကို ဗေဒင်အခေါ်အဝေါ်အနေနဲ့ တူရာသီလို့ ခေါ်ပါတယ်။ ကြာဖြူ၊ ကြာနီ၊ ကြာညို၊ ကြာတံဆိပ် (ကြာပုဏ္ဍရိက်)၊ ကြာခေါင်းလောင်း (ကြာပဒုမ္မာ) စတဲ့ ကြာမျိုးငါးပါးတို့ ဝေဝေဆာဆာ ဖူးပွင့်ကြတယ်။အဲဒါကြောင့် ကင်းဝန်မင်းကြီးက “သီတင်းကျွတ်ပြီ တူရာသီ အသဝနီ ရှိန်ဝါထွန်း၊ ကြာမျိုးလည်းစို မီးမြင်းမိုရ် ဗဟိုအချာထွန်း” လို့ သံပေါက်စပ်ဆိုခဲ့တယ်။
စာဆိုတော် တိုင်တားမြို့သူကြီး ဦးဖက်ကလည်း “ငါးရနံ့ ရွှေကြာဝယ်၊ ဝေဆာဆာ ကြိုင်ဝတ်နှင့် ၀ါကျွတ်လသည်သဘင်ကို၊ ပွဲမြင်းမိုရ်၊ ကဲဆယ်ဆဆင့် ပိုအောင် မိုးဗဟိုရ်သည် ဆော်ညှင်းခဲ့လေး” လို့ စပ်ဆိုခဲ့တယ်။
ကျွန်တော်တို့ဆီမှာ သီတင်းကျွတ်လအခါ မိုးရွာနေတုန်းမှာပဲ ချင်းပြည်နယ်က မြို့လေးတစ်မြို့ မီးလောင်တဲ့ သတင်းကို ဝမ်းနည်းဖွယ်ရာ ကြားသိရတယ်။ သူရှို့တာ၊ ကိုယ်ရှို့တာဆိုပြီး အငြင်းပွားနေသံကိုလည်း ကြားရပြန်တယ်။ ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ ‘သိကြားစေ သက်သေညွှန်း’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲက မင်းသားကြီး ဦးဝင်းဦးပြောဆိုခဲ့တဲ့ စကားတစ်ခွန်းကို အမှတ်ရမိတယ်။ ‘ဒေါ်တင်တင်သော် ... မီးဆိုတာ မလောင်ခင်က တားရတယ်ဗျ’...တဲ့။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတော့ မီးမလောင်လောင်အောင် လုပ်တဲ့သူက များနေတယ်။ ကျွန်တော်တို့ဆီမှာ ရွာတဲ့မိုးကို မီးလောင်နေတဲ့နေရာမှာ ရွာသွန်းဖြိုးရင် ကောင်းမှာပဲလို့ တွေးတောမိတယ်။ ‘ပလ္လင်ဆေးမိုး’ ပဲဖြစ်စေ၊ ‘ပလ္လင်ဆင်းမိုး’ ပဲဖြစ်စေ လူတွေရဲ့ ရင်တွင်းက မီးဆယ့်တစ်ပါးကို ငြိှမ်းသတ်နိုင်တဲ့ မိုးပဲဖြစ်စေချင်ပါတော့တယ်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား