တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ညောပြင်ကျေးရွာအနီး ဖိုးဖိုးကျောက် ကမ်းခြေတွင် အောက်တို ဘာ ၂၉ ရက်က ဒေသခံရေလုပ်သားများ လုပ်ကိုင်နေသည့် ကမ်းဆွဲပိုက်၌ ရှားပါးငါးမျိုးစိတ်ဖြစ်သည့် ငါးမန်းဖလောင်း (Whale Shark) တစ်ကောင် ဖမ်းဆီးရမိခဲ့ပြီး ပင်လယ်အတွင်းသို့ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဒေသအခေါ် ဝဇီပျောက်ဟုခေါ်သည့် အဆိုပါ ရှားပါးငါးမန်း ဖမ်းဆီးရမိခဲ့သည့် နေရာမှာ ထားဝယ်မြို့မှ မိုင် ၄၀ ခန့်အကွာရှိ လောင်းလုံးကမ်းရိုးတန်းမှ ယခုနှစ်ပိုင်းအတွင်း ဒေသခံများနှင့် ပြည်တွင်းပြည်ပ ခရီးသွားများအကြား နာမည်ရလာသည့် ဖိုးဖိုးကျောက် ကမ်းခြေတွင်ဖြစ်ပြီး ကမ်းခြေတွင် ငါးအသေးများနှင့် ငါးပိကောင်များ ဖမ်းဆီးနေသည့် ဒေသခံ ကမ်းဆွဲပိုက်အတွင်း ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါဝဇီပျောက် ငါးမန်းကြီးမှာ အရှည် ၁၅ ပေနှင့် လုံးပတ်ခြောက်ပေဝန်းကျင်ခန့်ရှိပြီး ငါးကြီးအား နံနက် ၅ နာရီတွင် ဖမ်းဆီရမိခဲ့ကာ နံနက် ၉ နာရီတွင် ရေလုပ်သားများက ပင်လယ်အတွင်းသို့ ခက်ခက်ခဲခဲ ပြန်လည်လွှတ်ပေးခဲ့ရသည်ဟု သိရသည်။
“ကျွန်တော်လည်း Facebook သတင်းကနေသိတာ။ မှန်တာတော့ မှန်တယ် ပြောတယ်။ (အောက်တိုဘာ ၂၉ ရက်) က အဲဒီကမ်းခြေ အရှေ့ဘက်မှာမိတော့ ရေလုပ်သားတွေ လွှတ်လိုက်ကြတယ်လို့ သိတယ်။ ဖိုးဖိုးကျောက် ကမ်းခြေမှာ မနေ့ကလေ။ ကျွန်တော်တို့ သေချာသိရအောင် စုံစမ်းနေတယ်။ သိရသလောက်ကသူ (ဝဇီပျောက်ငါး) က ဝင်လာတာပေါ့။ ဝဇီပျောက်က ငပိကောင်လေးတွေ စားတာ။ စားတဲ့အချိန်မှာ ကမ်းဆွဲပိုက် (ကမ်းစပ်အနီးတွင် ငါးအသေးများအား ဖမ်းဆီးသောပိုက်) ထဲပါလာတော့ ဒေသခံတွေက ပြန်ပြီးတော့ လွှတ်လိုက်ကြတဲ့ သဘောပေါ့။ ဟိုတခါ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ထောင့်နတ်အော်မှာလည်း တစ်ကောင်မိပြီး လွှတ်ခဲ့ပြီးပြီ။ ဒေသခံတွေက သိနေတာပေါ့။ ဒါကရှားပါး ငါးမန်းမျိုးစိတ်ထဲမှာ ပါတယ်ဆိုတော့ လွှတ်ပေးလိုက်တာပေါ့။ ပြန်လွှတ်ပေးတာ အခုတစ်ခါနဲ့ဆို နှစ်ခါရှိပြီပေါ့” ဟု လောင်းလုံးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနဦးစီးမှူး ဦးအောင်တင်စောက ပြောကြားသည်။
အဆိုပါ ရှားပါးဝဇီပျောက်ငါးမန်းမှာ ညောပြင်ကျေးရွာအနီးရှိ ဖိုးဖိုးကျောက်ကမ်းခြေတွင် ငါးဖမ်းဆီးနေသည့် ညောပြင်ကျေးရွာနေ ဦးဉာဏ်အေး၏ ကမ်းဆွဲပိုက်တွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး လှေလုပ်သားများက ပိုက်အတွင်းမှနေ၍ ဆွဲထုတ်ကာ ပင်လယ်အတွင်းသို ့ခက်ခက်ခဲခဲ ပြန်လွှတ်ပေးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အတွင်းကလည်း အဆိုပါ ညောပြင်ကျေးရွာအနီးရှိ ထောင့်နတ်အော် ကမ်းခြေတွင် ဝဇီပျောက် ငါးမန်းတကောင် ဖမ်းမိခဲ့ဖူးပြီး ဒေသခံများက ပြန်လည် လွှတ်ပေးခဲ့သဖြင့် လောင်းလုံးကမ်းရိုးတန်း တစ်လျှောက်တွင် ဝဇီပျောက်ငါးဖမ်းမိ၍ ပြန်လည်လွှတ်ပေးခဲ့မှုမှာ ယခုနှစ်ပိုင်းအတွင်း နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း၊ ၎င်းဝဇီပျောက်ငါးမန်းကို ထားဝယ်ကမ်းရိုးတန်း တစ်လျှောက်တွင် မကြာခဏ တွေ့ရှိလေ့ရှိပြီး ငါးပိကောင်ကဲ့သို့ သေးငယ်သည့် ငါးနှင့်ပုစွန်ငယ်များကိုသာ စားသောက်လေ့ ရှိသောကြောင့် အစာရှာဖွေရင်း ကမ်းခြေအနီးသို့ ရောက်လာလေ့ရှိသည်ဟု သိရသည်။
အဆိုပါ ဒေသအခေါ် ဝဇီပျောက်ငါးကို မြန်မာအခေါ် ငါးမန်းဖလောင်း၊ ငါးမန်းကြီးဟုခေါ်ပြီး သိပ္ပံအမည် Rhincidom ဟု ခေါ်ဆိုကာ နိုင်ငံတကာအခေါ် အနေဖြင့် Whale Shark ဟုခေါ်ဆိုကြောင်း၊ ၎င်း၏ကိုယ်တွင် အစက်အပြောက်လေးများ ပါရှိပြီး အများအားဖြင့် ကမ်းခြေပိုင်းတွင် နေထိုင်ကျက်စား လေ့ရှိကာ လူကိုအန္တရာယ် မပေးသည့် ရှားပါးငါးမျိုးစိတ်ဖြစ်ကြောင်း သိရသည်။
ရှားပါးမျိုးစိတ်ဖြစ်သည့် ငါးမန်းဖလောင်းခေါ် Whale Shark ကိုဖမ်းယူ၊ သတ်ဖြတ်၊ အနှောင့်အယှက်ပြုခြင်း၊ သယ်ယူ၊ သိုလှောင်၍ လက်ဝယ်ထားရှိ ရောင်းချခြင်း မပြုရန် ငါးလုပ်ငန်း ဦးစီးဌာနက ၂၀၀၁ ခုနှစ် ဇန်နဝါရီ ၈ ရက် ရက်စွဲပါအမိန် ့ကြော်ငြာစာ အမှတ် ၂/၀၁ ဖြင့်တားမြစ်ထားပြီး တားမြစ်ချက်ကို ဖောက်ဖျက်ပါက ၁၉၉၀ ပြည့်နှစ် မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေအရ ထောင်ဒဏ်သုံးနှစ် အထိဖြစ်စေ၊ ငွေဒဏ်ကျပ်တစ်သိန်း အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ အရေးယူချမှတ်ခြင်း ခံရနိုင်သည်ဟု သိရသည်။
ယင်းငါးမျိုးစိတ်မှာ ကမ်းနီးရေတိမ်ပိုင်းနှင့် ပင်လယ်ရေမှော်များ ပေါများသည့် နေရာတွင် နေထိုင်လေ့ရှိပြီး ၎င်းတွင် သွားအကြီးများ မရှိသောကြောင့် ငါးနီတူ (ဒေသအခေါ် ရေကြည်ငါး) ကဲ့သို့သော ငါးအသေးများကိုသာ စားသုံးကြောင်း၊ ထို့အပြင် ၎င်းငါးမှာ စျေးကွက်ဝင် ငါးအမျိုးအစား မဟုတ်သည့်အတွက် စီးပွားဖြစ် ဖမ်းလေ့မရှိဘဲ မတော်တဆ ဖမ်းမိခြင်းများသာရှိကာ အရှည်ပေ ၄၀ ခန့်အထိ အရှည်ရှိကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား
-
မြန်မာနိုင်ငံသို့ သွားရောက်နိုင်ရေး အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ကြိုးပမ်းနေဆဲဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား
-
အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ပိုမိုလုပ်ဆောင်ရန် ထိုင်းဆန္ဒပြသူများက စီစဉ်နေကြစဉ် ဝန်ကြီးချုပ် ပရာယွတ်က အယုံအကြည်မရှိအဆိုမဲခွဲမှုကို ကျော်လွှားနိုင်ခဲ့
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား