Top News

စင်ကာပူက ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် ကန့်သတ်ထိန်းချုပ်မှုများကို ဇွန် ၁ အထိ တစ်လ သက်တမ်းတိုးခဲ့
24htopnews | October 29, 2024 7:12 PM CST

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ပြဋ္ဌာန်းထားသော အဆက်မသွယ်ပြတ်တောက်မှုအစီအစဉ် Circuit Breaker ကို နောက်ထပ်တစ်လ သက်တမ်းတိုးမည်ဖြစ်ပြီး ရှိဆဲအရေးယူဆောင်ရွက်မှုများကို မေ ၄ မတိုင်မီအထိ တင်းကျပ်သွားမည်ဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ဗိုင်းရပ်စ်ကပ်ဘေးအတွက် နိုင်ငံကို စတုတ္ထအကြိမ် ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

စင်ကာပူသည် ဧပြီ ၂၀ က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁,၄၂၆ ဦးကို အသစ်ထပ်မံတွေ့ရှိခဲ့ပြီး အများစုသည် နိုင်ငံခြားသား အလုပ်သမားများ ဖြစ်ကြသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေသည် စင်ကာပူတွင် ၁၀,၁၄၁ ကျော်သွားခဲ့ပြီဖြစ်ပြီး အရှေ့တောင်အာရှတွင် ကူးစက်မှု အမြင့်ဆုံး ဖြစ်နေသည်။ မတ် ၁၅ အထိ စင်ကာပူတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၀ ခန့်သာ ရှိခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်လုနီးနီး ဖြစ်နေပြီဟု ထင်ရသည့် အခြေအနေမှ ကူးစက်မှု ခုန်တက်လာခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် သုံးရက်အတွင်း စင်ကာပူတွင် ကူးစက်ခံရသူ ၃,၀၀၀ နီးပါးရှိခဲ့သည်။

စင်ကာပူ၏ လုပ်သားအင်အားတွင် အရေးကြီးသည့် အစိတ်အပိုင်းဖြစ်သည့် လုပ်ခနိမ့် ရွှေ့ပြောင်းအခြေချ အလုပ်သမားများအကြားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု မြင့်တက်နေပြီး စင်ကာပူတွင် ကူးစက်ခံရမှု အားလုံး၏ ၇၀ ရာခိုင်နှုန်းထက်မနည်းသည် ယင်းအလုပ်သမားများကြား ကူးစက်မှု ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် အခြားဆင်းရဲသော အာရှနိုင်ငံများမှ အလုပ်သမား နှစ်သိန်းကျော်သည် လူများပြွတ်သိပ်နေသော အဆောင်များတွင် နေထိုင်ကြသည်။ ဆောက်လုပ်ရေး၊ ကုန်စည်ပို့ဆောင်ရေး၊ ပြုပြင်ထိန်းသိမ်းရေး အလုပ်များတွင် နိုင်ငံခြားသား အလုပ်သမားအများစု လုပ်ကိုင်ကြသည်။

မှတ်ပုံတင်ထားသော အိပ်ဆောင်နေရာ ၄၃ ခုအနက် ထက်ဝက်ကျော်တွင် ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်နေပြီး အိပ်ဆောင် ၁၈ ခုထက်မနည်းကို သီးခြားကန့်သတ်ဧရိယာအဖြစ် ကြေညာထားပြီး အခြားအလုပ်သမား အများအပြားကို လူစုဝေးမှုနည်းသည့်နေရာများသို့ ပြောင်းရွှေ့နေသည်။

စင်ကာပူအစိုးရ၏ ကနဦးအဆင့် ကျန်းမာရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုများတွင် နိုင်ငံခြားသား အလုပ်သမားများကို အလေးပေးမှု လျော့ရဲခဲ့ပြီးနောက် အလုပ်သမားအဆောင်များတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ခုန်တက်လာခဲ့သည်။

ဧပြီ ၃ တွင် ဝန်ကြီးချုပ်လီက နိုင်ငံကို မိန့်ခွန်းပြောကြားခဲ့ပြီး နောက်လေးရက်အကြာတွင် လူအချင်းချင်း ခွာခွာ နေထိုင်ရန် တင်းကျပ်သည့် Circuit Breaker အစီအစဉ်ကို စတင် အကောင်အထည်ဖော်ခဲ့သည်။

ထိုနောက်ပိုင်းတွင် စင်ကာပူတစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဗိုင်းရပ်စ် ကူးစက်ခံရမှု လျော့ကျသွားသော်လည်း နိုင်ငံခြားသား အလုပ်သမား အိပ်ဆောင်များတွင် ဗိုင်းရပ်စ်ကူးစက်ခံရမှု မြင့်တက်ခဲ့သည်။

တစ်ခန်းလျှင် လူ ၂၀ ခန့်မျှ နေထိုင်ရသည့် အိပ်ဆောင်များတွင် လူအချင်းချင်း ခွာခွာနေထိုင်ရန် မဖြစ်နိုင်သည့်အခြေအနေနှင့် ဗိုင်းရပ်စ် စစ်ဆေးမှု မြင့်တက်ခဲ့ခြင်းကြောင့် ကူးစက်ခံရသူဦးရေ မြင့်မားခဲ့ခြင်းလည်း ဖြစ်သည်။ ဗိုင်းရပ်စ် ကူးစက်ခံထားရသော နိုင်ငံခြားသား အလုပ်သမားများကို ကျန်းမာရေး စောင့်ရှောက်မှုပေးရန် တိုး၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လီရှန်လွန်းက မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

နိုင်ငံခြားသား အလုပ်သမားများ၏ ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ကြောင်း လီက ပြောကြားခဲ့ပြီး ၎င်းတို့၏ကျန်းမာရေး စောင့်ရှောက်မှု၊ လူမှုဖူလုံရေးနှင့် ဘဝနေမှုတို့အတွက် စောင့်ရှောက်ဆောင်ရွက်သွားမည်ဟု အာမခံစကား ပြောခဲ့သည်။

 


READ NEXT
Cancel OK