Top News

ထိုင်းအစိုးရက နိုင်ငံတစ်ဝန်းချမှတ်ထားသော Lockdown စီမံချက်အချို့အား မေ ၃ မှစတင်၍ ဖြေလျှော့ပေးရန် ကြိုတင်ပြင်ဆင်နေ
24htopnews | October 29, 2024 5:12 PM CST

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယလှိုင်းအား ကြိုတင်ကာကွယ်နိုင်ရန် လမ်းညွှန်ချက်များနှင့်အတူ စားသောက်ဆိုင်များ၊ ကဖေးဆိုင်များနှင့် စျေးများအား ပြန်လည်ဖွင့်လှစ်ခွင့်ပြုမှုအပါအဝင် နိုင်ငံတစ်ဝန်း ချမှတ်ထားသော Lockdwon စီမံချက်အချို့အား မေ ၃ မှစတင်၍ ဖြေလျှော့ပေးရန် ထိုင်းအစိုးရက ပြင်ဆင်နေသည်။

ထိုတစ်စိတ်တစ်ပိုင်း ဖြေလျှော့ပေးမှုတွင် လှုပ်ရှားဆောင်ရွက်မှုနှင့် စီးပွားရေးလုပ်ငန်းခြောက်မျိုးသည် အကျိုးခံစားရမည်ဟု ထိုင်းနိုင်ငံ၏ COVID- 19 အခြေအနေ စီမံအုပ်ချုပ်ရေးအဖွဲ့ CCSA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ Thaweesilp Wisanuyothin က ဧပြီ ၃၀ တွင် သတင်းစာရှင်းလင်း ပွဲ၌ ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်း ဧရိယာအားလုံးအတွက် လမ်းညွှန်ချက်များအား CCSA က စံသတ်မှတ်မည်ဖြစ်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးများ အနေဖြင့် ထိုစည်းမျဉ်းများအား ၎င်းတို့ဒေသများနှင့် ကိုက်ညီမှု ရှိ၊ မရှိကို ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် တည်ငြိမ်နေဆဲဖြစ်ပြီး ဖြေလျှော့မှုတွင် ပါဝင်ခွင့်ရမည့် လုပ်ငန်းများကလည်း စီမံခန့်ခွဲနိုင်ပြီး ပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် ဖြေလျှော့မည့်အစီအစဉ်တွင် ထပ်တိုး ထည့်သွင်းနိုင်မည်ဖြစ်ကြောင်း ဒေါက်တာ Thaweesilp က ပြောကြားခဲ့သည်။ သို့သော် ၁၄ ရက် စောင့်ကြည့်ကာလအတွင်း ကူးစက်သူသစ်အရေအတွက် မြင့်တက်လာလျှင် ဖြေလျှော့မှုကို အစိုးရက ပြန်လည်ပြောင်းလဲရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်း ည ၁၀ နာရီနှင့် နံနက် ၄ နာရီအကြား ကာဖျူးထုတ်ထားမှုကိုမူ အရေးပေါ်အခြေအနေ ထုတ်ပြန်မှု သက်တမ်းကုန်သည့် မေ ၃၁ အထိ ဆက်လက်ထားရှိမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းတွင် ဧပြီ ၃၀ ၌ ကူးစက်သူသစ် ခုနစ်ဦး ရှိသောကြောင့် နိုင်ငံတစ်ဝန်း ကူးစက်သူစုစုပေါင်း ၂၉၅၄ ဦး ရှိလာခဲ့သည်။ ယင်းတို့အနက် ၂၆၈၇ ဦးသည် ဆေးရုံမှပြန် ဆင်းသွားပြီဖြစ်သည်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူမှာ ၅၄ ဦးသာ ရှိသည်။

ဧပြီ ၃၀ တွင် ဘန်ကောက်မြို့တော် စီမံ ခန့်ခွဲရေးအဖွဲ့ (BMA) ကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရန်အတွက် ယာယီပိတ်ထားခဲ့ရသော ဆိုင်ခန်းများနှင့် လှုပ်ရှားဆောင်ရွက်မှုများကို မကြာမီ ပြန်လည်စတင်နိုင်ရန်အတွက် အသေးစိတ်လမ်းညွှန်ချက်များကို ထုတ်ပြန်ခဲ့သည်။

ကုန်ပဒေသာစတိုးဆိုင်ကြီးများ၏ အပြင်ဘက်တွင်ရှိသော စားသောက်ဆိုင်များ၊ စျေးဝယ်ကုန်တိုက်များ၊ အစိုးရပန်းခြံများ၊ ပုဂ္ဂလိကပန်းခြံများ၊ ဆံသဆိုင်များ၊ အလှပြင်ဆိုင်များ၊ ဂေါက်ရိုက်ကွင်းများ၊ အားကစားနှင့် သက်ဆိုင်သောနေရာများဖြစ်သည့် တင်းနစ်ကစားကွင်း၊ ကြက်တောင်ရိုက်ကစားကွင်း၊ အပြေးပြိုင်ကွင်းများ အပါအဝင် ဆိုင်ခန်းနေရာအမျိုးအစား ရှစ်မျိုးကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း BMA က ဆိုသည်။ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည့် ဆိုင်ခန်းများထဲတွင် စျေးဆိုင်များ၊ ဆေးခန်းများ၊ တိရစ္ဆာန် ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများလည်း ပါဝင်သည်။

ဘန်ကောက်တွင် ကူးစက်ရောဂါထိန်းချုပ်ရေး စီမံဆောင်ရွက်ချက်များ ဖြေလျှော့ပေးခြင်းမှ အကျိုးခံစားခွင့်ရရှိကြမည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရောဂါကူးစက်ပြန့်ပွားမှုအန္တရာယ်မှ ကာကွယ်ရန် တစ်ကိုယ်ရည်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူးဂရုစိုက်လုပ်ဆောင်ရန်၊ အမျိုးမျိုးသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်လိုအပ်ကြောင်း BMA က ဆိုသည်။

အဓိအားဖြင့် စားသောက်ဆိုင်များတွင် စားသုံးသူဧည့်သည်များ မဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာမှု လုပ်ဆောင်ရန် လိုအပ်ပြီး စားသောက်ဆိုင်တွင်း၌ အရက်သေစာသောက်သုံးခြင်းနှင့် တီးမှုတ်ဖျော်ဖြေပွဲများ ကျင်းပခြင်းကို လုံးဝခွင့်ပြုမည်မဟုတ်ပေ။

ထို့အပြင် စားသောက်ဆိုင်အတွင်းရှိ ထိုင်ခုံများ၊ စားပွဲများကို လူတစ်ဦးထိုင်ပြီးသည့်အချိန်တိုင်း ပိုးသတ်မှုလုပ်ဆောင်ပေး ရမည်ဖြစ်ပြီး အိမ်သာများကိုလည်း နာရီပိုင်းအလိုက် သန့်ရှင်းရေး အမြဲလုပ်ဆောင်ပေးရန် လိုအပ်မည်ဖြစ်သည်။ လေအေးပေးစက် တပ်ဆင်ထားသော စားသောက်ဆိုင်ခန်းများအနေဖြင့် လေဝင်လေထွက်ကောင်းစေရန်နှင့် သန့်ရှင်းစေရန်အတွက် နှစ်နာရီခြားတစ်ခါ တံခါးများနှင့်ပြတင်းပေါက်များကို ဖွင့်ပေးထားရမည်ဖြစ်သည်။

ဆံသဆိုင်များ၊ အမျိုးသမီးအလှပြင်ဆိုင်များတွင် ဆံပင်ညှပ်ခြင်း၊ ခေါင်းလျှော်ခြင်း၊ ဆံပင်ကို လျှပ်စစ်ဖြင့် အခြောက်ခံ ပုံသွင်းခြင်းတို့ကိုသာ လုပ်ဆောင်ခွင့် ပြုထားမည်ဖြစ်သည်။ ဆံသကိရိယာများကို တစ်ခါအသုံးပြုပြီးတိုင်း အသစ်တစ်ခုနှင့် လဲလှယ်အသုံးပြုရမည်ဖြစ်ပြီး ဝန်ဆောင်မှုတစ်ကြိမ် လုပ်ဆောင်လျှင် အချိန်နှစ်နာရီအထိသာ ကြာမြင့်ရမည်ဖြစ်ကာ ဝန်ဆောင်မှုပြီးပါက မိနစ် ၂၀ ထက်မနည်း သန့်ရှင်းရေးလုပ်ဆောင်ပေးရမည်ဖြစ်သည်။

ပန်းခြံများတွင် ကိုယ်လက်လေ့ကျင့်ခန်းများ လုပ်ဆောင်နိုင်သော်လည်း အစုအဖွဲ့ဖြင့် ပြေးခြင်း၊ စက်ဘီးစီးခြင်းတို့ကို ခွင့်မပြုကြောင်း၊ ဘောလုံးကန်ခြင်း၊ ဘက်စ်ကက်ဘောကစားခြင်း၊ အေရိုးဗစ်စုပေါင်းလေ့ကျင့်ခြင်း၊ သိုင်းလေ့ကျင့်ခြင်းတို့သည် ရောဂါပိုးကူးစက်မှုအန္တရာယ်ရှိခြင်းကြောင့် ခွင့်မပြုသေးပေ။                                     

    Ref: CNA

 


READ NEXT
Cancel OK