Top News

အာဖရိက၌ စားနပ်ရိက္ခာ အကျပ်အတည်းမဖြစ်ပွားစေရန် အလျင်အမြန်ကြိုးပမ်းရမည်ဟု အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးမှု ရန်ပုံငွေအဖွဲ့၏ ဥက္ကဋ္ဌပြောကြား
24htopnews | October 29, 2024 7:12 PM CST

အသေးစားကုန်ထုတ်လုပ်ငန်းရှင်များ၏ စီးပွားရေးကို ထိခိုက်နစ်နာစေခဲ့သော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ဖြစ်ပွားလာမည့် စားနပ်ရိက္ခာအကျပ်အတည်းကို ဟန့်တားရန် အာဖရိကအနေဖြင့် အလျင်အမြန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂလက်အောက်ရှိ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးမှု ရန်ပုံငွေအဖွဲ့ (IFAD) ၏ဥက္ကဋ္ဌ ဂေလ်ဘတ်ဟောင်ဘိုက ပြောကြားခဲ့သည်။

အဝင်အထွက်ပိတ်ပင်မှု၊ အသွားအလာကန့်သတ်မှု ပြုလုပ်ထားသည့်ဒေသများ၌ နေထိုင်ကြသူများသည် အများပြည်သူသယ်ယူ ပို့ဆောင်ရေးစနစ်များကို အသုံးပြုခွင့်မရတော့ခြင်း၊ စျေးဆိုင်ငယ်များသို့ စျေးဝယ်ထွက်ခွင့်မရခြင်း၊ ၎င်းတို့၏ကုန်ပစ္စည်းများကို ရောင်းချခြင်း သို့မဟုတ် မျိုးစေ့နှင့် ဓာတ်မြေသြဇာ စသော စိုက်ပျိုးရေးအတွက် လိုအပ်သည့်အရာများ ဝယ်ယူခွင့်မရခြင်းတို့နှင့် ကြုံတွေ့နေရကြောင်း၊ အဓိကကျသော အဝေးပြေးလမ်းမကြီးများကို ပိတ်ထားခြင်းနှင့် ကုန်တင်ပို့မှုများကို ပိတ်ပင်တားမြစ်ခြင်းသည် စားနပ်ရိက္ခာ ထောက်ပံ့ရေးစနစ်များကို ပျက်စီးစေနိုင်ကြောင်း ဂေလ်ဘတ်က အင်တာဗျူးတစ်ခုအတွင်း ပြောကြားခဲ့သည်။

“ကိုင်တွယ်ဖြေရှင်းရမယ့် အဓိကပြဿနာရပ်တစ်ခုကတော့ ထောက်ပံ့ဖြည့်ဆည်း ကွင်းဆက်တွေ ပြတ်တောက်မှုပဲ ဖြစ်ပါတယ်။ စားနပ်ရိက္ခာအကျပ်အတည်းကနေ ဖြစ်ပွားလာမယ့် ကျန်းမာရေးပြဿနာကို ကာကွယ်ဖို့ ကျွန်တော်တို့တွေ အခုချက်ချင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဆင်းရဲမွဲတေသော ကျေးလက်ဒေသများတွင် နေထိုင်ကြသူများအား ကူညီထောက်ပံ့သောလုပ်ငန်းကို အဓိကထားဆောင်ရွက်သည့် IFAD အဖွဲ့သည် အတိုးနှုန်းနည်းပါးသော ချေးငွေများ ထုတ်ချေးခြင်း၊ ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံမှု ရှိစေရန်၊ အလုပ်အကိုင်ရရှိစေရန် ကြိုးပမ်း ဆောင်ရွက်ပေးနေသောအဖွဲ့ ဖြစ်သည်။

စားနပ်ရိက္ခာထုတ်လုပ်မှုနှင့် စျေးကွက် အခွင့်အလမ်းအပေါ် ကပ်ရောဂါ၏သက်ရောက်မှုကို လျော့ပါးသက်သာစေရန်ရည်ရွယ်၍ COVID-19 ကူးစက်မှုဒဏ်ကို ခံစားနေရသော ကျေးလက်ဒေသရှိ ဆင်းရဲသားများအား ထောက်ပံ့ကူညီမှုအစီအစဉ်တွင် ရန်ပုံငွေဒေါ်လာသန်း ၄၀ ထည့်ဝင်မည်ဟု ဧပြီ ၂၀ ရက်တွင် IFAD က ထုတ်ပြန်ခဲ့သည်။ ရန်ပုံငွေဒေါ်လာသန်း ၂၀၀ ကျော်ရရှိစေရန် IFAD သည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ ပရဟိတအဖွဲ့နှင့် ပုဂ္ဂလိကအဖွဲ့များထံမှ ငွေတောင်းခံထားသည်။

ကျေးလက်ဆန်သော အာဖရိကတွင် စားနပ်ရိက္ခာဖူလုံမှု သေချာအောင် ကြိုးပမ်းဆောင်ရွက်ရန်အချိန်မှာ နည်းပါးနေပြီး ပျိုးကြဲရာသီအတွက် ပြင်ဆင်နေကြသည့် လယ်သမားများအဖို့ ဓာတ်မြေသြဇာရရှိရန် အခက်အခဲကြုံတွေ့ရခြင်းကဲ့သို့ အခြေခံထောက်ပံ့ပို့ဆောင်ရေး ပြဿနာမျိုးလာမည့် သီတင်းပတ်များအတွင်း ဖြစ်ပွားလာနိုင်ကြောင်း တိုဂိုနိုင်ငံဝန်ကြီးချုပ်ဟောင်း ဂေလ်ဘတ်က ဆိုသည်။

နောက်ထပ်စိန်ခေါ်မှုတစ်ရပ်မှာ လူဦးရေ ၈၀ ရာခိုင်နှုန်းခန့် ဆင်းရဲနွမ်းပါးနေသည့် ကျေးလက်ဒေသများ၌ ရာသီထွက်ကုန်အများအပြားကို မည်ကဲ့သို့ စီမံဆောင်ရွက်မည်နည်းဆိုသည့် အချက်ဖြစ်သည်။

သယ်ယူပို့ဆောင်ရေး ဖြတ်တောက်ထားခြင်းကြောင့် ပျက်စီးဆုံးရှုံးရတော့မည့် အခြေအနေဆိုက်နေသော ရာသီထွက်ကုန်များ ရောင်းထွက်သွားနိုင်ရန်အတွက် မိမိတို့အနေဖြင့် ဒေသတွင်းစျေးကွက်များကို ကူညီရှာဖွေပေးနေပြီး စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို အစိုးရအဖွဲ့များ ပိုမိုတိုးမြှင့်ဝယ်ယူနိုင်ရန်လည်း ကူညီပေးနေကြောင်း၊ သို့မှသာ လိုအပ်သူများထံ ထိုကုန်များကို ဖြန့်ဝေးပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ဂေလ်ဘတ်က ပြောကြားခဲ့သည်။

 


READ NEXT
Cancel OK