ကိုရိုနာကပ်ရောဂါ ဖြစ်ပွားသော အစောပိုင်းကာလများတွင် စင်ကာပူသည် လူသေဆုံးစေသော ထိုရောဂါအား ထိန်းချုပ်နိုင်မှုနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာစံကို ဆောင်ယူသည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။ ယခုအချိန်တွင်မူ စင်ကာပူသည် အရှေ့တောင်အာရှတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံး ဖြစ်ပွားသောနိုင်ငံဖြစ်နေပြီး ထိန်းချုပ်နိုင်ရန် အပြင်းအထန် ကြိုးပမ်းနေရသည်။
ယင်းကဲ့သို့ အလှည့်အပြောင်းဖြစ်ခဲ့ရမှု၏ နောက်ကွယ်မှ အကြောင်းပြချက်တစ်ခုအဖြစ် ပြီးခဲ့သောဖေဖော်ဝါရီက ခြောက်ရက်ကို နောက်ကြောင်းပြန်ရနိုင်ခြေရှိသည်။ ယင်းအချိန်က ယခုကဲ့သို့ရွှေ့ပြောင်း အလုပ်သမားများအကြား ကူးစက်ပျံ့နှံ့မှု အလွန်အမင်း မြင့်တက်မှုဖြစ်လာမည့် ပထမဆုံးအရိပ်အယောင်များ ထွက်ပေါ်ခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများအား ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သော အတွေ့အကြုံရှိသော နိုင်ငံများသည်ပင် ယတိပြတ်ပြော၍ မရသော ထိုရောဂါက အထူးသဖြင့် နောက်ခံအားနည်းသူများ၏ အသိုက်အဝန်းများတွင် ဖြစ်ပွားချိန်၌ အခက်ကြုံနိုင်ကြောင်း သတိပေးစရာဖြစ်ခဲ့သည်။
စင်ကာပူတွင် ဖေဖော်ဝါရီ အစောပိုင်းကာလ၌ စာသင်ကျောင်းများအား ပိတ်ရခြင်းကဲ့သို့ အဟန့်အတားဖြစ်စရာ အရေးယူဆောင်ရွက်မှုများ မလုပ်ရဘဲ ကူးစက်ပျံ့နှံ့မှု နိမ့်ပါးသည့်အခြေအနေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ခဲ့သည်။ ဗိုင်းရပ်စ်တိုက်ဖျက်မှုအား တည်တည်ငြိမ်ငြိမ်နှင့် စနစ်တကျတွက်ချက်၍ ချဉ်းကပ်သည့်ပုံစံကြောင့် စင်ကာပူသည် ကမ္ဘာတစ်ဝန်းတွင် ချီးကျူးမှု ရရှိခဲ့သည်။
ယင်းနှင့် တစ်ချိန်တည်းမှာပင် စင်ကာပူတွင် တစ်သန်းနီးပါးရှိ ပြည်ပအလုပ်ကြမ်းသမားများထဲမှ တစ်ဦးဖြစ်သော အသက် ၃၉ နှစ်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွင် ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါလက္ခဏာများ ပြသခဲ့သည်။ နေထိုင်မကောင်းဖြစ်ခဲ့ပြီးနောက် ထိုအလုပ်သမားသည် ဆေးခန်းနှင့် ဆေးရုံတို့သို့ သွားရောက်ပြသခဲ့သော်လည်း နေအိမ်သို့သာ ပြန်လွှတ်ခံရသည်။
ထိုအလုပ်သမားနေထိုင်သော နေရာမှာ တစ်ခန်းလျှင် လူ ၁၀ ဦးမျှ အတူနေရပြီး သန့်စင်ခန်းနှင့် မီးဖိုခန်းအား မျှဝေသုံးစွဲရသည့် အဆောင်ဖြစ်နေသည်။ ထိုအလုပ်သမားသည် ရွှေ့ပြောင်း အလုပ်ကြမ်းသမားများနှင့် ဒေသခံများအကြား လူသိများသောအ ချိန် ပြည့်ဖွင့်လှစ်သည့် စျေးဝယ်စင်တာမူ စတာဖာစင်တာသို့လည်း သွားရောက်ခဲ့သည်။ ယင်းသည် ထိုအလုပ်သမားက ဆေးရုံတက်ခဲ့ရပြီး နောက်တစ်နေ့တွင် COVID-19 ရောဂါကူးစက်ခံရကြောင်း သိခဲ့ရသည့် ဖေဖော်ဝါရီ ၇ မတိုင်မီ အခြေအနေများဖြစ်သည်။
ထိုအလုပ်သမားသည် စင်ကာပူတွင် COVID-19 ကူးစက်မှု Case-42 ဖြစ်ပြီး စင်ကာပူရှိ အိပ်ဆောင်များတွင် နေထိုင်ကြသော ဝင်ငွေနိမ့် ရွှေ့ပြောင်းအလုပ်ကြမ်းသမားများအကြား ပထမဆုံးကူးစက်မှု ဖြစ်ဖွယ်ရှိသည်။ ထိုပြည်ပအလုပ်ကြမ်းသမားများအကြား ဗိုင်းရပ်စ်ကူးစက်မှုနှုန်းသည် စင်ကာပူတွင် လတ်တလောကူးစက်မှု အားလုံး၏ ရာခိုင်နှုန်း ၇၀ ကျော် ရှိနေသည်။
ထို့ပြင် စင်ကာပူတွင် ဧပြီ ၂၀ နှင့် ၂၁ တို့၌ နေ့စဉ်ကူးစက်ခံရသူသစ် အရေအတွက်သည် နှစ်ရက်ဆက် ၁၀၀၀ ကျော်ခဲ့မှုနှင့်အတူ နေ့စဉ်ကူးစက်မှုနှုန်းလည်း စံချိန်တင်ခဲ့သည်။ စင်ကာပူတွင် မတ်နှောင်းပိုင်းအထိ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူမရှိခဲ့သော်လည်း ယခုအခါ သေဆုံးသူ ၁၁ ဦး ရှိနေပြီ ဖြစ်သည်။ ထို့ပြင် အားလျော့သော လူမှုဆိုင်ရာတင်းကျပ်မှု မဟာဗျူဟာနေရာတွင် တစ်စိတ်တစ်ပိုင်း Lockdown ဖြင့်အစားထိုး၍ တင်းကျပ်ခဲ့ကာ ဇွန် ၁ အထိ သက်တမ်းတိုးခဲ့သည်။
အခွင့်အလမ်းများ ဆုံးရှုံးမှု
မမျှော်လင့်ထားသော ကူးစက်မြန်ဗိုင်းရပ်စ်ကြောင့် အစိုးရအများအပြားအား အကျပ်ရိုက်စေခဲ့ပြီး လူနာများကို ချက်ချင်းစမ်းသပ်စစ်ဆေး၍ ရောဂါခြေချုပ်ဖြင့်ထားရမည့်အစား နေအိမ်များသို့သာ ပြန်လွှတ်ခဲ့ခြင်းကြောင့် ဗိုင်းရပ်စ်အား စောစီးစွာ ထိန်းချုပ်နိုင်မည့် အခွင့်အရေးများ ဆုံးရှုံးခဲ့ရသည်။
တောင်ကိုရီးယားကဲ့သို့ အာရှ၏ အခြားနိုင်ငံများနှင့် မတူသည်မှာ စင်ကာပူသည် ၂၀၀၃ ခုနှစ်က Severe Acute Respiratory Syndrome (SARS) ရောဂါအား ကြုံတွေ့ရစဉ်အတွင်း ပြင်ဆင်ခဲ့သော တုံ့ပြန်ရေးအစီအစဉ်ကို ပြန်လည်ပြင်ဆင်ရန် နှေးကွေးခဲ့ကြောင်း ကျန်းမာရေးကျွမ်းကျင်သူအချို့က ထောက်ပြခဲ့ကြသည်။ စင်ကာပူသည် ထိတွေ့မှုရှိခဲ့သူများအား ခြေရာခံခြင်းကဲ့သို့ လူသိများသော အများပြည်သူ ကျန်းမာရေးဆိုင်ရာ ချဉ်းကပ်နည်းအရ ရောဂါကူးစက်ခံရသူနှင့် ထိတွေ့ခဲ့သူများအား ခြေရာခံမှုကိုသာ အဓိက အာရုံစိုက်ခဲ့သည်။
အလွန်အမင်း ကူးစက်လွယ်ပြီး ဖြစ်စဉ်အချို့တွင် ရောဂါလက္ခဏာများ မပြသလောက်နီးပါး သို့မဟုတ် မပြင်းထန်သော လက္ခဏာများသာ ပြသသော COVID-19 သည် SARS ရောဂါကဲ့သို့ မည်သို့မျှမတူကြောင်း ထွက်ပေါ်လာသည်ဟု စင်ကာပူအမျိုးသား တက္ကသိုလ်၏ Saw Swee Hock School of Public Health မှ တွဲဖက်ပါမောက္ခ Jeremy Lin က ပြောကြားခဲ့သည်။
ပုံမှန်နည်းစနစ်များအား စွန့်လွှတ်ပြီး နည်းလမ်းသစ်များ ရေးဆွဲရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ စင်ကာပူအပါအဝင် နိုင်ငံများ၏အခက်အခဲမှာ ထိုနည်းလမ်းဟောင်းများအား ဖျက်သိမ်းပါက အသစ်ပြန်လည်ရေးဆွဲရန် လိုအပ်ကြောင်း၊ ယင်းသည် လေယာဉ်ပျံသန်းနေစဉ်အတွင်း အင်ဂျင်ကို ပြင်ရခြင်းကဲ့သို့ ဖြစ်နေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
စင်ကာပူ၏ လူနာ အမှတ် ၄၂ ဖြစ်စဉ်သည် ယခုအခါ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၀၀၀ ကျော် ရှိပြီဖြစ်သော တောင်ကိုရီးယားတွင် အလှည့်အပြောင်းဖြစ်စေခဲ့သည့် လူနာတစ်ဦး၏ဖြစ်စဉ်နှင့် ဆင်တူနေခဲ့သည်။
ကိုရီးယားဗဟိုပြုမှု
တောင်ကိုရီးယား၏ ထိုလူနာက ရောဂါလက္ခဏာများပြသ၍ ဆေးရုံသို့သွားသည့် အချိန်နှင့် နောက်ဆုံးတွင် ရောဂါခြေချုပ်ဖြင့် ထားသည့်အချိန်အကြား ၁၀ ရက် ကွာဟခဲ့သည်။ ဘာသာရေးဂိုဏ်းတစ်ခု၏ အဖွဲ့ဝင်ဖြစ်သူ ယင်းအမျိုးသမီးသည် ထို ၁၀ ရက်အတွင်း တစ်ကြိမ်လျှင် နှစ်နာရီကြာ ဝတ်ပြုရသော၊ ကြမ်းပြင်ပေါ်တွင် အတူထိုင်၍ တံတောင်ချင်း ထိလျက် ဝတ်ပြုရသော အခမ်းအနားများကို တက်ရောက်ခဲ့သည်။
ယင်းအချိန်အထိ တောင်ကိုရီးယားသည် စင်ကာပူကဲ့သို့ပင် လူနာများနှင့် ထိတွေ့ခဲ့သူများကိုသာ ခြေရာခံမှုမှတစ်ဆင့်သာ စစ်ဆေးနေခဲ့သည်။ သို့သော် ဝတ်ပြုသူ ၂၀၀၀၀၀ ကျော်ရှိသော ထိုအစုအဝေးအတွင်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု တစ်ရှိန်ထိုး မြင့်တက်မှုနှင့် ကြုံခဲ့ရပြီးနောက် တောင်ကိုရီးယားတာဝန်ရှိသူများသည် community testing ဟုခေါ်သော မဟာဗျူဟာကို အလျင်အမြန် ဗဟိုပြုခဲ့သည်။ ထိုဘာသာရေး ဂိုဏ်းခေါင်းဆောင်များအား အဖွဲ့ဝင်များ၏စာရင်းများ ထုတ်ပေးရန် ညွှန်ကြားခဲ့ပြီး ထိုအဖွဲ့ဝင်များတွင် ရောဂါလက္ခဏာများ ပြသသည်ဖြစ်စေ သို့မဟုတ် ကူးစက်လူနာများနှင့် ထိတွေ့ခဲ့သူဖြစ်စေ အားလုံးကို စမ်းသပ်စစ်ဆေးခဲ့သည်။
Community testing ကို အလျင်အမြန် လုပ်ဆောင်ခဲ့ခြင်းကြောင့် တောင်ကိုရီးယားတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်သည် အလျင်အမြန် တစ်ရှိန်ထိုး မြင့်တက်ခဲ့သော်လည်း မြန်ဆန်စွာပင် ကျဆင်းခဲ့သည်။ တောင်ကိုရီးယားသည် မတ် အစောပိုင်းမတိုင်မီ ကူးစက်မှုသစ် အရေအတွက် တိုးလာမှုအား နှေးကွေးစေရန် စီမံနိုင်ခဲ့ပြီး Lockdown ကိုလည်း မလုပ်ခဲ့ရပေ။
ဗိုင်းရပ်စ်စစ်ဆေးမှုကို ကြီးကြီးမားမား ဆောင်ရွက်ခြင်းက တောင်ကိုရီးယား၏ သေဆုံးမှုနှုန်းကို နည်းစေခဲ့ဖွယ်ရှိသည်။
ကူးစက်ခံရပါက သိသာပြီး ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်သည့် SARS ရောဂါနှင့် အလွန်အမင်း ကွဲပြားနေခဲ့ဖွယ်ရှိသော COVID-19 အား နှိမ်နင်းနိုင်ရန် ဟောင်ကောင်သည်လည်း Community testing အပါအဝင် လူနာနှင့် ထိတွေ့သူများကို ခြေရာခံမှု နည်းလမ်းတစ်ခုတည်းမဟုတ်ဘဲ အခြားနည်းများကိုပါ အသုံးပြုခဲ့သည်။
စင်ကာပူတွင် အလုပ်ကြမ်းသမားများ နေထိုင်ရသောအခြေအနေသည် ကူးစက် ရောဂါများ ပျံ့နှံ့ရန် အားပေးနေပြီး အလုပ်သမား အခွင့်အရေးလှုံ့ဆော်သည့်အဖွဲ့များက တောင်းဆိုနေကြသော်လည်း စင်ကာပူသည် လူနာအမှတ် ၄၂ ထွက်ပေါ်လာခဲ့ပြီးနောက် ပြည်ပအလုပ်ကြမ်းသမားများအား ဧရာမ စမ်းသပ်စစ်ဆေးမှုများကို ချက်ချင်း လုပ်ဆောင်ခဲ့ပုံမရပေ။ ထိုကူးစက်ခံရသော အလုပ်သမားနှင့် ထိတွေ့ခဲ့သူ ၁၉ ဦးကို စမ်းသပ်စစ်ဆေးခဲ့ပြီး ရောဂါခြေချုပ်ဖြင့် ထားခဲ့သည်။ ထို့ပြင် အမြဲတမ်း ပြည့်ကျပ်နေသော ထိုအိပ်ဆောင်များအား စီမံလုပ်ကိုင်နေသော ကုမ္ပဏီများအနေဖြင့် သန့်ရှင်းရေးကို ပိုမိုလုပ်ဆောင်ရန်နှင့် ကိုယ်အပူချိန်တိုင်းမှုများ ဆောင်ရွက်ကြရန် ညွှန်ကြားခဲ့သည်။
လူနာအမှတ် ၄၂ ကို တွေ့ရှိခဲ့ပြီးနောက် သီတင်းပတ်များအတွင်း ပြည်ပအလုပ်သမား မည်မျှကို စစ်ဆေးခဲ့သနည်းဟူသော မေးခွန်းအား စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက မဖြေကြားခဲ့ပေ။ နေ့စဉ်နီးပါး အလုပ်သမား ရာနှင့်ချီ ကူးစက်ခံရမှု ဖြစ်ပွားနေသည့်ကာလတွင် ဧပြီ ၁၄ ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများ၏ ညွှန်ကြားရေးမှူး Kenneth Mak က အလုပ်သမား ၁၅၀၀ ခန့်အား စစ်ဆေးခဲ့ပြီးဖြစ်ပြီး နောက်ထပ် ၅၀၀၀ ကို စစ်ဆေးမည်ဟု ပြောကြားခဲ့သည်။
စင်ကာပူတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၌ လုပ်ကိုင်နေသူအများအပြား ပါဝင်သော အလုပ်ကြမ်းသမား ၂၀၀၀၀၀ ကျော်သည် အိပ်ဆောင်များတွင် နေထိုင်နေကြခြင်းဖြစ်သည်။ စင်ကာပူသည် စမ်းသပ်မှုများ အလဟဿဖြစ်မှုမှ ရှောင်လွှဲရန် ရောဂါလက္ခဏာ ပြသူများကိုသာ အာရုံစိုက်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးမှု လုပ်ဆောင်ရန် တွန့်ဆုတ်ခဲ့သည်။ ရောဂါလက္ခဏာများ ပြသခြင်း ရှိရှိ မရှိရှိ အားလုံးပါဝင်သော Community testing က အလွန်အမင်း အလုပ်ပိုလာနိုင်သော်လည်း ရလဒ်မှာမူ နည်းပါးမည်ဖြစ်ကြောင်း Mak က မတ် ၁၀ တွင် ပြောကြားခဲ့သည်။
အမြဲတမ်း အမေ့လျော့ခံအုပ်စု
လစာနိမ့် ပြည်ပအလုပ်သမားများသည် စင်ကာပူလူဦးရေ စုစုပေါင်း၏ ငါးပုံ တစ်ပုံရှိသော်လည်း ၎င်းတို့၏အများစုသည် ဒေသခံ အသိုက်အဝန်းနှင့် သီးခြားခွဲနေကြသည်။ တစ်ဆို့နေသော သန့်စင်ခန်းများနှင့် လျှံထွက်နေသော အမှိုက်မြောင်းများရှိသည့် ထိုအိပ်ဆောင်များသည် Crazy Rich Asians ကဲ့သို့ ဟောလိဝုဒ်တွင် အောင်မြင်ခဲ့သောဇာတ်ကား၌ ပြသခဲ့သော မိုးမျှော်တိုက် အဆောက်အအုံများနှင့် အလွန်အမင်း ဝေးကွာနေသည်။
တစ်နေ့လုပ်ခ ၁၈ ဒေါ်လာအထိ ရရှိသော စင်ကာပူ၏ ထိုအလုပ်ကြမ်းသမားများသည် ကူးစက်ရောဂါဒဏ်ကို ကြုံရမှုက ယခုအချိန်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။ ၂၀၀၈ ခုနှစ်တွင်လည်း ခြင်များကြောင့် ဖြစ်ပွားသော Chikungunya ရောဂါဖြစ်ပွားမှုတွင် အလုပ်သမားအချို့ ကူးစက်ခံခဲ့ရသည်။ ထိုအလုပ်သမားများ၏ အိပ်ဆောင်များတွင် လေဝင် လေထွက်စနစ်နှင့် ပိုးမွှားဖမ်းစက်များ မရှိကြပေ။ ထိုနှစ်တွင်ပင် အလုပ်သမား တစ်ဦး ရေကျောက်ရောဂါဖြင့် သေဆုံးခဲ့ရပြီး အခြား ၁၀ ဦးထံသို့လည်း ကူးစက်ခဲ့ရာ ထိုအိပ်ဆောင်၏ ညွှန်ကြားရေးမှူးသည် ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။
စင်ကာပူတွင် Keppel Corp ကဲ့သို့ ပုဂ္ဂလိက ကုမ္ပဏီများနှင့် Centurion Corp ကဲ့သို့ ကုမ္ပဏီများ၏ အလုပ်သမားအိပ်ဆောင် ဒါဇင်နှင်ချီ ရှိနေသည်။
စင်ကာပူတွင် Circuit Breaker ဟု ခေါ်သော တစ်စိတ်တစ်ပိုင်း Lockdown လုပ်မှုသည် ယခုအခါ သုံးပတ်မြောက် ရှိလာပြီဖြစ်သည်။
လူမှုဆိုင်ရာ စုဝေးမှုများအား ပိတ်ပင်ထားပြီး မရှိမဖြစ် အရေးပါသောလုပ်ငန်းများကိုသာ လည်ပတ်ခွင့်ပြုထားသည်။ ကျောင်းများကိုလည်း ပိတ်လိုက်ပြီဖြစ်သည်။
ထိုအကောင်အထည်ဖော်မှုများသည် ပုံမှန်အားဖြင့် ထိရောက်စွာ လည်ပတ်နေပြီး နိုင်ငံသားများကလည်း ဥပဒေနှင့်အညီ လိုက်နာသည်ဟု ထင်ရှားသောနိုင်ငံအတွက် ပုံမှန် မဟုတ်သော တိုးတိုက်မှုဖြစ်ခဲ့သည်။
လူမှုဆိုင်ရာ ကန့်သတ်မှုများအား ချိုးဖောက်သူများသည် ငွေဒဏ်အပါအဝင် ပြစ်ဒဏ်များ ကျခံရမည်ဖြစ်သည်။
လမ်းညွှန်ချက်များသည် အများအပြား ပြောင်းလဲနေခဲ့ပြီး တစ်နေ့တည်းတွင် အပြောင်းအလဲများစွာ ပြုလုပ်နေသည့်အတွက် အာဏာရပါတီမှ အမတ်ဟောင်းတစ်ဦးဖြစ်သူ အင်ဒါဂျစ်ဆင်းက ဝေဖန်ခဲ့သည်။
သို့သော် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီး လောရင့်ဝေါင်က စင်ကာပူသည် အခြေအနေကိုလိုက်၍ တုံ့ပြန်ဆောင်ရွက်မှုများအား အတိုးအလျှော့ပြုလုပ်ခဲ့ကြောင်း ဧပြီ ၁၄ တွင် ပြောကြားခဲ့သည်။
စင်ကာပူက ယခုအခါ ပြည်ပလုပ်သားထုအား စမ်းသပ်စစ်ဆေးမှုကို ပြင်းပြင်းထန်ထန်လုပ်နေပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့ပြင် မရှိမဖြစ် အရေးပါသောလုပ်ငန်းများမှ ကျန်းမာသောလုပ်သားများအား နေရာလွတ်နေသော စစ်စခန်းများ၊ အစိုးရအိမ်ရာများနှင့် ရေကြောင်းလုပ်ငန်းအတွက် ပုံမှန်အားဖြင့် အသုံးပြုသည့် ပင်လယ်နှင့်အဝေးတွင် တည်ဆောက်ထားသော ယာယီတည်းခိုနေရာများသို့ ရွှေ့ပြောင်းပေးခဲ့သည်။
ဧပြီ ၂၁ တွင် နေ့စဉ် ကူးစက်သူသစ် ၁၀၀၀ ကျော်သည့် နှစ်ရက်မြောက်၌ ဝန်ကြီးချုပ် လီရှန်လွန်းက ရွှေ့ပြောင်းလုပ်သားများတွင် ဗိုင်းရပ်စ်ကူးစက်မှုများ၏အများစုသည် မပြင်းထန်သောလက္ခဏာများ ပြသခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ကျန်းမာရေး၊ လူမှုဖူလုံရေးနှင့် သက်မွေးမှုတို့ကို အစိုးရက စောင့်ရှောက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ လူနာအမှတ် ၄၂ သည် အသက်ရှူထောက်ကူစက်ဖြင့် ကုသခဲ့ရပြီး အရေးပေါ် ကြပ်မတ်ကုသဆောင်တွင် နှစ်လကြာခဲ့ပြီးနောက် ယခုအခါ အခြေအနေတည်ငြိမ်နေပြီ ဖြစ်သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား